သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လကမ္ဘာတောင်ဝင်ရိုးစွန်း အိန္ဒိယအာကာသယာဉ် အောင်မြင်စွာဆင်းသက်


INDIA-SPACE-SCIENCE-MOON-CELEBRATION
INDIA-SPACE-SCIENCE-MOON-CELEBRATION

အရင်လကလွှတ်တင်ခဲ့တဲ့ အိန္ဒိယအာကာသယာဥ်ဟာ လကမ္ဘာရဲ့ တောင်ဘက်ဝင်ရိုးစွန်းဒေသ မျက်နှာပြင်မှာ ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်။ ဒါဟာ အရင် မစူးစမ်းမလေ့လာရသေးတဲ့ လမျက်နှာပြင်ရဲ့ ခက်ခဲတဲ့ အစိတ်အပိုင်းတခုပေါ် ပထမဆုံး ဆင်းသက်နိုင်ခဲ့တဲ့နိုင်ငံဖြစ်လာပါတယ်။

အမေရိကန်၊ ရုရှားနဲ့တရုတ်နိုင်ငံတွေဟာ လရဲ့အီကွေတာဒေသအနီးကို ဆင်းသက်ခဲ့ဖူးကြပေမယ့် တောင်ဝင်ရိုးစွန်းရဲ့ပိုမိုခက်ခဲကြမ်းတမ်းတဲ့ မြေပြင်ပေါ်ကို အရင်က တခြားဘယ်နိုင်ငံကမှ ဆင်းသက်နိုင်ခြင်းမရှိသေးတာပါ။ တောင်ဝင်ရိုးစွန်းကို ဦးတည်တဲ့ ရုရှားရဲ့ လူနာ-၂၅ အာကာသယာဥ် စနေနေ့က ပျက်ကျပြီးနောက် သင်္သကရိုက် (Sanskrit) စကားနဲ့ “လယာဥ်” လို့ အဓိပ္ပာယ်ရတဲ့ Chandrayaan အမှတ်၃ အာကာသယာဥ်ရဲ့လဆင်းယဥ်ဟာ အောင်အောင် မြင်မြင်နဲ့ လပေါ်ဆင်းသက်နိုင်ခဲ့ကြောင်း အိန္ဒိယကသတင်းထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

Vikram (ဗစ်ခရမ်) လို့ ခေါ်တဲ့ မောင်းသူမဲ့ လဆင်းယာဥ်ဟာ လမျက်နှာပြင်ပေါ်မှာ အဆုံးသတ် ဆင်းသက်နိုင်ချိန်မှာ အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO) ရဲ့ မစ်ရှင်ကွပ်ကဲမှုဗဟိုဌာနမှာ သိပ္ပံပညာရှင်တွေက လက်ခုပ်တီး၊ လက်တွေဝှေ့ယမ်းပြီး အောင်ပွဲခံခဲ့ကြသလို တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေကြတဲ့ ကျောင်းသားကျောင်းသူတွေအပါအဝင် သန်းနဲ့ချီတဲ့ အိန္ဒိယနိုင်ငံသားတွေကလည်း ဝမ်းသာပျော်ရွှင်နေကြပြီး “လကမ္ဘာကိုအောင်နိုင်သူ အိန္ဒိယ” ဆိုပြီး ကြွေးကြော်ကြပါတယ်။

တောင်အာဖရိကနိုင်ငံမှာကျင်းပနေတဲ့ BRICS ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒြာ မိုဒီကလည်း လပေါ် ဆင်းသက်မှုကို ရုပ်သံကနေတိုက်ရိုက်ကြည့်ရှုခဲ့ပြီး အိန္ဒိယအလံကိုဝှေ့ယမ်းပြီး “ထာဝရ တည်တံ့နေမယ့် တန်ဖိုးထား မြတ်နိုးစရာအချိန်ပါပဲ။" လို့ ဆိုပါတယ်။ “အိန္ဒိယ နိုင်ငံသစ်ရဲ့ အရုဏ်ဦး” ပေါ်ထွန်းပြီဖြစ်ကြောင်းလည်း ကြွေးကြော်ခဲ့ပါတယ်။

အခု လဆင်းယာဥ်ကသယ်ဆောင်လာတဲ့ ဟင်ဒီဘာသာနဲ့ Pragyan “ပညာ” လို့ အဓိပ္ပါယ်ရတဲ့ ခြောက်ဘီးတပ် ရိုဘာစက်ရုပ်ယာဉ်ဟာ လာမယ့်နှစ်ပတ်အတွင်းမှာ လမျက်နှာပြင်ပေါ် မှတ်တမ်းတွေရယူမှာ ဖြစ်ပါတယ်။၊ ဒီယာဥ်ကိုတော့ လဆင်းယဥ်ပေါ်ကနေ နောက် နာရီပိုင်းအတွင်း ဒါမှမဟုတ် ကြာသပတေးနေ့မှာ စတင်စေလွှတ်ပြီး စူးစမ်းမှုတွေစတင်မှာ ဖြစ်ပါတယ်၊။

ဒီယာဥ်ဟာ လပေါ်ကကျောက်ဆောင်တွေနဲ့ မီးတောင်ကြားက ရေ၊ သတ္တုဓာတ် တည်ရှိနေမှုကို လေ့လာမှာဖြစ်သလို တောင်ဝင်ရိုးစွန်းရဲ့ မြေမျက်နှာသွင်ပြင်ကို လေ့လာမှာ ဖြစ်ပါတယ်။

အိန္ဒိယဟာ ၂၀၀၈ ခုနှစ်တုန်းက ပထမအကြိမ် လကမ္ဘာစူးစမ်းရေးကြိုးစားခဲ့ပြီး အဲ့တုန်းက ရေရှိကြောင်း အထောက်အထားတွေအတည်ပြုနိုင်ခဲ့ပါတယ်။ ဒုတိယ အကြိမ် ၂၀၁၉ ခုနှစ်မှာတော့ လပေါ်ဆင်းသက်ဖို့ကြိုးစားခဲ့ပြီး မအောင်မမြင် ဖြစ်ခဲ့ပေမယ့် လကိုပတ်တဲ့ ဂြိုဟ်ပတ်ယာဥ်ထားပြီး ကမ္ဘာပေါ်ကို အချက်အလက်တွေ ဆက်လက်ပေးပို့နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG