သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ မြန်မာ ကုန်သွယ်ရေးနဲ့ လုံခြုံရေး ဆွေးနွေး


အိန္ဒိယ၊ နယူးဒေလီရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဇူလိုင် ၁၅၊ ၂၀၁၅)
အိန္ဒိယ၊ နယူးဒေလီရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဇူလိုင် ၁၅၊ ၂၀၁၅)

အိန္ဒိယ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့အစည်းအဝေးမှာ နယ်စပ် လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ စွမ်းအင် ဆိုင်ရာ ကိစ္စရပ်တွေအပါအဝင်၂ နိုင်ငံ ဆက်ဆံရေး အတွက် အရေးပါတဲ့ အဓိက အကြောင်းအရာတွေနဲ့ ပါတ်သတ်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ အိန္ဒိယ မြန်မာ ၂ နိုင်ငံနဲ့ ဒေသတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အိန္ဒိယမြန်မာ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်သွားဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြပေးမှာပါ။

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ဒီကနေ့ ကျင်းပတဲ့ အိန္ဒိယ မြန်မာ ပူးတွဲ ညှိနှိုင်း တိုင်ပင်ရေးကော်မရှင် JCC အစည်းအဝေးအတွင်း ၂ နိုင်ငံ ဆက်ဆံရေး အရှိန်တိုးမြှင့်ဖို့ ကိစ္စရပ်တွေအပါအဝင် ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ နိုင်ငံရေးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးစိုးလင်းဟန်က အခုလိုပြောပါတယ်။

"နယ်စပ်လုံခြုံရေးက အဓိကကတော့ ကျနော်တို့က ကြေညာထားတဲ့ဟာလည်း ရှိပြီးသားပါ။ တနိုင်ငံရဲ့ နယ်နမိတ်ကို နယ်မြေကို တခြားတနိုင်ငံအပေါ်မှာ သွားပြီးတော့ ရန်ပြုနေတဲ့ သောင်းကျန်းသူ အဖွဲ့အစည်းတွေကို အသုံးချခွင့်မပေးဘူးဆိုတာ နှစ်ဘက်စလုံးက ကတိပြုထားပြီးသားပါခင်ဗျ။ ဒါကလည်း ကျနော်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နဲ့အညီ ဆောင်ရွက်တယ်ဆိုတဲ့ဟာက longstanding position ပါပဲ။ ဒီအတိုင်းပါပဲ ပြောင်းလဲခြင်းမရှိပါဘူး။"

ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ ကျင်းပတဲ့ အိန္ဒိယမြန်မာ ပူးတွဲညှိုနှိုင်းရေးကော်မရှင် JCC အစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့က ပူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့လကမြန်မာနိုင်ငံ အနောက်မြောက်နယ်စပ် မဏိပူဒေသတွင်း သူပုန်တွေခြုံခို တိုက်ခိုက်လို့ အိန္ဒိယ အစိုးရတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံး ခဲ့ရပြီးတဲ့နောက် နှစ်နိုင်ငံအကြား သူပုန်တွေကို လိုက်လံရှာဖွေတဲ့ ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်အပြီး အခုလို အစည်းအဝေး ကျင်းပတာ ဖြစ်ပါတယ်။

အစည်းအဝေးအတွင်း ၂၀၁၅ ခုနှစ်မှာ ၂ နိုင်ငံကုန်သွယ်ရေး ၂ ဆတိုးမြှင့်ဖို့ သဘောတူညီထားတဲ့ အတိုင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှုတွေ ပိုလုပ် လာဖို့ကိုလည်း နိုင်ငံခြားရေးဝန်ကြီးတွေက အလေးထားဆွေးနွေးခဲ့ပါတယ်။ ဒုညွှန်ချုပ် ဦးစိုးလင်းဟန်က-

"ကျနော်တို့ ဒီ အိန္ဒိယ Investment ကတော့ သူတို့နဲ့ ကျနော်တို့က ဧရိယာပေါင်း များစွာမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး လုပ်ဖို့တွေ အများကြီးရှိတဲ့အခါကျတော့ အထူးသဖြင့် မြန်မာပြည်က ပဲတို့ ဘာတို့မှာ သူတို့ဝယ်နေတဲ့ အခါကျတော့ မြန်မာပြည်က ပဲတွေကို ပိုပြီးတော့ အဆင့်အတန်းမြင့် Protein Contains ပိုပြီးတော့မှ များအောင် အဲ့ကိစ္စတွေမှာလည်း သူတို့ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒတွေရှိတယ်ဆိုတာလည်း သူတို့ပြောပါတယ်ခင်ဗျ။"

ဒါ့အပြင် အိန္ဒိယကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ဘဏ်လုပ်ငန်း၊ စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တောထွက် ပစ္စည်း၊ မိုင်း စတဲ့လုပ်ငန်းတွေမှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ဖို့JCC အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှာ အသေးစားဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် ငွေကြေးအကူအညီပေးသွားမယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ကမ်းလှမ်းထားပါတယ်။

အစည်းအဝေးအတွင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအပါအဝင် လိုအပ်နေတဲ့ မြန်မာ့စွမ်းအင် အခန်းဂဏ္ဍနဲ့ ပါတ်သတ်ပြီးတော့ လည်း ဆွေးနွေးခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မနေ့တုန်းကတော့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးနဲ့ ပါတ်သတ်လို့ အိန္ဒိယအနေနဲ့ အလေးအနက်ထား ဦးစားပေးကိစ္စရပ်အဖြစ် ထားရှိသလို မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးသွားမှာ ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောဆိုပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကလည်း မြန်မာနိုင်ငံတွင်းက အခြေခံအဆောက်အအုံ၊ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေး ပူးတွဲလုပ်ငန်းတွေမှာ တိုးတက်မှုတွေရှိလာကြောင်း ပြောဆိုတယ်လို့ အိန္ဒိယဝန်ကြီးချုပ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG