သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ-မြန်မာ ပူးပေါင်းစစ်ဆင်ရေးအပေါ် အမြင်တချို့


ပြည်နယ်ခွဲထွက်ရေးအတွက် အိန္ဒိယ ဗဟိုအစိုးရကို တော်လှန်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်က နာဂနဲ့ မဏိပူအပါအဝင် အခြားအိန္ဒိယ သူပုန်အုပ်စုတွေကို ချေမှုန်းဖို့ လအတန်ကြာကတည်းက စတင်ခဲ့တဲ့ အိန္ဒိယ-မြန်မာနှစ်နိုင်ငံ Sunrise ပူးပေါင်းစစ်ဆင်ရေးမှာ ဒုတိယအသုတ် စစ်ဆင်ရေးကို မေလလယ်ကနေ စတင်ပြီး သတင်း သုံးပတ်ကြာ ပြုလုပ်ခဲ့ပါတယ်။

Sunrise စစ်ဆင်ရေးကြောင့် အိန္ဒိနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့ရှိပြီး နယ်စပ်တည်ငြိမ်ရေး အထောက်အကူဖြစ်စေမယ်လို့ အကဲခတ်တချို့ကသုံးသပ်ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

အိန္ဒိယဘက်ခြမ်းက ခွဲထွက်ရေး သူပုန်တွေရှိနေတဲ့ အာသံ၊ Nagaland နဲ့ မဏိပူ ပြည်နယ်တွေဟာ မြန်မာနဲ့ နယ်စပ် တလျောက် မိုင်ပေါင်း တထောင်ကျော် ထိစပ်နေတာပါ။

အခုနောက်ဆုံး သုံးပတ်ကြာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပူးပေါင်းတဲ့ Sunrise စစ်ဆင်ရေး ၂ ကို မေလ ၁၆ ရက်နေ့ကနေ စတင်ခဲ့ပြီး သုံးပတ်ကြာပြုလုပ်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း အိန္ဒိယ အရှေ့မြောက်က လက်နက်ကိုင် သူပုန်ပေါင်း ၇၀ ကျော်လောက် ဖမ်းဆီးနိုင်ခဲ့သလို၊ သူတို့ရဲ့ စခန်းအတော်များများကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ အိန္ဒိယစစ်တပ် သတင်းအရင်းအမြစ်က ဆိုပါတယ်။

လွန်ခဲ့တဲ့ သုံးလက စတင်ခဲ့တဲ့ အိန္ဒိယ-မြန်မာ Sunrise နှစ်နိုင်ငံပူးပေါင်းစစ်ဆင်ရေး ၁ အတွင်း နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN-K အပါအဝင် အာသံ လွတ်မြောက်ရေး တပ်ပေါင်းစု (ULFA)၊ အမျိုးသား ဒီမိုကရက်တစ် တပ်ဦး Boroland စတဲ့ သူပုန်အုပ်စု စခန်းပေါင်း ၅၀ ကျော်က စခန်းအတော်များများကိုလည်း ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အရင် စစ်အစိုးရခေတ်တွေတုန်းကလိုမဟုတ်ပဲ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ မြန်မာဘက်ကနေ အိန္ဒိယ အစိုးရရဲ့ လိုလားချက်တွေကို ပူးပေါင်းဆောင်ရွက်လာတဲ့အပေါ်မှာ အမေရိကန်အခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဒေါက်တာ တင့်ဆွေရဲ့ အမြင်ကတော့

“အိန္ဒိယအစိုးရရဲ့ လိုလားချက်ကို ပူးပေါင်းဆောင်ရွက်မှု ရှိလာခြင်းဟာ မြန်မာနိုင်ငံ ပြောင်းလာတဲ့အစိုးရကြောင့် မြန်မာစစ်တပ်က အဲလို လက်တွေ့ကျကျလုပ်လာသလားလို့ ကျနော်မြင်ပါတယ်။ အဲလိုလုပ်မှလည်း နှစ်နိုင်ငံဆက်ဆံရေးက ပိုပြီးတော့ကောင်းမယ်။ တခါ နယ်မြေအေးချမ်းမှုလည်း ပိုရှိမယ်။ နောက်တခါ အိန္ဒိယ- မြန်မာစီးပွားရေးနဲ့ အိန္ဒိယ သဘောတူညီထားတဲ့ နိုင်ငံတကာ project ကြီးတွေလည်းရှိတာကို ။ အဲဒီ project ကြီးတွေလည်း အခုစစ်ဆင်ရေးလုပ်နေတဲ့ ဒေသကို ဖြတ်ပြီးမှ အကောင်အထည်ဖော်လို့ရမှာ ဘယ်လောက်ပဲ လုပ်ချင်လုပ်ချင် ကြိုးစားသော်လည်း အကောင်အထည်က မပေါ်ခဲ့ဘူးပေါ့နော်။ နောက်ဆုံးကတော့ ကုလားတန် စီမံချက်တခုပဲပေါ့နော် အိန္ဒိယဘက်ကကောင်းကောင်းလုပ်နိုင်တယ် စစ်တွေဆိပ်ကမ်းတခုပဲ ဒီ ၂ခုပဲ လုပ်နိုင်တယ်။ ကုလားတန်မြစ်ဝှမ်းမှာလည်း ဒီစစ်ဆင်ရေးက အစိတ်တပိုင်းတခု ပါသလားလို့တော့ ထင်တယ်ခင်ဗျ။ ဒါဆိုလည်း အိန္ဒိယကတော့ သူ့အကျိုးစီးပွားအတွက် ဆောင်ရွက်ချင်တာ မှန်ပါတယ်။ အဲဒီတော့ ခြုံလိုက်ရင်တော့ ဒီစစ်ဆင်ရေးဟာ နှစ်နိုင်ငံ စစ်ဆင်ရေးအတွက်လည်း ကောင်းတာရှိတယ် အိန္ဒိယမြန်မာနယ်စပ် ပိုပြီးအေးချမ်းပြီးတော့ နှစ်နိုင်ငံကို အကျိုးပြုတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပိုပွင့်လင်းလာစရာရှိလားလို့ ကျနော်ယူဆပါတယ်။”

တဖက်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တွေနဲ့ Kolkata ထိ ရေလမ်းခရီးဖေါက်လုပ်မယ့် ရခိုင်ပြည်နယ်က အိန္ဒိယရဲ့ ကုလားတန်မြစ်စီမံကိန်းကို ထိခိုက်မှုတွေရှိလာနေတဲ့အတွက် AA စခန်းတွေကို မြန်မာစစ်တပ်က ဝင်ရောက်သိမ်းပိုက်ဖို့ အိန္ဒိယစစ်တပ်က အကူအညီပေးခဲ့ပါတယ်။ အထူးသဖြင့် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့ထိလုပ်ခဲ့တဲ့ နှစ်နိုင်ငံ Sunrise ပူးပေါင်းစစ်ဆင်ရေးမှာ AA စခန်းပေါင်း အနည်းဆုံး ၁၀ ခုလောက် မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ အိန္ဒိယစစ်တပ်က အကူအညီပေးခဲ့ကြောင်း အိန္ဒိယ စစ်တပ် သတင်းအရစ်အမြစ်တွေက ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဒေါက်တာတင့်ဆွေရဲ့ သုံးသပ်ချက်ကတော့

“မြန်မာ့တပ်မတော်အနေနဲ့ လွှတ်တော်မှာ စစ်ဆေးချက်မရှိပဲနဲ့ ဘတ်ဂျက် ငွေကြေး တောင်းခံတာတွေဟာ သူ့အင်အားကြီးထွားဖို့ဆိုတာထက် ပြည်တွင်းက နိုင်ငံရေးအတိုက်အခံ ဆန့်ကျင်ရေး အတွက်ပဲ အသုံးချခဲ့တာ။ အခုလို နိုင်ငံတကာနဲ့ ပတ်သက်တဲ့ စစ်ပွဲတွေအတွက် ပြင်ဆင်ပြီးတော့ ဖြည့်ထားတာ မရှိဘူးလို့ ကျနော်ထင်တယ်။ အဲဒီလို operation တွေမှာ အိန္ဒိယဘက်ကဖြစ်ဖြစ် တခြားနိုင်ငံကဖြစ်ဖြစ် အကူညီတွေလိုမှာတော့ အမှန်ပဲ။ ဒီအတွက် အိန္ဒိယကလည်း ပေးဖို့ ဝန်လေးဖို့ မရတဲ့အတွက် မြန်မာစစ်တပ်ဟာ ဒီအကူအညီယူပြီးဆောင်ရွက်နေမယ်လို့ ကျနော်ထင်တယ်။”

အခုလို မြန်မာနဲ့ အိန္ဒိယ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနီးစပ်လာတာဟာ ဒေသတွင်း တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိဖို့ အနောက်အုပ်စုရဲ့ ဖိအားပေးမှုခံနေရတဲ့ မြန်မာဘက်က တဖက်တလမ်းကနေ ကြိုးစားမှုအဖြစ် အကဲခတ်တွေကသုံးသပ်ကြပါတယ်။ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

“တရုတ်က မြန်မာပြည်အပေါ် လွှမ်းမိုးလွန်းတာကို သူ့အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံအတွက် အိန္ဒိယက စိုးရိမ်နေတာတော့အမှန်ပဲ။ အဲဒါလည်းကြာပြီ အဲဒီအတွက်လည်း သူကြိုးစားတော့ ကြိုးစားနေတာပေါ့။ တော်တော်လည်းကြာပါပြီ။ ဒါပေမယ့် လက်တွေ့ကြည့်လိုက်ရင် ပြီးခဲ့တဲ့ ၁၅ နှစ် အနှစ် ၂၀ မှာ အိန္ဒိယကနေပြီးတော့ မြန်မာပြည်မှာ အုပ်ချုပ်နေတဲ့ အစိုးရအပေါ်မှာ အကူအညီပေးတာက တရုတ်နဲ့စာရင် တော်တော်ကို နည်းပါးတယ်။ နောက်တခုက တရုတ်ရဲ့လောဘကြီးမှုနဲ့ အိန္ဒိယရဲ့ သူ့ခြံမြေ လုံခြုံမှုဆိုတဲ့ ရည်ရွယ်ချက်ကလည်း အကြီးအသေးမတူဘူးခင်ဗျ။ အဲဒီတော့ တကယ်တမ်း မြန်မာပြည်ပေါ်မှာ တရုတ်က လွှမ်းမိုးမှု လွန်ကဲလွန်းတာကတော့ အိန္ဒိယတခုနဲ့တဲ့ ချိန်ညှိလို့မရဘူး။ အမေရိကန် ပါလားမလား ဥရောပ ပါလာမလား အဲဒါတောင်မှာ တော်တော်ခဲယဉ်း သေးတယ်ဆိုတော့ တရုတ်ရဲ့ လွှမ်းမိုးမှု များလွန်းတာကိုတော့ အိန္ဒိယတခုတည်းနဲ့ မရနိုင်ဘူး။ သို့သော်ပေါင်းသင်းဆက်ဆံရေး ပိုကောင်းလာအောင်လုပ်ချင်းကတော့ နှစ်နိုင်ငံအကျိုးစီးပွားအတွက်ကောင်းပါတယ်။”

အိန္ဒိယ အရှေ့မြောက်နယ်စပ်က သူပုန်တွေကို နှိမ်နင်းတဲ့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပူးပေါင်း စစ်ဆင်ရေးအတွင်း Assam ရိုင်ဖယ်တပ်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဇွန်လ အစောပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာလည်း ဗိုလ်ချုပ် ထွန်းထွန်းညီက မြန်မာဘက်ခြမ်းမှာ ကျန်နေတဲ့ NSCN-K သူပုန်တွေနဲ့ အိန္ဒိယ အခြေစိုက် သူပုန်တွေကို ဆက်လက်နှိမ်နင်းသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG