သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Kovind ခရီးနှင့် အိန္ဒိယ-မြန်မာဆက်ဆံရေး


အိန္ဒိယသမ္မတ Ram Nath Kovind နှင့် တွေ့ဆုံနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး။ ဇန်နဝါရီ ၂၇၊ ၂၀၁၈)
အိန္ဒိယသမ္မတ Ram Nath Kovind နှင့် တွေ့ဆုံနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး။ ဇန်နဝါရီ ၂၇၊ ၂၀၁၈)

အိန္ဒိယသမ္မတ Ram Nath Kovind နဲ့ ဇနီး ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံကို အလည်အပတ်ရောက် လာလိမ့်မယ်လို့ အိန္ဒိယသတင်းတွေကဖေါ်ပြပါတယ်။ ဒီငါးရက်ကြာခရီးစဉ် အတွင်း သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင် ပင်ခံဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဆုံ သွားမှာ ဖြစ်ပြီး ၂ နိုင်ငံသဘောတူညီမှုတော်တော်များများလည်း လက်မှတ် ရေးထိုးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ အိန္ဒိယဟာ အခုနောက်ပိုင်းမှာ မြန်မာနဲ့ စီးပွါးရေးအရဆက်ဆံမှုတွေပို များလာ နေ ပြီး အိန္ဒိယဆီက စိုက်ပျိုးရေး၊ ပညာရေးနဲ့ IT နည်းပညာတွေ များများရနိုင်အောင် မြန်မာဘက်က ကြိုးပမ်းသင့်တယ်လို့ အိန္ဒိယနိုင်ငံမှာ အနှစ်၂၀ ကျော် နေထိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဒေါက်တာ တင့်ဆွေက ပြောပါတယ်။ အိန္ဒိယ-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ကိုကျော်အောင်လွင်က ဒေါက်တာတင့်ဆွေနဲ့ ဆက်သွယ်မေးမြန်း ထားပါတယ်။

ဗွီအိုအေ ။ ။ မြန်မာပြည်မှာ အရပ်သားအစိုးရတက်လာပြီးနောက်ပိုင်း အိန္ဒိယ-မြန်မာ ဆက်ဆံရေးက အရင် စစ်ဘက်က အုပ်ချုပ်တဲ့ကာလနဲ့ ဘယ်လို ကွာခြားချက်တွေ ထူးထူးခြားခြားရှိပါလဲခင်ဗျ။ ဘယ်လို တိုးတက်မှုတွေ ရှိပါလဲ။

ဒေါက်တာတင့်ဆွေ ။ ။ အိန္ဒိယ-မြန်မာဆက်ဆံရေးကို နှစ်အနည်းငယ်လောက်ပဲ နောက်ပြန်ကြည့်လို့ရှိရင် အိန္ဒိယမှာ ဒေါက်တာ အဘူ ကာလန်ခေါ်တဲ့ သိပ္ပံပညာရှင် သမ္မတဖြစ်တဲ့အချိန် မြန်မာပြည်မှာလည်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေ အုပ်ချုပ်နေတဲ့အချိန်တုန်းက အိန္ဒိယနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လျှို့ဝှက် ကတိပြုချက် တွေ ပေးတယ်။ အဲဒီသတင်းတွေလည်း wikileak မှာ ထွက်ခဲ့တော့ ကျနော်တို့ အတော် မကျေနပ်ခဲ့ကြပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်နှိုက်ကလည်း အိန္ဒိယကို သူ့လက်ထက်မှာ နှစ်ခေါက်တောင် အိန္ဒိယကိုလာတယ် ခင်ဗျ။ တနည်းအားဖြင့် အိန္ဒိယဟာ တက်နေတဲ့အစိုးရဟာ စစ်အစိုးရဖြစ်ပါစေ နှစ်နိုင်ငံဆက်ဆံရေးကို အစိုးရအကြိုက် ရွေးတယ်ဆိုတဲ့ အခြေခံမူ ရှိခဲ့တယ်လို့ ထင်ပါတယ်။

အခု အရပ်သားအစိုးရလို့ခေါ်တဲ့ သမ္မတနှစ်ဆက်အတွင်းမှာလည်း ဒီအတိုင်းပဲ အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ အဆင်ပြေအောင်ကြိုးစားတဲ့ နိုင်ငံခြားရေးပေါ်လစီကို ကျင့်သုံးတယ်လို့ ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ နည်းနည်းပိုထူးခြားတာပေါ့။ သူက အိန္ဒိယအခြေခံတဲ့ သမိုင်းကြောင်းလည်း ရှိတာက တချက်ပေါ့။

ဗွီအိုအေ ။ ။ ဟုတ်ကဲ့၊ နှစ်နိုင်ငံဆက်ဆံတယ်ဆိုတဲ့နေရာမှာ စစ်ရေးအရ ဆက်ဆံရေးရှိမယ်၊ စီးပွားရေး အရ ဆက်ဆံရေး ရှိမယ်။ ဒီ နှစ်ခုပေါ့လေ-အဓိကအားဖြင့် နိုင်ငံရေးအရ ဆက်ဆံရေး- ဆိုတော့ အိန္ဒိယနဲ့မြန်မာ ဆက်ဆံရေးဟာ ဘယ်ဟာက သိသိသာသာ ပိုပြီးတော့ အားကောင်းတယ်လို့ ဆရာထင်ပါသလဲ ခင်ဗျ။

ဒေါက်တာတင့်ဆွေ ။ ။ ဟိုး စောစောပိုင်းကာလပေါ့နော်- ၁၉၈၈-၉၀ အထိကတော့ ဒီမိုကရေစီဘက်ကို လုံးလုံးထောက်ခံ ခဲ့တဲ့ ရာဂျစ်ဂန္ဒီအစိုးရလက်ထက်ပေါ့။ အဲဒီနောက်မှာ ပြောင်းပြန် ပြန်ပြီးတော့ တက်နေတဲ့ အစိုးရကို ထောက်ခံတဲ့လမ်းကြောင်း ပြောင်းပါတယ်။ စစ်ရေးကနေ စစ်ရေး စစ်ရေးချင်း ဆက်ဆံရေးကနေ စခဲ့တယ်။ စခဲ့ရာကနေ နောက်ကျတော့ တိုးတက်လာပြီးတော့ ပြောင်းလဲလာတယ်။ အဲဒီအချိန်မှာ အိန္ဒိယက သူ့ရဲ့လုံခြုံရေး အရှေ့ဘက်မျက်နှာစာလုံခြုံရေးဒေါင့်ကပဲ ကြည့်ခဲ့ပြီးတော့ စီးပွားရေးတွေ၊ ကျန်တဲ့အရေးတွေကို သူက ခပ်ကွယ်ကွယ်နဲ့ ထားခဲ့တယ်။ ဒီနောက်ပိုင်းကျတော့ နှစ်နိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေးကိစ္စရယ်၊ သုံးနိုင်ငံ ဖြတ်လမ်းအပါအဝင် သူ့ရဲ့စီးပွားရေးဘက်ကိုပါ ဦးစားပေးလာတဲ့ပေါ်လစီကို အိန္ဒိယက ပြောင်းလဲလာပါတယ်။ ဒါကြောင့် အခုခရီးစဉ်မှာလည်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို အခြေကုပ်ပြီးတော့ သူ့ရဲ့စီးပွားရေး တိုးတက် အောင် ဘယ်လို လုပ်မလဲဆိုတာကို ကြည့်လိမ့်မယ်လို့ ယူဆတဲ့အတွက် စစ်တွေဆိပ်ကမ်းအပါအဝင် ကုလားတန် ဖွံ့ဖြိုးရေးအပါအဝင် ချင်းပြည်နယ်မှာလုပ်နေတဲ့ ကိစ္စရယ် နောက် IT ကိစ္စတွေပါ တိုးပြီးတော့ ကျယ်ပြန့်လာလိမ့်မယ်လို့ မျှော်မှန်းရပါတယ်ခင်ဗျ။

ဗွီအိုအေ ။ ။ ဟုတ်ကဲ့၊ တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးမှာ ဘယ်ဘက်က ပိုပြီးတော့ အားသာမှုရှိတယ်လို့ ဆရာတွေ့ပါသလဲ။

ဒေါက်တာတင့်ဆွေ ။ ။ ဒီလိုဗျ- အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံရဲ့ သမိုင်းကြောင်းကိုကြည့်ရင် တရုတ်ဟာ အိန္ဒိယနိုင်ငံကို ဝင်တိုက်ခဲ့တဲ့သမိုင်းကြောင်းရှိပြီး အိန္ဒိယက ဘယ်နိုင်ငံကိုမှ ဝင်မတိုက်ဘဲ သူကသာ အတိုက်ခံရတဲ့ နိုင်ငံဖြစ်တော့ အိန္ဒိယနဲ့ဆက်ဆံရတာ ကျနော်တို့ နောက်ကျောလုံတယ်လို့ ကျနော်တို့ ပထမပြောပါရစေ။ နောက် ဒုတိယတချက်က တရုတ်နိုင်ငံဟာ ခေါင်းဆောင်အဆက်ဆက် ရေရှည်ကြည့်တဲ့ အမြင်နဲ့ နှစ် ၅၀-၁၀၀ ကိုကြည့်တဲ့အမြင်နဲ့ သူက နိုင်ငံတကာ ဆက်ဆံရေးကို လုပ်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံ သေးသေးလေးကလည်း တခု အပါအဝင်ပေါ့။

အိန္ဒိယကတော့ အခုမှ ရေတိုဆန်ဆန်လေးတွေ လုပ်လာတော့ အရေအတွက်ရော၊ မျှော်မှန်းချက်ရော အဲဒီလို ကြည့်ရင် တရုတ်က အင်မတန်မှ ကြီးပြီးတော့ အိန္ဒိယကသေးတယ်လို့ ပြောလို့ရပါတယ်။ နှစ်နိုင်ငံဆက်ဆံရေး အရ ပြောရင် အိန္ဒိယနဲ့ဗမာဆက်ဆံရေးက ပိုပြီးတော့ သင့်မြတ်မှုရှိတယ်လို့ ပြောချင်ပါတယ်။ ကြိုဆိုသင့်တဲ့ ခရီးစဉ်တခုလို့ မြင်ပါတယ်။

ဗွီအိုအေ ။ ။ အိန္ဒိယသမ္မတ မြန်မာပြည်ကို သွားလည်မယ့်အချိန်ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ပြဿနာ လည်း တော်တော် ကြီးကြီးမားမားရှိနေတယ်။ နိုင်ငံတကာကလည်း စိတ်ဝင်စားနေတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့ တရုတ်ကလည်း ပါဝင်ပတ်သက်မှုတွေ ရှိတယ်။ အိန္ဒိယဘက်ကလည်း အတိုင်းအတာတခု အထိ ပါဝင် ပတ်သက်မှုတွေရှိတယ်။ တရုတ်နိုင်ငံမှာ ရိုဟင်ဂျာတွေ ထူးထူးခြားခြားရှိတယ်လို့ မကြားမိပေမယ့် အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာက ၄ သောင်းကျော်လောက်ရှိတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။

ဒေါက်တာတင့်ဆွေ ။ ။ အိန္ဒိယနိုင်ငံက ဒုက္ခသည်လို့ခေါ်တဲ့ refugee policy က အင်မတန်မှ ငြင်သာပါ တယ်။ ဘယ်နိုင်ငံကလာလာ၊ ဘယ်နယ်စပ်ကလာလာ သူက လူသားချင်း စာနာထောက်ထားမှုဒေါင့်က ကြည့် ပါတယ်။ နောက် ရိုဟင်ဂျာလို့ ပြောတဲ့ မူဆလင်ဒုက္ခသည်တွေက အိန္ဒိယကိုဝင်နေတာ တော်တော့ကို ကြာပါပြီ။ ဆိုတော့ ရိုဟင်ဂျာနာမည်မရှိပါဘူး-အစက။ မြန်မာနိုင်ငံမှာ အခုရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာဆိုတဲ့ နိုင်ငံတကာ ဖိအားအပေါ်မှာ အိန္ဒိယက တရုတ်ထက်စာရင် စာနာထောက်ထားမှု ဒေါင့်ကနေ ကြည့်လိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ ဒါ နိုင်ငံတကာက ပူလောင်တဲ့ issue တခုဖြစ်တဲ့ နိုင်ငံ့ခေါင်းဆောင် တယောက်လာရင် မပြော မဖြစ်လို့ ဒီတခါတော့ ပြောကောင်း ပြောပါလိမ့်မယ်ခင်ဗျ။

ဗွီအိုအေ ။ ။ အိန္ဒိယသမ္မတ လာမယ့်ခရီးစဉ်မှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အကျိုးအမြတ်တွေရအောင် လုပ်သင့်တယ်လို့ ထင်ပါလဲခင်ဗျ။

ဒေါက်တာတင့်ဆွေ ။ ။ အိန္ဒိယမှာ ကျနော်တို့နဲ့လိုက်လျောညီထွေတဲ့ အတတ်ပညာ၊ အသိပညာ၊ အထောက် အကူတွေ အများကြီးရှိပါတယ်။ စိုက်ပျိုးရေးနယ်ပယ်၊ IT နယ်ပယ်၊ ပညာရေးနယ်ပယ်မှာ ရစရာတွေကို အသုံးချသင့်တယ်လို့ ကျနော် ယူဆပါတယ်ခင်ဗျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG