တရားမဝင် ကုန်သွယ်မှုကြောင့် ပြဿနာ ဖြစ်ပွားခဲ့တဲ့ မြန်မာနဲ့ အိန္ဒိယနိုင်ငံ အမှတ် ၂ နယ်စပ်ဂိတ်ကို အိန္ဒိယနိုင်ငံ အစိုးရကနေ မနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ မြန်မာဘက်ခြမ်း ရိခေါဒါရ် အာဏာပိုင်တွေက ပြောပါတယ်။ အထူးသဖြင့် နှစ် နိုင်ငံ သွင်းကုန် ပို့ကုန်တင်သွင်းတဲ့ နေရာမှာ တရားဝင်လိုင်စင် မရှိဘဲ နားလည်မှုနဲ့ တင်သွင်းနေတဲ့ ကိစ္စအပေါ် ထိန်းချုပ်တဲ့အနေနဲ့ နယ်စပ်ဂိတ်ကို ပိတ်ပင်တယ်လို့လည်း ကုန်သည် အသိုင်းဝိုင်းတွေက ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး ရိခေါဒါရ် - ဇိုခေါထားဂိတ်ကို မီဇိုရမ်ပြည်နယ် အစိုးရ အကောက်ခွန်ဌာနကနေ မနေ့ကစပြီး ရက်အကန့်သတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ရိခေါဒါရ်မြို့ အုပ်ချုပ်ရေးမှူး ချန့်လျန်နာ က ဗွီအိုအေကို ပြောပါတယ်။
“မြန်မာဘက်က အဓိက ပို့ကုန်က ကွမ်းသီးတွေပေါ့နော်။ သွင်းကုန်အနေနဲ့ မြေဆီ ဓါတ်မြေသြဇာနဲ့ ဆံပင်ပေါ့နော်။ တကယ်တော့ တရားဝင် ပို့ကုန် မဟုတ်ဘူး။ မှောင်ခိုအနေနဲ့ သူတို့ တင်သွင်းတာပေါ့နော်။ နောက်ပြီး ကျနော်တို့ နိုင်ငံကနေသွင်းတဲ့ ကွမ်းသီးတွေကလည်း သူတို့ အိန္ဒိယနိုင်ငံမှာ တကယ့် အခွန်တောင်းရတဲ့ ဈေးနှုန်းက များတယ်။ မကိုက်ဘူးပေါ့နော်။ အဲဒီကြားထဲမှာ အခုလက်ရှိ မီဇီုရမ်ပြည်နယ်မှာ ရှိတဲ့ ကတ်စတန်တွေကနေပြီးတော့ နားလည်မှုနဲ့ ဒီပစ္စည်းတွေကို လက်ခံပြီးတော့ သူတို့က အခွန်တွေ ကောက်တယ်ပေါ့။ အဲဒီကြားထဲမှာ မီဇီုရမ်ပြည်နယ်မှာ နိုင်ငံခြား သွင်းကုန်ပို့ကုန် လိုင်စင်ရတဲ့ အဖွဲ့အစည်းက တခု ရှိတယ်။ အဲတာနဲ့ပြီးခဲ့တဲ့ အပတ်တွေမှာ မီဇီုရမ်ပြည်နယ် အိုက်ဇော အဝင်မှာ အဲဒီ နိုင်ငံခြား ပို့ကုန်သွင်းကုန် လိုင်စင်ရ အသင်းနေပြီးတော့ ကုန်သည်တွေဆီမှာ သူတို့က အခွန်ပြန်ကောက်တယ်။ ကုန်သည်တွေကမကျေနပ်လို့ အစိုးရကိုတင်ပြသွားတယ်။ အခုလောလောဆယ် ပြည်နယ်ကတ်စတန် ဌာနချုပ်ကနေ အကန့်သတ်မရှိပိတ်သွားတာပေါ့။”
ကုန်ပစ္စည်းတင်သွင်းခွင့်ကိုသာ ပိတ်ပင်ပြီး လူနဲ့ ကားအသွားအလာကို ပိတ်ပင်တာ မရှိဘူးလို့ သူက ဆိုပါတယ်။
အမှတ်၂ နယ်စပ် ကုန်သွယ်ရေးဂိတ်ဟာ မြန်မာဘက်ခြမ်း ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါမြို့နဲ့ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ဇိုခေါထား ကို ဆက်သွယ် ကူးသန်းနေတာပါ။
ကုန်သွယ်မှုအနေနဲ့ကတော့ မြန်မာနိုင်ငံဘက်က အဓိက ပို့ကုန်ဖြစ်တဲ့ ကွမ်းသီးတင်ပို့နေပြီး အိန္ဒိယနိုင်ငံကနေ ဓါတ်မြေသြဇာ တင်သွင်းနေတာပါ။
သွင်းကုန်ပို့ကုန် ကုန်သွယ်ရာမှာ တရားဝင် မဟုတ်ဘဲ နားလည်မှုနဲ့သာ လုပ်ဆောင်နေတဲ့အပေါ် အိန္ဒိယအစိုးရကနေ တရားဝင်ဖြစ်အောင် ထိန်းချုပ်တဲ့အနေနဲ့ ပိတ်ပင်တာလို့ ယူဆကြောင်း ကုန်သည် တဦး ဖြစ်တဲ့ ဦးကျော်မိုးက ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ ကုန်သွယ်မှုလုပ်တဲ့ နေရာမှာ ကုန်သည်တွေက တရားဝင် ကုန်သွယ်ခွင့် လိုင်စင်ပေါ့နော် မရှိကြဘူး။ နားလည်မှု ယူပြီးတော့ ကုန်တွေကို မီဇီုရမ်ဘက်ကို ကူးနေကြတယ်။ မီဇီုရမ်အစိုးရအနေနဲ့ ဖြစ်ဖြစ် သူရသင့်ရထိုက်တဲ့ အခွန်တွေက မရတော့ဘူးပေါ့။ အခွန်တွေ တော်တော်ဆုံးရှုံးတယ်လို့ အဲဒီလိုမျိုး ပြောတယ်ပေါ့နော်။ ဒီနယ်စပ်ကုန်သွယ်ရေးကို ကုန်ကူးမယ်ဆိုရင်လည်း ကုန်သွယ်ခွင့် လိုင်စင် ရှိတဲ့လူတွေကပဲ နည်းစနစ်မှန်မှန်နဲ့ ကုန်ကူးလို့ရအောင် သူတို့ထိန်းချုပ်တဲ့သဘောနဲ့ အခုလောလောဆယ် သူတို့ ပိတ်တယ်လို့ ကျနော်တို့ နားလည်ရတာပေါ့နော်။”
ချင်းပြည်နယ် ရိခေါဒါရ်မြို့မှ တဆင့် တဘက်မီဇိုရမ်ပြည်နယ်ကို ကုန်ပစ္စည်းတင်ပို့တဲ့ ကုန်သည်အများစုဟာ သွင်းကုန်ထုတ်ကုန် လိုင်စင် မရှိတဲ့အပြင် အစိုးရထံ တရားဝင်အခွန် ပေးဆောင်မှု မရှိတဲ့အတွက် ယခင်ကလဲ ပိတ်ပင်မှုတွေ ရှိနေတာပါ။
အခုလို နယ်စပ်ကုန်သွယ်ရေး ပိတ်ပင်တဲ့အတွက် ကုန်သည်တွေအနေနဲ့ ထိခိုက်မှုတွေ ရှိနေတယ်လို့ ရိခေါဒါရ်ပြန်ကြားရေးဌာန ဒုတိယဦးစီးမှူး လားပက်လောမ်က ပြောပါတယ်။
“အခုတံတား တခုပဲ အားကိုးပြီး ကျနော်တို့ ကုန်စည်တွေ တင်သွင်းလုပ်နေကြတယ်ပေါ့နော်။ ပိတ်တဲ့အခါကျတော့ ကုန်သည်တွေလည်း အဲခုပစ္စည်းတွေ တင်ပို့လို့ မရဘူး။ ရပ်နားနေရတယ်။ ကုန်စီးဆင်းမှုကလည်း ကြန့်ကြာသွားတယ်။ ထိခိုက်သွားတယ်။ အဓိကကတော့ ကုန်သည်တွေအတွက် နစ်နာတာပေါ့နော်။”
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကနေ နှစ် နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအဆင်ပြေ ချောမွေ့စေဖို့ သဘောတူ စာချုပ် ရေးထိုးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အောက်ခြေ ကုန်သွယ်ရေးအပိုင်းမှာတော့ စနစ်တကျ မဖြစ်သေးဘူးလို့ ကုန်သည် အသိုင်းဝိုင်းက ဆိုပါတယ်။
ချင်းပြည်နယ် ရိခေါဒါရ်မြို့ အိန္ဒိယ-မြန်မာ အမှတ် ၂ နယ်စပ်ကုန်သွယ်ရေး စခန်းမှာဆိုရင် မနှစ်က ပို့ကုန်သွင်းကုန် ပမာဏ ဒေါ်လာသန်း ၄၀ ကျော်ရှိ နေတယ်လို့ နယ်စပ်ကုန်သွယ်ရေး စခန်း စာရင်းအရ သိရပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်ထဲမှာ အမှတ် ၁ မိုးရေးနယ်စပ် ကုန်သွယ်ရေးဂိတ်ဟာ အကြီးဆုံးဖြစ်ပြီး ရိခေါ ဒါရ် အမှတ် ၂ ကုန်သွယ်ရေး ဂိတ်ဟာ ဒုတိယ အကြီးဆုံးဂိတ်အနေနဲ့ တရားဝင် ဖွင့်လှစ်ထားပါတယ်။