သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင် တဘက်သတ်ကွာရှင်းမှု တားမြစ်ဥပဒေ အိန္ဒိယပြဌာန်းမည်


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က မူဆလင်အမျိုးသမီးတဦး။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က မူဆလင်အမျိုးသမီးတဦး။

အိန္ဒိယနိုင်ငံမှာ မူဆလင်တွေကျင့်သုံးတဲ့ ခင်ပွန်းက ဇနီးကို ချက်ခြင်းကွာရှင်းပစ်တာကို တရားမဝင်လုပ်ရပ်အဖြစ် သတ်မှတ်တဲ့ ဥပဒေကြမ်းတရပ်ကို အောက်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ ဒီဥပဒေကြမ်း အတည်ဖြစ်လာရင် ပြစ်မှုကျူးလွန်တဲ့ ခင်ပွန်းတွေအနေနဲ့ ထောင်ဒဏ် သုံးနှစ်ထိ ချမှတ်ခံရမှာဖြစ်ပါတယ်။

မူစလင် ခင်ပွန်းသည်တွေက သူတို့ဇနီးတွေကို ချက်ခြင်းကွာရှင်းခွင့်ပြုထားတဲ့ ကျင့်ထုံးဟာ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်အပြီး လပိုင်းအတွင်းမှာပဲ အောက်လွှတ်တော်က အခုဥပဒေကြမ်းကို အတည်ပြုလိုက်တာပါ။

အိန္ဒိယနိုင်ငံက မူဆလင်လူဦးရေ သန်းပေါင်း ၁၇၀ ကျော်ထဲမှာ အများစုဟာ ဆွန်နီမူဆလင်တွေဖြစ်ကြပြီး မိသားစုရေးရာနဲ့ အငြင်းပွားမှုတွေအတွက် Muslim Personal Law လို့ခေါ်တဲ့ မူဆလင် ကိုယ်ရေးဆိုင်ရာဥပဒေအရ လုပ်ဆောင် ဖြေရှင်းကြတာပါ။

အဲဒီဥပဒေထဲမှာ ခင်ပွန်းသည်တွေက ဇနီးတွေကို ကွာရှင်းချင်ရင် talaq ဆိုတဲ့ အာရပ်ဘ်စကားကို သုံးကြိမ်ပြောရုံနဲ့ ချက်ခြင်း ကွာရှင်းခွင့်ပြုထားတာပါ။ အဲဒီစကားလုံးရဲ့ အဓိပ္ပါယ်ကတော့ ကွာရှင်းတယ်လို့ ဆိုပါတယ်။ သုံးကြိမ်ပြောတယ်ဆိုတဲ့ နေရာမှာလဲ ဆက်တိုက်ဖြစ်စရာမလိုဘဲ ဘယ်အချိန်မှာ ဘယ်နည်းလမ်းနဲ့မဆို ပြောလို့ရပါတယ်။ ဖုန်းနဲ့ ပြောတာပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ စာတိုပို့တာပဲ ဖြစ်ဖြစ်၊ လူမှုကွန်ယက်မီဒီယာပေါ်မှာ ရေးတင်တာပဲဖြစ်ဖြစ် ပြောလို့ရပါတယ်။

အခုအတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို ကြာသ ပတေးနေ့က လွှတ်တော်မှာမတင်ခင် ဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီရဲ့အစိုးရက သူတို့နဲ့ ဆွေးနွေးပြောဆိုတာ မရှိခဲ့ဘူးဆိုပြီး အတိုက်အခံ နိုင်ငံရေးပါတီ အများအပြားက ဝေဖန်ကြပါတယ်။ အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကနေ ဥပဒေဖြစ်လာဖို့အတွက် အခုဆိုရင် အထက်လွှတ်တော်က အတည်ပြုရဦးမှာဖြစ်ပါတယ်။

အိန္ဒိယရဲ့အိမ်နီးချင်း ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင် မူဆလင်နိုင်ငံပေါင်း ၂၀ ကျော်မှာ ဒီကျင့်ထုံးကို ပိတ်ပင်တားမြစ်ထားပြီးဖြစ်ပါတယ်။

မူဆလင် တဘက်သတ်ကွာရှင်းမှု တားမြစ်ဥပဒေ အိန္ဒိယပြဌာန်းမည်
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG