သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသမ္မတ မြန်မာခရီးစဉ် လုံခြုံရေးဆိုင်ရာ အလေးပေးဆွေးနွေးဖို့ရှိ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း လက်ခံတွေ့ဆုံနေတဲ့ အိန္ဒိယသမ္မတ Ram Nath Kovind (ဇန်နဝါရီ ၂၈၊ ၂၀၁၈) Photo: Myanmar News Agency
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း လက်ခံတွေ့ဆုံနေတဲ့ အိန္ဒိယသမ္မတ Ram Nath Kovind (ဇန်နဝါရီ ၂၈၊ ၂၀၁၈) Photo: Myanmar News Agency

အိန္ဒိယသမ္မတ Ram Nath Kovind ရဲ့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ တနင်္လာနေ့မှာ ရောက်ရှိလာမှာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ တရုတ်ရဲ့ ကျောက်ဖြူဆိပ်ကမ်းတည်ဆောက်မယ့်ကိစ္စ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် အထူးစိုးရိမ်မကင်းဖြစ်နေတဲ့ အိန္ဒိယအတွက် သမ္မတရဲ့ အခုခရီးစဉ်မှာ လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားကို အဓိကထားဆွေးနွေးဖို့ရှိကြောင်း သုံးသပ်ချက်တွေ ရှိနေပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ဒီဇင်ဘာလ (၁၀)ရက်ကနေ (၁၄)ရက်နေ့ထိ ငါးရက်ကြာမြန်မာနိုင်ငံခရီးစဉ်မှာ အိန္ဒိယသမ္မတ Ram Nath Kovind အနေနဲ့ အာဆီယံဒေသအတွင်း အိန္ဒိယနဲ့ အနီးကပ်ဆက်ဆံရေးအရှိဆုံး မြန်မာနဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းခိုင်မာအောင် တည်ဆောက်ဖို့ရှိပါတယ်။

အိန္ဒိယအစိုးရဟာ တရုတ်ရဲ့ မြန်မာနိုင်ငံထဲ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်မှုနဲ့ ပတ်သက်ပြီး သူ့နိုင်ငံရဲ့ လုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်မှု ရှိတယ်လို့ သတ်မှတ်ထားတာကြောင့် အခု အိန္ဒိယသမ္မတရဲ့ မြန်မာ ခရီးစဉ်အတွင်း လုံခြုံရေးဆိုင်ရာ အလေးပေး ဆွေးနွေးဖို့ ရှိတယ်လို့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးအကဲခပ် အမေရိကန်အခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက အခုလို ပြောပါတယ်။

"နဝတ စစ်အစိုးရလက်ထက်ကတည်းက ကိုကိုးကျွန်းမှာ ရေတပ်စခန်း တရုတ်ကလာဆောက်တဲ့ကိစ္စမှာ အိန္ဒိယက ခေါင်းခဲခဲနဲ့ ရင်ဆိုင်ခဲ့ရတာပေါ့နော်။ အဲဒီနောက်ပိုင်းမှာ စစ်တွေဆိပ်ကမ်းကို အိန္ဒိယက ကြိုးစားလုပ်တယ်။ နောက် အိန္ဒိယ နယ်စပ်ဒေသ ၂ ခုဖြစ်တဲ့ ပထမတော့ချင်းပြည်နယ် ဒုတိယတော့ ရခိုင်ပြည်နယ်ပေါ့ ဒီ ၂ နေရာကိုပဲ အာရုံစိုက်ပြီး အိန္ဒိယက ကြိုးစားခဲ့တယ်။ အခုနောက်ဆုံးဖြစ်လာတဲ့ စစ်တွေရယ် ကျောက်ဖြူရယ်၊ အိန္ဒိယကတော့ ကလားတန်ပေါ့နော် ဒါတွေကိုကြည့်ရင် အိန္ဒိယကလုံခြုံရေးကို အဓိကထားစဉ်းစားတယ်။ တရုတ်ကတော့ သူ့နိုင်ငံကြီးပွားတိုးတက်အောင် ဖွံ့ဖြိုးအောင် ကမ္ဘာကို လွှမ်းမိုးနိုင်အောင်ကြည့်တာ ။ အဲဒီတော့ ကြည့်တဲ့အချက်ကလည်း မတူဘူး။ အိန္ဒိယကလုံခြုံရေးအတွက်ကို တရုတ်ရဲ့ မြန်မာပြည်ပေါ်မှာ ခြေကုတ်ယူမှုနဲ့ တခြားအိမ်နီးချင်းတွေအပေါ်မှာ ခြေကုတ်ယူမှုမှာ အိန္ဒိယက အင်မတန်မှ စိုးရိမ်ခေါင်းခဲစရာဖြစ်တယ်ဆိုတာလည်း အမှန်ပါပဲ။"

မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေး မြန်မာနဲ့ တရုတ်အကြား နိုဝင်ဘာလက သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့ ကိစ္စဟာ ပါကစ္စတန်မှာ တရုတ်ရဲ့ Gwadar ဆိပ်ကမ်းတည်ဆောက်မှုထက်တောင် ပိုပြီး သူ့ရဲ့ လုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်မှုအဖြစ် အိန္ဒိယအစိုးရက သတ်မှတ်ခဲ့တာပါ။

