အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်ပေါ်လစီ တစိတ်တဒေသအဖြစ်နဲ့ မြန်မာနိုင်ငံကို အိန္ဒိယသမ္မတ Ram Nath Kovind ဒီဇင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်နေ့အထိ သွားရောက်လည်ပတ်တဲ့အခါ ရိုဟင်ဂျာဒုက္ခသည်တွေအရေးက ထိပ်တန်း ဦးစားပေးအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။
သမ္မတ Kovind ဦးဆောင်တဲ့ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေအပါအ၀င် ဒေသတွင်းနဲ့ နိုင်ငံတကာ ကိစ္စရပ် အများအပြားကိုလည်း ဆွေးနွေးကြဖို့ ရှိပါတယ်။ အဲဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေအတွင်း ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးကိစ္စလည်း ပါဝင်မှာ ဖြစ်ပါတယ်။
သမ္မတ Kovind ရဲ့ ခရီးစဉ်အတွင်း သဘောတူညီချက် တချို့လည်း လက်မှတ်ရေးထိုးကြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီးဌာနက ပြောပါတယ်။
ဒီခရီးစဉ်အတွင်း မြန်မာဟာ အိန္ဒိယအတွက် အရေးပါတဲ့ မိတ်ဆွေနိုင်ငံဖြစ်တယ်ဆိုတာကိုလည်း သမ္မတ Kovind က ထပ်လောင်း အတည်ပြုသွားဖို့ ရှိပါတယ်။ မြန်မာဟာ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒနဲ့ အိမ်နီးချင်းနိုင်ငံ အချင်းချင်းကြား ဦးစားပေး ဆက်ဆံရေး ပေါ်လစီတို့အတွက် ကြားခံနိုင်ငံလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံထဲမှာ ကုန်လမ်းရော၊ ရေကြောင်းအရပါ အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်အတွင်း နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအရ နှစ်နိုင်ငံအကြားက ဆက်ဆံမှုတွေဟာ တိုးတက် ကောင်းမွန်လာခဲ့ပြီး နှစ်ဘက် ထိပ်တန်း ခေါင်းဆောင်တွေလည်း အပြန်အလှန် လည်ပတ်မှုတွေ ရှိခဲ့တာပါ။ နှစ်နိုင်ငံစလုံးရဲ့ ကြည်းတပ်နဲ့ ရေတပ်တို့ဟာလည်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် Narendra Modi မြန်မာနိုင်ငံကို မနှစ်က သွားရောက်လည်ပတ်ခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အိန္ဒိယမှာ ကျင်းပတဲ့ အိန္ဒိယ-အာဆီယံ ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးစည်းဝေးပွဲကို ဇန်န၀ါရီလက တက်ရောက်ခဲ့ပါတယ်။