သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာနယ်စပ်ကြား နိုင်ငံတကာနယ်စပ်ဂိတ် ၂ ခု ဖွင့်လှစ်


အိန္ဒိယ-မြန်မာနယ်စပ်
အိန္ဒိယ-မြန်မာနယ်စပ်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား တမူး-မိုးရေး နဲ့ ရိဒ်ခေါရ်ဒါ-ဇိုခေါသာ နယ်စပ်ဂိတ်တို့ကို အပြည်ပြည်ဆိုင်ရာ ဂိတ်များအဖြစ် ဒီကနေ့ဖွင့်လှစ်လိုက်တာကြောင့်သက်တမ်းရှိ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့် ဗီဇာပါရှိ သူတွေဟာ နှစ်နိုင်ငံအကြား လွတ်လွတ်လပ်လပ်ကူးသန်းသွားလာနိုင်တော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား တွေအတွက် အိန္ဒိယနိုင်ငံဖက်ကို ဆေးကုသဖို့နဲ့ ဗုဒ္ဓဂါယာဘုရားဖူးသွားဖို့တွေကို ကုန်ကျစရိတ် သက်သက် သာသာနဲ့သွားလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံဖက်က စစ်ကိုင်းတိုင်းဒေသကြီးနဲ့ အိန္ဒိယနိုင်ငံဖက်က မဏိပူရပြည်နယ် နယ်စပ်ဒေသက တမူး-မိုးရေး နဲ့ ချင်းပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ် နယ်စပ်က ရိဒ်ခေါရ်ဒါ-ဇိုခေါသာ နယ်စပ်ဂိတ်တို့ကို ဒီကနေ့ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်အဖြစ် စတင်ဖွင့်လှစ်လိုက်ပါတယ်။

ဒီလိုဖွင့်လှစ်လိုက်တာကြောင့် အရင်လို ဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်မလိုဘဲ အလွယ်တကူ ဖြတ်သန်း နိုင်တော့မှာ ဖြစ်ကြောင်း တမူးမြို့ လူဝင်မှုကြီးကြပ်ရေးဌာနစု ဦးစီးအရာရှိ ဦးတင်ဇော်မြင့်က အခုလို ပြောပါ တယ်။

“ အဓိက ပြောမယ်ဆိုရင်တော့ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ် အဖြစ်ဖွင့်လိုက်တဲ့အတွက် ဗီဇာ၊ ပတ်စ်ပို့ သက်တမ်းတွေ ရှိမယ်ဆိုရင် ဝင်လို့လည်း ရပါတယ်။ ထွက်လို့လည်း ရပါတယ်။ ဒီက ဝင်ပြီးတော့ ကျန်တဲ့နယ်စပ်ဂိတ်တွေက မူဆယ်ဘာညာ ကြိုက်တဲ့ ဂိတ်ကနေ ထွက်လို့လည်း ရပါတယ်။ အဲဒီကနေ ဝင်လာပြီး ဒီက ထွက်မယ်ဆိုရင်လည်း ထွက်လို့ ရပါတယ်။ လေဆိပ်ကနေဝင်ပြီး ဒီကနေထွက်မယ်ဆိုလည်း ရပါတယ်။ အရင်တုံးကဆိုရင် ဘယ်လိုအကြောင်းကြောင့်နဲ့လာလာ စာအုပ်ကြီးနဲ့ပဲလာလာ ဘာနဲ့ပဲလာလာ သမ္မတရုံးခွင့်ပြုချက်ရယ်၊ ဟိုတယ်ခရီးခွင့်ပြုချက်ရယ်၊ ကျနော်တို့ဌာနရဲ့ခွင့်ပြုချက်တွေ ပါမှ ထွက်လို့ ဝင်လို့ရတာပေါ့။ အခုကျတော့ မလိုတော့ပါဘူး။ စာအုပ်ကိုင်လာရင် ရပါပြီ။ ဗီဇာပါပြီးသား စာအုပ်ကိုင်လာရင် သူ့သတ်မှတ်ရက်အတိုင်း ကျနော်တို့က ထုပေးလိုက်ပါမယ်။”

ဒီလို ဝင်ထွက်သွားလာရာမှာ မြန်မာ၊ အိန္ဒိယနှစ်နိုင်ငံသားတွေသာမက အခြား ဗီဇာရှိသူ တတိယနိုင်ငံသားတွေပါ သွားလာနိုင်မှာဖြစ်ပါတယ်။

နှစ်နိုင်ငံနယ်စပ်ဒေသက ခရိုင်တွေမှာ နေထိုင်သူတွေအနေနဲ့လည်း တနှစ်သက်တမ်းရှိ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ပြုလုပ်ပြီး တဖက်နိုင်ငံရဲ့ ၁၆ကီလိုမီတာအတွင်းမှာ ၁၃ည နဲ့ ၁၄ရက်ကြာအထိ ဝင်ထွက်ခွင့် ရမှာဖြစ်ပါတယ်။

ဒီလို ဖွင့်လှစ်လိုက်တဲ့အတွက် မြန်မာနိုင်ငံသားတွေဟာ အိန္ဒိယနိုင်ငံကို ကျန်းမာရေးနဲ့ ဘုရားဖူးကိစ္စတွေ အတွက် ကုန်ကျစရိတ်သက်သာစွာ သွားလာနိုင်ဖွယ်ရှိကြောင်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ နေထိုင်နေသူ ဦးသိန်းမြင့်က ပြောပါတယ်။

“ကျန်းမာရေးအတွက်ကတော့ အများကြီးအကျိုးကျေးဇူးတွေ ခုန ဒီဖက်မှာ အသည်းလဲတာတို့၊ ကျောက်ကပ်လဲတာတို့ ဒါမျိုးတွေ ကမ္ဘာပေါ်မှာ ဈေးနှုန်းချိုသာစွာနဲ့ လုပ်နေတယ်ဆိုတဲ့ဟာတွေ ကျန်းမာရေးကိစ္စကတော့ အများကြီးကောင်းလာမယ့် သဘောပေါ့လေ။ ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်တို့ ဘာတို့ ဒါမျိုးတွေလဲ အောက်လမ်းက သွားတဲ့အတွက် ဈေးနှုန်းချိုသာစွာနဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့တော့ သွားလာလို့ အဆင်ပြေမယ်။ လေယာဉ်နဲ့သွားတာထက်စာရင် အများကြီး အကျိုးကျေးဇူးရှိမယ် ဒီဥစ္စာဟာ။”

သွားလာရမှာ အိန္ဒိယနိုင်ငံ မဏိပူပြည်နယ်မှာ လက်နက်ကိုင်လှုပ်ရှားမှုတွေ ရှိနေတာနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေက လမ်းပိတ်ပြီး ဆန္ဒပြတာတွေ ရှိနေတာကြောင့် မြန်မာပြည်သူသားတွေ သွားလာမယ်ဆို သတိထားဖို့ လိုအပ်မှာဖြစ်ကြောင့် ဒေသခံတွေက ပြောပါတယ်။

မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသမှာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးသန်းရောင်းဝယ်မှုတွေ ရှိနေတာကြောင့် အခုလို နယ်စပ်ဖြတ်သန်းခွင့်ပြုလိုက်မယ်ဆို တရားမဝင်လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်နေတာတွေလည်း ရှိပါတယ်။

ချင်းပြည်နယ် ရိဒ်ခေါရ်ဒါးမှာနေထိုင်သူ ဦးဒေါ်လာကတော့ ဒီလုပ်ငန်းတွေဟာ တရားမဝင်လမ်းကြောင်းတွေက သွားလာနေတာကြောင့် သုံးသပ်ဖို့ ခက်ခဲကြောင်း ပြောပါတယ်။

“ အဲဒါ ပြောရခက်တယ်။ အဲဒီဂိတ်ကို မဖြတ်ဘဲနဲ့ ဒီတီအိုချောင်းတို့နယ်စပ်ချောင်းလေးကို ဖြတ်ပြီး သွားတဲ့လူတွေ အများကြီးရှိတယ်။ အဲဒီအခါကျတော့ ဒီဂိတ်ကနေ မသွားဘဲနဲ့ အပြင်လမ်းကြောင်းကနေ သွားတဲ့လူတွေကျ ပြောရခက်တယ်ဗျ။ ”

ဒီကနေ့ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ နယ်စပ် ဝင်၊ထွက်ဂိတ်တွေဖွင့်လှစ်လိုက်တာဟာမေလ(၁၁)ရက်နေ့က မြန်မာနိုင်ငံက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးတို့ နယ်စပ်ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၉၀)အတွင်း ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG