သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယတိုက်လေယာဉ် နှစ်စင်း ပါကစ္စတန် ပစ်ချ


အိန္ဒိယနဲ့ ပါကစ္စတန်ကြား အငြင်းပွားဖွယ် Kashmir ဒေသထဲကို နယ်စပ်ဖြတ်ကျော် ပျံသန်းလာတဲ့ အိန္ဒိယ စစ်လေယာဉ် ၂ စီးကို ပါကစ္စတန်လေတပ်က ပစ်ချခဲ့ကြောင်း ပါကစ္စတန်က ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။

တိုက် ဂျက်လေယာဉ်တစီးက အိန္ဒိယပိုင် Kashmir ဒေသထဲကို ပျက်ကျခဲ့ပြီး ပါကစ္စတန်ပိုင် Kashmir ဒေသထဲမှာ ပျက်ကျသွားတဲ့ လေယာဉ်ရဲ့ လေယာဉ်မှူးတယောက်ကို ဖမ်းထားတဲ့အကြောင်း ပါကစ္စတန်ဗိုလ်ချုပ် Asif Ghafoor က ပြောပါတယ်။

ဒီသတင်းအကြောင်း အမည်မဖော်လိုသူ စစ်တပ်တာဝန်ရှိသူတွေကို ကိုးကားပြီး အိန္ဒိယသတင်းမီဒီယာတွေမှာ ဖော်ပြကြပေမယ့် ပါကစ္စတန်ဖက်က ပြောဆိုချက်ကို တုန့်ပြန်တဲ့ တရားဝင်ကြေညာချက်ကို အိန္ဒိယဖက်က အခုချိန်ထိတော့ ထုတ်ပြန်မထားပါဘူး။

တချိန်တည်းမှာပဲ အိန္ဒိယပိုင် Kashmir ဒေသထဲက အိန္ဒိယ ဝေဟင်နယ်နိမိတ်ထဲကို ဝင်လာတဲ့ ပါကစ္စတန် တိုက်ဂျက်လေယာဉ် ၃ စီးရဲ့ လမ်းကြောင်းကို အိန္ဒိယတိုက်ဂျက်လေယာဉ်တွေက ဝင်ဖျက်လိုက်တာကြောင့် ပါကစ္စတန်လေယာဉ်တွေ နောက်ကြောင်းပြန်လှည့်သွားတဲ့အကြောင်း အိန္ဒိယက ကြေညာထားခဲ့တာပါ။

လက်နက်ကိုင် လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ ပါကစ္စတန်-အိန္ဒိယ နယ်စပ်မှာ အိန္ဒိယစစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ယောက် သေဆုံးရတဲ့အကြောင်း ပါကစ္စတန်က ပြောဆိုပြီးတဲ့နောက် နာရီပိုင်းအတွင်းမှာ ဒီလို လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၄ ရက် အိန္ဒိယပိုင် Kashmir ဒေသတွင်း အသေခံကားဗုံးဖောက်ခွဲမှုကြောင့် အိန္ဒိယ စစ်သား အယောက် ၄၀ သေဆုံးပြီးတဲ့နောက်ပိုင်းက စပြီး ပါကစ္စတန်နဲ့ အိန္ဒိယ ၂ နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခဲ့တာပါ။

ဒီတိုက်ခိုက်မှုက သူတို့ လက်ချက်ဖြစ်ကြောင်း ပါကစ္စတန်အခြေစိုက် စစ်သွေးကြွအဖွဲ့ Jaish-e-Mohammad က ပြောဆိုထားတာကြောင့် ဒီစစ်သွေးကြွအဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်းကို မနေ့အာရုံမတက်ခင်အချိန်မှာ အိန္ဒိယစစ်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG