သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ၃၀၀နီးပါး အိန္ဒိယနယ်စပ်ကိုဖြတ်ကျော်


 အိန္ဒိယနယ်စပ်
အိန္ဒိယနယ်စပ်

မြန်မာအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြောင့် လုံခြုံရေးစိုးရိမ်ရလို့ မြန်မာဘက်ခြမ်းက ဒေသခံ၃၀၀လောက် အိမ်နီးချင်းအိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို တိမ်းရှောင်လာတယ်လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။ အခုလို နယ်စပ်စည်းမျဉ်းနယ်နမိတ်နားက စစ်ရေးတင်းမာမှုတွေကြောင့် တိမ်းရှောင်လာရတဲ့ ဒေသခံတွေ လုံခြုံရေး အာမခံချက်ရှိဖို့နဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်တဲ့ပြည်နယ်အစိုးရနဲ့ပြည်ထောင်စုအစိုးရဘက်က အလေးအနက်ထားဆောင်ရွက်ပေးသင့်တယ်လို့လည်း ချင်းပြည်နယ်အရေး လှုပ်ရှားနေသူတွေကပြောပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်တပ်ဖွဲ့ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် မြန်မာနိုင်ငံကလာတဲ့ လူဦးရေ ၃၀၀ နီးပါး အိမ်နီးချင်း အိန္ဒိယနိုင်ငံက မီဇိုရမ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံလာကြတယ်ဆိုပြီး The New Indian Express သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အိန္ဒိယကာကွယ်ရေးဘက်ကလာတဲ့ သတင်းရင်းမြစ်တွေအရလည်း ရွာထဲက အမျိုးသားတွေကိုတော့ Arakan Army တပ်ဖွဲ့က ဖမ်းဆီးထားပြီး ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ မေလ ၁၉ရက်နေ့ကတည်းက မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေး ဝင်ရောက်ခဲ့ကြတာ ဖြစ်တယ်လို့ ဒီကနေ့ မေလ ၂၂ ရက်နေ့ထုတ် Indian Express သတင်းဌာနက ဆိုထားတာပါ။

မီဇိုရမ် တောင်ဘက်ခြမ်းမှာ မြန်မာနိုင်ငံက လူတစု သောကြာနေ့မှာ ထွက်ပြေးဝင်ရောက်လာခဲ့တယ်ဆိုပြီး ဒေသခံအာဏာပိုင်တွေဆီကနေ သတင်းအချက်အလက် ရရှိခဲ့ပြီးနောက် စစ်ဆေးမေးမြန်းမှုတွေလုပ်ဖို့အတွက် ထွက်ပြေးဝင်ရောက်ကြတဲ့ရွာတွေဆီကို အဖွဲ့နှစ်ဖွဲ့ စေလွတ်ခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က Indian Express သတင်းဌာန ကိုပြောပါတယ်။ အဲ့ဒီနောက်မှာမှ ရွာတရွာမှာ ဒုက္ခသည်ဦးရေ ၂၀၀ ကျော်တွေ့ရပြီး၊ နောက်တရွာမှာတော့ ၇၇ ဦးတွေ့ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။

အခုလိုချင်းဒေသခံ ၃၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အစိုးရနဲ့အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦး CNF က ဒေါက်တာရွှေခါးရ်က သူတို့အနေနဲ့လည်း ဒေသခံတွေအရေး ကူညီဖြေရှင်းပေးနိုင်ဖို့ ဒီအခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး ချင်းဒေသခံပြည်သူတွေရဲ့ရေရှည်ဘဝလုံခြုံရေးနဲ့ နယ်စပ်တည်ငြိမ်ရေးကို အစိုးရနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဆောင်ရွက်ပေးစေလိုတယ်လို့ပြောပါတယ်။

“ပထမတခေါက်တုန်းက အလုံးအရင်းနဲ့ဝင်လာတုန်းကတော့ တခေါက်တော့ရှိဖူးတယ်။ ရွာထဲမှာပဲ ဖြစ်ကြပြီးတော့ ထွက်ပြေးကြတာပေါ့လေ ပလက်ဝနယ်မြေအထဲမှာ ဖြစ်တဲ့ကိစ္စပဲ ။ Arakan Army နဲ့ စစ်တပ်နဲ့ ဖြစ်ပြီးတော့ ရွာသားတွေထွက်ပြေးတာပေါ့နော်။ ဆိုတော့ သူတို့ပြန်လာလို့ရအောင် လုံခြုံရေး အာမခံချက်ရှိမှပဲ သူတို့ပြန်လာနိုင်မှာပေါ့နော် နယ်စပ်ဘက် သူတို့လုံခြုံရေးကတော့ ဟိုဘက်သူတို့ရောက်သွားရင်တော့ လုံခြုံသွားပြီလေ ဘာဖြစ်လို့လဲဆိုတော့ AA ကလည်း အိန္ဒိယရွာထဲကိုဝင်ပြီးတော့ မနှောက်ယှက်လောက်ဘူးပေါ့နော်။”

အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တို့ကြား၂၁ရာစုပင်လုံညီလာခံလုပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးရအောင်ဆောင်ရွက်နေချိန်မှာ အခုလို ချင်းဒေသခံပြည်သူတွေအနေနဲ့ နယ်မြေတွင်း စစ်ရေးတင်းမာမှုတွေနဲ့ တိုက်ခိုက်မှုတွေ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်ဆိုတဲ့ အဖြစ်ကတော့ လက်ခံနိုင်စရာမရှိဘူးလို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေကို ဖော်ဆောင်နေတဲ့ Peace Civil Society Forum ကကော်မတီဝင်တဦးလည်းဖြစ်တဲ့ ချင်းလူငယ် ကိုနှုးရှင်းတောွင်ကပြောပါတယ်။

“ဟိုဘက်ရောက်တော့ သူများနိုင်ငံရောက်ပြီဆိုတော့ သူတို့အတွက်ကလည်း အခက်အခဲရှိတယ် ၊ ဒီမီဇိုရမ်ပြည်နယ်ကလည်း ချင်းတွေလည်းများတယ်ဆိုတော့ တယောက်နဲ့တယောက် ပံ့ပိုးကူညီကြမယ်လို့ ကျနော်ထင်ပါတယ်။ အခုကလည်း ၂၁ ရာစုပင်လုံကလည်း စတော့မယ်ဆိုတော့ လက်နက်ကိုင်တွေအကုန်လုံးငြိမ်းချမ်းရေးရှိဖို့။ ကျနော်တို့ဘာမှမသိတဲ့ပြည်သူတွေက အခက်အခဲတွေကြုံနေတယ်ဆိုတော့လေ အဓိက ဒီ ငြိမ်းချမ်းရေးပြဿနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ ကျနော်လူထုတယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်။”

ချင်းပြည်နယ်ပလက်ဝဒေသခံတဦးဖြစ်တဲ့ ဦးအိုက်မောင်ညိုကတော့ ဒေသတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အထူးသဖြင့် ရခိုင်တပ်နဲ့ အစိုးရတပ်တို့ကြား မကြာခဏစစ်ရေးတင်းမာမှုတွေကြောင့် ချင်းဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ရတာကြောင့် နယ်မြေတည်ငြိမ်ရေး ပြည်နယ်အစိုးရနဲ့ပြည်ထောင်စုအစိုးရတွေဘက်က သေချာဆောင်ရွက်ပေးသင့်တယ်လို့ဆိုပါတယ်။

“တချို့ရွာမှာ တိုက်ပွဲတွေဖြစ်တော့ နယ်စပ်ဘက်မှာ ခိုလုံတဲ့လူတွေရှိတယ်ဆိုပြီးတော့ ကျနော်တို့ ဆီမှာ အကြောင်းကြားတာတွေရှိတာပေါ့နော် ကျနော်တို့ ပလက်ဝမြို့နယ်မှာကျတော့ မီဇိုရမ်ဘက်ကို စားဝတ်နေရေးအတွက် ထွက်ပြေးပြီးတော့ မိသားစုလိုက်ခိုလုံတာတွေလည်းရှိတယ်။”

တိမ်းရှောင်လာသူတွေဟာ ချင်းပြည်နယ် ရာလီကျေးရွာက ရွာသားတွေဖြစ်ပြီး ရခိုင့်တပ်မတော်ဘက်က ခြိမ်းခြောက်မှုတွေရှိတဲ့အတွက် ထွက်ပြေးလာကြတယ်ဆိုကြောင်းသတင်းကဖော်ပြပါတယ်။ အခုလိုရခိုင့်တပ်မတော်ဘက်က ဖမ်းဆီးမှုတွေရှိနေတယ် နယ်မြေတွင်း လုံခြုံရေးအခြေအနေမကောင်းလို့ထွက်ပြေးလာရတယ်ဆိုတဲ့ အိန္ဒိယဘက်ကလာတဲ့သတင်းတွေကို အတည်ပြုနိုင်ဖို့ ရခိုင့်တပ်မတော် AA တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

အခုလတ်တလောအခြေအနေမှာတော့ မီဇိုရမ်ပြည်နယ်ထဲခိုလှုံလာကြသူတွေဟာ နိုင်ငံတကာ နယ်စပ်မျဉ်းနယ်နမိတ် ၁၅ကီလိုမီတာတွင်း သွားလာခွင့်ရှိနေပြီး အိန္ဒိယဘက်ခြမ်းမှာ နေထိုင်ခွင့်ပေးထားပါတယ်။ ဒီဒုက္ခသည်တွေကို မီဇိုရမ် ပြည်နယ်အစိုးရက အစားအသောက်တွေပေးဝေပြီး စာသင်ကျောင်းနဲ့ ခန်းမတွေမှာ စောင့်ရှောက်ပေးထားတယ်လို့ မီဇိုရမ် ပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီး R Lalzirliana က ပြောပါတယ်။ ဒုက္ခသည်တွေ လုံခြုံစွာနေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တဲ့ လုံခြုံရေးတွေပေးဖို့ အစောပိုင်းက မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ ပြောဆိုဆွေးနွေးမှုတွေလုပ်ထားတယ်လို့လည်း အိန္ဒိယ စစ်တပ်က ပြောတဲ့အကြောင်း အိန္ဒိယသတင်း New Indian Express မှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG