သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ အဆင့်မြင့်အရာရှိတွေရဲ့ အစည်းဝေး


မန္တလေး တံတားဦး လေဆိပ်တွင် ကောင်စစ်ဝန် ဇနီးမောင်နှံ ရောက်ရှိ (photo -မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို)
မန္တလေး တံတားဦး လေဆိပ်တွင် ကောင်စစ်ဝန် ဇနီးမောင်နှံ ရောက်ရှိ (photo -မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို)

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုရလာစေဖို့အတွက် အဆင့်မြင့်အရာရှိကြီးတွေ ဆွေးနွေးပွဲကို အိန္ဒိယနယ်စပ် အင်ဖါမြို့မှာ ဇွန်လ ၁၁ ရက်နေ့ကျရင် ကျင်းပသွားမယ်လို့ အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာမှာဖေါ်ပြပါတယ်။ အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ မကွေး တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ၉ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဇွန်လ ၉ ရက် တနင်္ဂနွေနေ့က မဏိပူပြည်နယ် မိုးရေးမြို့ကိုရောက်လာပြီး အိန္ဒိယအာဏာရ BJP ပါတီ အထွေထွေအတွင်းရေးမှူး Ram Madhav ကိုယ်တိုင် နယ်စပ်တံတားမှာ လာရောက် ကြိုဆိုခဲ့တာပါ။ မြန်မာကိုယ်စားလှယ်တွေရဲ့ လုံခြုံရေးအတွက် နယ်စပ်ဒေသမှာ အိန္ဒိယဘက်က လုံခြုံရေးတိုးမြှင့် ချထားပါတယ်။

မြန်မာကိုယ်စားလှယ်အဖွဲ့ထဲမှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်လည်း ပါဝင်ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးပွဲကို အိန္ဒိယဘက်က အဆင့်မြင့်အရာရှိကြီးတွေ တက်ရောက်ဖို့ရှိပါတယ်။ အိန္ဒိယရဲ့ အရှေ့ဒေသနဲ့ပူးပေါင်းဆောင်ရွက်ရေး ‘Act East’ မူဝါဒအရ အိန္ဒိယဟာ မြန်မာနဲ့ ဖေါ်ရွေတဲ့ဆက်ဆံရေးကို ထားရှိပြီး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို လွန်ခဲ့တဲ့ ၃နှစ်ကျော်ကတည်းက ပေးလာတာ ဖြစ်ပါတယ်။

မြန်မာနယ်နမိတ်ထဲမှာ ခိုအောင်းပြီး အိန္ဒိယနိုင်ငံကို တွန်းလှန်နေတဲ့ သူပုန်စခန်းတွေကို မြန်မာဘက်က သိမ်းပိုက် ဖျက်ဆီးတာမျိုး လုပ်ခဲ့တာပါ။ အိန္ဒိယဘက်က အာသန်ရိုင်ဖယ်တပ်ဖွဲ့ကလည်း မဏိပူတောင်တန်းဒေသမှာ ခြေကုတ်ယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ခြေမှုန်းနေတာကြောင့် ဖြေးဖြေးနဲ့ သူပုန်တွေ အားလျော့သွားနိုင်တယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီး Rajnath Singh ကပြော ပါတယ်။ အိန္ဒိယဘက်ကလည်း အင်ဖါမြို့တဝိုက် လမ်းပန်းဆက်သွယ်ရေး တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ထားပြီး၊ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကုန်သွယ်ရေး လမ်းဆုံဖြစ်တဲ့ မိုးရေးမြို့ကိုလည်း သန့်ရှင်းသပ်ရပ် တိုးတက်အောင်လုပ်သွားမယ်လို့ BJP အထွေထွေအတွင်းရေးမှူး Madhav ကပြောပါတယ်။

မိုရေးနဲ့ အင်ဖါကြားက NH102 အဝေးပြေးလမ်းမကြီးဟာ အခြေနေဆိုးနေသလို၊ အဲဒီဒေသမှာ ခရီးသွားလာခွင့်နဲ့ပတ်သက်လို့ မလိုလားအပ်တဲ့ စာရွက်စာတမ်းတောင်းခံမှု ရှိနေတာကို ဗုဒ္ဓဂါယာ ဘုရားဖူးသွားတဲ့ မြန်မာတွေက မကြာသေးခင်တုန်းက တိုင်းတန်းမှုတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG