သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ အကြီးအကဲ အိန္ဒိယခရီးစဉ် လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဝေဖန်


လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမျိုးမျိုး ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အိန္ဒိယအစိုးရ အနေနဲ့ တရားဝင် လာရောက်လည်ပတ်ခွင့် မပြုဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေက ကန့်ကွက်လိုက်ကြပါတယ်။ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ မကြာခင် ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လာမယ့် ဇူလိုင်လ ၂၅ ရက်ကနေ ၂၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတာပါ။ ဒါဟာ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ အိန္ဒိယနိုင်ငံကို ဒုတိယအကြိမ်မြောက် သွားရောက်လည်ပတ်တာ ဖြစ်ပြီး အဲဒီမှာ အိန္ဒိယသမ္မတ၊ ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို ကျူးလွန်နေတဲ့ အာဏာရှင် စစ်ခေါင်းဆောင် တယောက်ကို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံပါလို့ ကြွေးကြော်နေတဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ တရားဝင် လက်ခံကြိုဆိုဖို့ မသင့်ဘူးလို့ ကမ္ဘာတလွှားမှာရှိတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၁၆၄ ဖွဲ့ကို ကိုယ်စားပြုတဲ့ FIDH နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ပေါင်းချုပ်ကြီးက အိန္ဒိယအစိုးရထံ အိတ်ဖွင့်ပေးစာ ရေးသား ပေးပို့လိုက်ပါတယ်။

FIDH အနေနဲ့ အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) ကို မနေ့က အိတ်ဖွင့်ပေးစာ ရေးသားပေးပို့လိုက်တဲ့ အကြောင်း အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ အီမန်နွဲလ် အေသာနေဆူး (Emmanouil Athanasiou) က ပြောပါတယ်။

“အိန္ဒိယလို ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီးက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် လအနည်းငယ် အလိုမှာ စစ်အစိုးရက ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဂရုမစိုက်ဘဲ မြန်မာစစ်အာဏာရှင် တယောက်ကို ကော်ဇောနီခင်းပြီး ကြိုဆိုမယ်ဆိုတာ လုံး၀ မသင့်တော်တဲ့ ကိစ္စပါ။ ဒီလို လက်ခံကြိုဆိုလိုက်တာက နိုင်ငံတကာ အသိုင်းအဝိုင်းကို မထေမဲ့မြင်ပြုရာလည်း ကျပါတယ်။”

ဒါကြောင့် သူတို့အနေနဲ့ ပြင်းထန်တဲ့ ကန့်ကွက်စာကို ပို့ဖို့ ဆုံးဖြတ်လိုက်တာလို့ သူက ဆက်ပြောပါတယ်။

“အိန္ဒိယတင် မကပါဘူး၊ တခြား ရုရှားနဲ့ တရုတ်နိုင်ငံတို့ အနေနဲ့လည်း စစ်အစိုးရနဲ့ ဆက်ဆံမယ်ဆိုရင် ကြည့်ဆက်ဆံကြပါ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက သူတို့ကို စောင့်ကြည့်နေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ အာဏာရှင်ကို ထောက်ခံရင် သူတို့လည်း တချိန်ချိန်မှာ အဲဒီ ချိုးဖောက်မှုတွေကို တာဝန်ယူရလိမ့်မယ် ဆိုတဲ့အကြောင်း ပြင်းထန်တဲ့ သတိပေးစာ ကျနော်တို့ ပို့ထားပါတယ်။”

ဒီထဲက တချို့နိုင်ငံတွေဟာ မြန်မာစစ်အစိုးရနဲ့ ပုံမှန် ထိတွေ့ ဆက်ဆံနေကြတဲ့ မိတ်ဆွေနိုင်ငံတွေ ဖြစ်တယ်၊ နောက် လုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် မချနိုင်ဘူး ဖြစ်နေတယ် ဆိုတာတွေကို သူတို့အနေနဲ့ နားလည် သဘောပေါက်ထားတယ်လို့လည်း အီမန်နွဲလ်က ပြောပါတယ်။

ဒီနေရာမှာ တခြား တရုတ်နဲ့ ရုရှားနိုင်ငံတို့ အနေနဲ့လည်း မြန်မာ့အရေးမှာ ကြားဝင် ဆောင်ရွက်ပေးကြဖို့ သူတို့အနေနဲ့ စာရေးသား တိုက်တွန်းထားတယ်လို့ အီမန်နွဲလ်က ဆက်ပြောပါတယ်။

“ရုရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက သမ္မတတွေထံ စာရေးပြီးတော့လည်း NLD ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်း ခံနေရာကနေ ပြန်လွှတ်ပေးရေး ကြားဝင် ဆောင်ရွက်ပေးကြဖို့ကိုလည်း ကျနော်တို့ တောင်းဆိုထားပါတယ်။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အိန္ဒိယနိုင်ငံကို ရောက်တာနဲ့ ဘုရားပွင့်ရာ ဗုဒ္ဓဂါယာနဲ့ ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံတို့ကို အရင်သွားရောက်မှာဖြစ်ပြီး အဲဒီကမှ အိန္ဒိယ သမ္မတ ပရာတီဘာ ပါတေးလ် (Pratibha Patil)၊ ဝန်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် စတဲ့ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဟိုင်ဒရာဘတ်ဒ် (Hydrabad) မြို့ကိုသွားပြီး အိန္ဒိယ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းဆိုင်ရာ နည်းပညာတွေကို သွားရောက်လေ့လာဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အရင် ၂၀၀၄ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး အိန္ဒိယကို သွားရောက်ခဲ့စဉ်တုန်းတော့ တခြား စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာ စာချုပ်တွေကို ချုပ်ဆိုခဲ့ပါတယ်။

ဒီတခေါက်မှာလည်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး အပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆိုင်တဲ့ သဘောတူချက်တွေ၊ အိန္ဒိယ၊ မြန်မာ နယ်စပ်မှာ ရှိနေတဲ့ အိန္ဒိယဘက်က သူပုန်တွေကို တိုက်ထုတ်ရေးအတွက် နှစ်ဘက် ပူးပေါင်း လုပ်ဆောင်ကြရေး စတာတွေကို ဆွေးနွေး တိုင်ပင်ကြဖို့ ရှိတယ်လို့ ယူဆရပါတယ်။

အိန္ဒိယ အာဏာပိုင်တွေ ဘက်ကတော့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ခေါင်းဆောင်တွေ အပြန်အလှန် လည်ကြတဲ့ သာမန် ခရီးစဉ်သာ ဖြစ်တယ်လို့ ပြောဆိုနေပေမဲ့ ဒီခရီးစဉ်ဟာ ချစ်ကြည်ရေး ခရီးစဉ်ထက် အများကြီးပိုမယ် ဆိုတာကတော့ သေချာပါတယ်။

XS
SM
MD
LG