သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်နယ်မြေရှင်းလင်းရေး အိန္ဒိယ-မြန်မာ ညှိနှိုင်းဆောင်ရွက်


အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နယ်စပ်ဒေသပူးပေါင်းစစ်ဆင်ရေးဟာ မြန်မာ့တပ်မတော်ရဲ့ မူဝါဒအရ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်တာဖြစ်ကြောင်း တပ်မတော် ပြောခွင့်ရသူက ပြောပါတယ်။ တပ်မတော်က နယ်မြေရှင်းလင်းဆောင်ရွက်ရာမှာNSCN-K ခေါ် နာဂလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးတရားစွဲဆိုတာတွေရှိနေပေမဲ့နာဂဒေသအတွင်းမှာ စစ်ရေးတင်းမာတာတွေ မတွေ့ရဘဲ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းမယ်လို့ မျှော်လင့်ကြောင်း နာဂလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံထုတ်သတင်းစာတွေမှာ မြန်မာနဲ့ အိန္ဒိယတပ်တွေပူးပေါင်းပြီး အိန္ဒိယနိုင်ငံက မဏိပူ(ကသည်း) အာသံနဲ့ နာဂလက်နက်ကိုင်တွေကို ရှင်းလင်းတဲ့ Operation Sunrise ဒုတိယအဆင့်ကို ဆောင်ရွက်နေကြောင်းနဲ့ ဒီစစ်ဆင်ရေးပထမအဆင့်မှာ AA ခေါ် ရခိုင်လက်နက်ကိုင်အဖွဲ့တွေ ပစ်မှတ်ထားဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းအရင်းအမြစ်ကို ကိုးကားပြီး ဖော်ပြခဲ့ကြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ဒေသ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီးတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှုး ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက သူတို့ရဲ့ ရပ်တည်ချက်ကို အခုလို ပြောပါတယ်။

“အဲဒီမှာ ဆောင်ရွက်တာကတော့ မြန်မာ့တပ်မတော်အနေနဲ့ပဲ ဆောင်ရွက်တာဖြစ်ပါတယ်။ နောက် အိန္ဒိယနဲ့ ကျနော်တို့ကတော့ အိန္ဒိယတင်မကပါဘူး။ ကျန်တဲ့ နိုင်ငံတွေ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ကတော့ ဒေသဆိုင်ရာလုံခြုံရေးဆွေးနွေးပွဲတွေ၊ နယ်စပ်ဒေသ လုံခြုံရေးတပ်အချင်းချင်း ဆွေးနွေးပွဲတွေ၊ အလံတင်ဆွေးနွေးပွဲတွေ ဒါတွေကတော့ ပုံမှန်ပြုလုပ်နေကျဖြစ်ပါတယ်။ ကျနော်တို့ရဲ့ မူဝါဒကလည်း ပြောထားပြီးသား။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ကျနော်တို့ ဆောင်ရွက်နေတာကတော့ သူတို့ ဟိုဘက်မှာရှိတဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေပေါ့။ သူတို့ရဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကိုတော့ ကျနော်တို့ နိုင်ငံထဲမှာ လက်ခံမှာ မဟုတ်ဘူး။ ကျနော်တို့ရဲ့မူဝါဒအတိုင်းပဲ။ အိန္ဒိယအနေနဲ့လည်း အဲလိုမူဝါဒမျိုးတော့ ရှိပါတယ်။ အဓိကကတော့ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးပါပဲ။ ”

ဒီနှစ် ဇန်နဝါရီလကုန်ပိုင်းက စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်က တကားရွာအနီးက NSCN-K ခေါ် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ဌာနချုပ်မှာ အိန္ဒိယနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေ ခိုအောင်း နေတာကြောင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ကြောင်း၊ ဒီလိုရှင်းလင်းရာမှာ လူနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

တချိန်တည်းမှာပဲ တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲထားတဲ့ NSCN-Kအဖွဲ့ကခေါင်းဆောင်တွေကိုလည်း မတ်လအတွင်းမှာ မတရားသင်းအက်ဥပဒေ ၁၇/၁ အရ ဖမ်းဆီး တရားစွဲဆိုခဲ့ပါတယ်။

ဒီလို ဖမ်းဆီးလိုက်တာကြောင့် ဒေသခံပြည်သူတွေကတော့ အပစ်ရပ်စာချုပ် ပျက်ပြားပြီး ဒေသတွင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်ခဲ့ကြပါတယ်။

ဗိုလ်မှုးချုပ် ဇော်မင်းထွန်းကတော့ နယ်မြေတည်ငြိမ်မှုပျက်ပြားတာဟာ တဘက်အဖွဲ့အစည်းအပေါ်မှာ မူတည်မှာ ဖြစ်ကြောင်းနဲ့ သူတို့ကို အရေးယူရတဲ့အခြေအနေကို အခုလို ဆက်လက်ပြောဆိုပါတယ်။

“ အဲဒါတွေကတော့ သူတို့ အပေါ်မှာပဲ မူတည်လိမ့်မယ်ခင်ဗျ။ ဘာဖြစ်လို့ ကျနော်တို့ဒီလိုမျိုးဆောင်ရွက်ရလဲဆို အဓိကကတော့ Bilateral ချုပ်ဆိုထားတဲ့အပေါ်မှာ ချိုးဖောက်လို့ပဲ။ ချိုးဖောက်လို့ပဲ ဆိုတာက အရင်တုံးက အဲဒီဒေသမှာ Bilateral ချုပ်ဆိုပြီးနောက်ပိုင်း ဘာမှ ဖြစ်ခဲ့တာမရှိဘူး။ သို့သော် တဘက်နိုင်ငံရဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေကို လက်ခံထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒါက NCA ထဲမှာလည်းချိုးဖောက်တာပဲ။ NCA မထိုးရဘူးဆိုပေမဲ့ NCA ထဲမှာ ပါပြီးသား။ Bilateral ထဲမှာလည်း သဘောတူညီမှုတွေ ရှိပြီးသား။ ဒါတွေကို ချိုးဖောက်တဲ့ ဟာတွေကိုတော့ ကျနော်တို့က လစ်လျှူရှု နေလို့ မရပါဘူးဗျ။”

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းနိုင်ကတော့ လက်ရှိ အခြေအနေအပေါ်မှာ အခုလို သုံးသပ်ထားပါတယ်။

“ ကျနော်တို့မြင်တာကတော့ နာဂတွေကတော့ ဒီလို ငြိမ်းချမ်းရေးနည်းနဲ့ပဲ သွားမယ်ထင်တယ်။ ပစ်တာခတ်တာတော့ ဒီလိုနဲ့ သူတို့ မဖြေရှင်းတော့ဘူးထင်တယ်။ ဒီလိုပဲ နားလည်ထားတယ်။ တိုက်ပွဲလည်း ဖြစ်တယ်ဆိုတဲ့ နေရာလည်း ကျနော်တို့ မကြားရဘူး။ တကားဘက်မှာတော့ ပြည်သူလူထုကတော့ နည်းနည်း အခက်အခဲ အခက်အခဲ ရှိတယ်ဆိုတာက ခန္တီးဘက်က တက်တဲ့ဟာတွေ၊ ပြီးတော့ တနိုင်း၊ ရှင်ဗွေယန်ဘက်က ဝင်တဲ့ လမ်းကြောင်းတွေ ပိတ်ရင်တော့ သွားလာတော့ နည်းနည်းခက်ခဲသွားမယ်။ ပြီးတော့ စားရေးလည်း အခက်အခဲနည်းနည်းသွားဖြစ်မယ်။ တကားဂွင်ပေါ့နော။ ကျန်တဲ့ ဂွင်တွေကတော့ လွတ်လွတ်လပ်လပ် သွားလို့ ရပါတယ်ခင်ဗျ။”

NSCN-K ခေါ် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီဟာ ၂၀၁၂ခုနှစ်က တိုင်းဒေသကြီးအဆင့် အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး ဒီနှစ်ဆန်းပိုင်းက သူတို့ NSCN_K ဌာနချုပ်ဒေသကို ရှင်းလင်းစဉ်မှာ ဖမ်းဆီးခဲ့တဲ့ ကသည်းနဲ့ အာသံ လက်နက်ကိုင်အဖွဲ့ဝင် ၂၄ယောက်ကို ခန္တီးမြို့နယ် တရားရုံးက မေလ ၁၅ရက်နေ့က ၁၇/၁ နဲ့ ထောင်ဒဏ် ၂နှစ်စီချမှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG