အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်က လူမျိုးရေးတင်းမာမှုတွေနဲ့ မငြိမ်မသက်ဖြစ်နေတာထိန်းဖို့ စစ်တပ်က အရံတပ်ဖွဲ့ ၅,၀၀၀ စေလွှတ်မယ့်အကြောင်း အိန္ဒိယစစ်တပ်ကပြောပါတယ်။
ဒီသတင်းပတ်အတွင်း အဓိကရုဏ်းနဲ့ မီးရှို့ဖျက်ဆီးမှုတွေ ထပ်မံပေါ်ပေါက်ခဲ့ပြီး လူ ၁၆ ယောက် သေဆုံးခဲ့ပြီးတဲ့နောက် အိန္ဒိယစစ်တပ်က လုံခြုံရေးတွေ တိုးချထားတာပါ။
မြန်မာနိုင်ငံနဲ့ နယ်ခြား မဏိပူပြည်နယ်ထဲမှာ ကသည်းလူမျိုးတွေနဲ့ တောင်ပေါ်သားတိုင်းရင်းသားတွေ ကြား အဓိကရုဏ်းဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လူမျိုးရေးတင်းမာမှုနဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။ လက်နက်ကိုင်ပုန်ကုန်မှုနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ ၂၅၀ လောက်သေဆုံးပြီး လူပေါင်း ခြောက်သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်က ကူကီး အမျိုးသမီးတယောက်ကိုမီးရှို့သတ်ဖြတ်ခဲ့တယ်ဆိုပြီး ကသည်းစစ်သွေးကြွ တွေကို အပြစ်တင်ရင်း တင်းမာမှုတွေ တကြော့ပြန် ပေါ်ပေါက်ခဲ့တာပါ။ ဒေသခံရဲစခန်းကိုဝင်တိုက်ခဲ့တဲ့ ကူကီးစစ်သွေးကြွအဖွဲ့ဝင် ၁၀ ယောက်သေဆုံးခဲ့ပြီး အရပ်သားတချို့လည်း အသတ်ခံခဲ့ရပါတယ်။ လွှတ်တော်အမတ်တွေနဲ့ဝန်ကြီးတွေရဲ့ နေအိမ်တွေကို မီးရှို့လုယက်မှုနဲ့ လူ နှစ်ဒါဇင်လောက်ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အိန္ဒိယရဲတွေက ဖမ်းဆီးလိုက်ပါတယ်။
မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ သတ်ဖြတ်မှုတွေကို ဆန့်ကျင်ပြီး ညမထွက်ရ ကာဖြူးအမိန့်ကို ဆန့်ကျင်တဲ့ ရာနဲ့ချီတဲ့ လူတွေကလည်း လမ်းပေါ်ထွက်ပြီး နေ့စဥ်ဆန္ဒပြခဲ့ကြပါတယ်။ နောက်ထပ် အိန္ဒိယတပ်ဖွဲ့တွေကို လိုအပ်ရင် ဒီသီတင်းပတ်ကုန် ထပ်စေလွှတ်မယ့်အကြောင်းလည်းThe Business Standard သတင်းစာက ရေးပါတယ်။
Forum