တရုတ်ရဲ့ ကြွေးထောက်ချောက်ထဲ မိမှာကို မြန်မာဘက်က စိုးရိမ်မှုတွေ ဖြစ်ပြီးနောက်ပိုင်း ကျောက်ဖြူရေနက် ဆိပ်ကမ်းတည်ဆောက်ရေး တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ နိုဝင်ဘာလက သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့အထဲမှာ အရင်က ကုန်ကျငွေ အမေရိကန်ဒေါ်လာ ခုနှစ်ဘီလီယံ အစား ၁.၃ ဘီလီယံထိ လျော့ချခဲ့ဖြစ်ပါတယ်။ နောက် ဒီစီမံကိန်းကို တရုတ်ဘက်က Citic Group က ၇၀% နဲ့ မြန်မာဘက်က ကျောက်ဖြူ အထူးစီးပွားရေးဇုံ စီမံခန့်ခွဲမှု ကော်မတီကနေ ၃၀ % ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။ အခုလို ကျောက်ဖြူဆိပ်ကမ်းတည်ဆောက်ရေးပမာဏကို လျော့ချလိုက်ပေမယ့် ဒီစီမံကိန်းကို စောင့်ကြည့်လေ့လာနေတဲ့ အိန္ဒိယတာဝန်ရှိသူတွေဘက်ပြောတာကတော့ အဲဒီဒေသတဝိုက် တရုတ်ရဲ့လှုပ်ရှားမှုတွေနဲ့ တည်ဆောက်မှုလုပ်ငန်းတွေကို သူတို့ စုံစမ်းထောက်လှမ်းချက်အရ စီမံကိန်းရဲ့ ရည်ရွယ်ချက်နဲ့ လက်တွေ့ဆောင်ရွက်ချက်တွေဟာ တသတ်မတ်တည်း ဖြစ်မနေဘူးလို့ဆိုပါတယ်။

ဒါကြောင့်လည်း အိန္ဒိယ သမ္မတ Ram Nath Kovind ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း လုံခြုံရေးအကျိုးစီးပွားကို အဓိကထား ဆွေးနွေးလိမ့်မယ့်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

"ဒါကို ဘယ်လိုလုပ်နိုင်မလဲဆိုရင် အိန္ဒိယကြိုးစားမှု သမိုင်းကြောင်းကြည့်ရင် မြန်မာနိုင်ငံ အစိုးရနဲ့ တတ်နိုင်သလောက်တော့သူ ထိန်းနိုင်အောင် ကြိုးစားသွားလိမ့်မယ်။ မြန်မာနိုင်ငံကလည်း တရုတ်ဖြစ်ဖြစ် အိန္ဒိယဖြစ်ဖြစ် ဘယ်နိုင်ငံကိုမှ အသာမပေးပဲနဲ့ ထိန်းညှိတဲ့ပေါ်လစီကို လက်ရှိအစိုးရက ကျင့်သုံးလိမ့်မယ် အရင်ကတော့ တမျိုးပေါ့နော် စစ်အစိုးရ လက်ထက်တုန်းကတော့ ။ အခုလက်ထက်မှာတော့ ဒီမိုကရေစီအစိုးရကို အခွင့်ကောင်းယူပြီး အိန္ဒိယဟာ သူ့လုံခြုံရေး အကျိုးစီးပွားအတွက် မြန်မာနိုင်ငံနဲ့ အတတ်နိုင်ဆုံးကြိုးစားဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။"

အိန္ဒိယနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ လက်ရှိအသုံးပြုနေပြီဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်ဖွံဖြိုးရေးအစီအစဉ်မှာ သူ့နိုင်ငံရဲ့ ပါဝင်ကူညီမှုကို အိန္ဒိယဘက်က အလေးအနက်ပြသခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နေရပ်ပြန်ပို့ခံရမယ့် ရိုဟင်ဂျာတွေအတွက် ရခိုင်ပြည်နယ်မြောက်ပိုင်း အိမ်ရာစီမံကိန်းမှာ အိမ်အလုံးပေါင်း ၂၅၀ ကို အိန္ဒိယက တည်ဆောက်ပေးဖို့ အစီစဉ်ရှိပါတယ်။ အခု အိန္ဒိယသမ္မတ ခရီးစဉ်အတွင်း တည်ဆောက်ပြီးသွားတဲ့ အိမ်အလုံးပေါင်း ၅၀ ကိုမြန်မာအစိုးရကို တရားဝင်ပေးအပ်ပွဲရှိကြောင်း နိုင်ငံခြားရေးဌာန အတွင်းဝန် Vijay Gokhale က ပြီးခဲ့တဲ့သတင်းပတ်အတွင်း နယူးဒေလီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီဇင်ဘာလ (၁၀)ရက်နေ့ နေပြည်တော်ကို ရောက်ရှိလာမယ့် အိန္ဒိယ သမ္မတ Ram Nath Kovind နဲ့သမ္မတကတော်တို့ဟာ ဒီဇင်ဘာလ၁၁ ရက်နေ့မှာ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံရဲ့ အကူအညီနဲ့ဖွင့်လှစ်ထားတဲ့ စိုက်ပျိုးရေးနဲ့ပညာရေး သုတေသနဌာနကို သွားရောက်လည်ပတ်ပါလိမ့်မယ်။ ဒါအပြင် ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တဲ့ အိန္ဒိယရဲ့နောက်ဆုံး မဂိုလ် ဧကရာဇ် Bahadur Shah Zafar ရဲ့ဂူဗိမာန်ကိုလည်း ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သွားဖို့ရှိသလို ရွှေတိဂုံဘုရား၊ အာဇာနည်ဗိမာန်၊ ဓမ္မဇောတိဝိပဿနာရိပ်သာတွေကိုလည်းသွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း မြန်မာကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အိန္ဒိယသမ္မတ တို့ သီးခြားတွေ့ဆုံဖို့ရှိမရှိ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG