သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနဲ့ ပါကစ္စတန် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ


အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif တို့ဟာ ကာလလကြာရှည်စွာ မပြေမလည်ဖြစ်နေတဲ့ ၂ နိုင်ငံကြား ဆက်ဆံရေး ခိုင်မာစေဖို့ ဦးတည်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မစ္စတာ Modi ဝန်ကြီးချုပ် တာဝန်ယူတာ တရက်ပြည့်တဲ့ အင်္ဂါနေ့က နယူးဒေလီမှာ တွေ့ဆုံခဲ့ကြတဲ့ ခေါင်းဆောင် ၂ ဦးဟာ မဆွေးနွေးခင်မှာပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ဆွဲ နှုတ်ခဲ့ကြတာပါ။

မစ္စတာ Modi ဟာ တနင်္လာနေ့က ကျင်းပတဲ့ သူ့ရဲ့ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ မစ္စတာ Sharif ကို မမျှော်လင့်ဘဲ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ပါကစ္စတန် ခေါင်းဆောင်တဦးအနေနဲ့ အခုလို အခမ်းအနားမျိုးကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ကြတဲ့ သီရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ မော်လဒိုက်၊ ဘူတန်၊ နီပေါ နဲ့ မော်ရေးရှပ်စ် နိုင်ငံတွေက ခေါင်းဆောင်တွေလည်း မစ္စတာ Modi နဲ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အိန္ဒိယ ခေါင်းဆောင်သစ်အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် အဓိကထား ဆောင်ရွက်သွားမယ့် အခြေအနေကို မကြုံစဖူး တွေ့နေရပါတယ်။

၂၀၀၈ ခုနှစ်က ပါကစ္စတန် စစ်သွေးကြွတွေကြောင့် လူပေါင်း ၁၆၆ ဦးသေဆုံးခဲ့ရတဲ့ မွန်ဘိုင်း အတိုက်ခိုက်ခံရမှု နောက်ပိုင်း နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန် အိမ်နီးချင်း ၂ နိုင်ငံကြား ဆက်ဆံရေးတွေ ဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG