အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံထဲ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ မြန်မာနိုင်ငံ အမျိုးသား စီမံကိန်း ၀န်ကြီးက ဖိတ်ခေါ်လိုက်ပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အဖွဲ့ အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေချိန်မှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စဟာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ အလေးပေး ဆွေးနွေးကြတဲ့ ကိစ္စတခု ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) တို့နှစ်ဦး မနေ့က တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် နှစ်ဘက် သဘောတူညီချက် ၅ ခုကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ လက်မှတ်ထိုးခဲ့ကြပါတယ်။ အိန္ဒိယ အစိုးရပိုင် သွင်းကုန်ထုတ်ကုန် ဘဏ်ကနေ မြန်မာနိုင်ငံတွင်း မီးရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ချေးငှားဖို့ သဘောတူညီခဲ့ကြပါတယ်။ အိန္ဒိယ အစိုးရပိုင် သွင်းကုန်ထုတ်ကုန်ဘဏ် အနေနဲ့ အရင်တုန်းကလည်း ရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်း၊ ကြိုးမဲ့ဆက်သွယ်ရေး၊ လျှပ်စစ်သွယ်တန်းရေး စတဲ့ လုပ်ငန်းအချို့အတွက် ဒေါ်လာ သန်း ၂၅၀ ချေးငှားခဲ့ပြီးပါပြီ။
အခုခရီးစဉ် အတွင်းမှာ နှစ်ဘက် ဆွေးနွေးမှုတွေမှာတော့ အဓိက စီးပွားရေးကိစ္စနဲ့ လုံခြုံရေး ကိစ္စတွေက နေရာယူထားတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ၀န်ကြီး ဦးစိုးသာက အိန္ဒိယ လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
“အိန္ဒိယနိုင်ငံဆိုတာ ကျနော်တို့ရဲ့ အနီးကပ်ဆုံး အိမ်နီးချင်း ဖြစ်တာမို့ နှစ်ဘက် မိတ်ဆွေဆက်ဆံရေးက အင်မတန် ကောင်းပါတယ်။ ဒါကြောင့် အိန္ဒိယက ရင်းနှီးမြှုပ်နှံသူတွေ ကျနော်တို့တိုင်းပြည်ကို လာရောက်ပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်။”
မြန်မာနဲ့ အိန္ဒိယနိုင်ငံဟာ နောက်ပိုင်းနှစ်တွေမှာ နှစ်ဘက် နယ်စပ်လုံခြုံရေး ကိစ္စက အစပြုလို့ ပိုအဆက်အဆံ များလာသလို စီးပွားရေးပိုင်းမှာလည်း ပိုပြီး နီးစပ်လာတယ်လို့ ပြောရမှာပါ။ မြန်မာ၊ အိန္ဒိယ ကုန်သွယ်မှု တန်ဖိုးဟာ အခုနှစ်ပိုင်းအတွင်း ပိုမို များပြားလာတယ်လို့ မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်းက ပြောပါတယ်။
“အိန္ဒိယနဲ့ မြန်မာ ကုန်သွယ်ရေး တန်ဖိုးဟာ မကြာခင်နှစ်တွေအတွင်း အလျှင်အမြန် တိုးများလာပါတယ်။ နှစ်ဘက် ကုန်သွယ်ရေးကို ကြည့်မယ်ဆိုရင် ၂၀၀၇-၂၀၀၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၈၈၆ သန်းပဲ ရှိရာကနေ အခု ၂၀၀၉-၂၀၁၀ ခုနှစ်မှာ ဒေါ်လာ ၁.၂ ဘီလီယံအထိ တိုးမြင့်လာပါတယ်။”
အိမ်နီးချင်းနိုင်ငံတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အဓိက မျက်စိကျတဲ့ လုပ်ငန်းကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်း ဖြစ်ပါတယ်။ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်း အချို့မှာ ရင်းနှီးမြှုပ်နှံမှုတွေ စတင်နေပေမဲ့ အခြား တရုတ်တို့၊ ထိုင်းတို့လို အိမ်နီးချင်း နိုင်ငံတွေလောက် ထင်သလောက် မပေါက်နိုင်သေးပါဘူး။ ဒါကြောင့် အိန္ဒိယရဲ့ စီးပွားရေးခြေလှမ်းဟာ အခြားကိစ္စတွေမှာ အခု အလေးပေးသလို ရှိပေမဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ဦးတည်နေတာ ဖြစ်တယ်လို့ မြန်မာ့စီးပွားရေး လေ့လာသူ ဦးစိန်ဌေးက ယူဆပါတယ်။
“အိန္ဒိယက လိုချင်တာ အားလုံးသိတဲ့အတိုင်းပဲ သဘာဝဓာတ်ငွေ့ လိုချင်တာဗျ။ အဲဒီမှာ သူက တရုတ်ကို မယှဉ်နိုင်တဲ့ အခါကြတော့ နောင် မက်လုံးအနေနဲ့ သူ့မျှော်လင့်ချက်ကတော့ ဆက်ဆံမှုကို ပိုပြီး ရေရှည်မှာ ထားချင်တဲ့သဘော ရှိတာပေါ့လေ။ နောက်တခုက မြန်မာ့နိုင်ငံရေးကလည်း သိတဲ့အတိုင်း တရုတ်နဲ့ ကုလားကြားမှာ သူက Balance လုပ်နေတာပေါ့။ အိန္ဒိယဆီက ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လာရင်လည်း လောလောဆယ် ရထားလမ်းတွေ Improve ဖြစ်အောင် ဟိုဘက်ကပေးတဲ့ Investment တွေရှိတယ်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓိကတော့ တရုတ်နဲ့ ကုလားကြားမှာ Balance ဖြစ်အောင်၊ မြွေမသေ တုတ်မကျိုးဖြစ်အောင်၊ အကယ်၍များ စီးပွားရေး ပိတ်ဆို့မှုတွေက ပြင်းထန်လာပြီး တရုတ်ဘက်ကိုလည်း နည်းနည်း ဖိအားပေးလာရင် ကုလားက အကာအကွယ်ရအောင် လုပ်ထားတဲ့ သဘောပါ။ လောလောဆယ်ကတော့ တရုတ်တွေကို ယှဉ်လို့မရပါဘူး၊ ကုလားက။”
အိန္ဒိယနိုင်ငံဟာ အရင်က မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံပေမဲ့ နောက်ပိုင်းမှာတော့ စီးပွားရေးအရ ပိုပြီး ထိစပ်ချင်လာတဲ့သဘော တွေ့ရပါတယ်။ ဒါဟာလည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးရော နိုင်ငံရေးအရပါ လွှမ်းမိုးလာမှာကို အိန္ဒိယဘက်က စိုးရိမ်တာကြောင့်လို့ လေ့လာသူတွေက ယူဆပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံတွင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ငန်းတွေမှာ တရုတ်နဲ့ယှဉ်ပြီး ဈေးကွက်လုဖို့ ကြိုးစားနေတဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ အိန္ဒိယခရီးစဉ် မနေ့ကတော့ အိန္ဒိယ၊ မြန်မာ နှစ်နိုင်ငံအကြား သဘောတူညီချက် ၅ ခု လက်မှတ်ထိုးခဲ့ကြပါတယ်။ ဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီပေးမယ့် နားလည်မှု စာချွန်လွှာ၊ ရာဇ၀တ်မှုဆိုင်ရာ အပြန်အလှန် အကူအညီပေးရေး စာချုပ်၊ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ပြန်ကြားရေး လုပ်ငန်းဆိုင်ရာ သဘောတူညီချက်နဲ့ ပုဂံက အာနန္ဒာဘုရား ပြန်လည်ပြုပြင်ရေး လုပ်ငန်းဆိုင်ရာ သဘောတူညီချက်တွေ ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ မိုင် ၁,၀၂၅ မိုင် ရှည်လျားတဲ့ နှစ်ဘက် နယ်စပ်တလျှောက် လက်နက်မှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု လုပ်ငန်းတွေကို နှိမ်နင်းဖို့ သဘောတူညီချက်တွေလည်း ပါဝင်ခဲ့ပါတယ်။