သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အုပ်စုလိုက် အဓမ္မပြုကျင့်မှု အိန္ဒိယတရားရုံး တခါးပိတ်ကြားနာ


မတရားပြုကျင့်ခံရပြီး သေဆုံးသွားခဲ့သူ အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူအတွက် ဆုတောင်းပေးနေကြစဉ်။
မတရားပြုကျင့်ခံရပြီး သေဆုံးသွားခဲ့သူ အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူအတွက် ဆုတောင်းပေးနေကြစဉ်။
အိန္ဒိယနိုင်ငံမှာ အုပ်စုလိုက် မုဒိန်းကျင့်ခဲ့ကြတယ်လို့ စွပ်စွဲခံထားရတဲ့ လူခြောက်ယောက်ထဲက ငါးယောက်ကို ရုံးတင်စစ်ဆေးတဲ့ တရားခွင်မှာ အများပြည်သူ တက်ရောက် နားထောင်ခွင့်မရပါဘူး။

အလျင်အမြန် ကြားနာ စစ်ဆေးမယ့် တရားခွင်ဆီ စွပ်စွဲခံထားရသူတွေ တနင်္လာနေ့ မနက်ပိုင်းမှာ ရောက်သွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ကြားနာ စစ်ဆေးမယ့် ရာဇဝတ်တရားသူကြီး နမ်မ်ရီတာ အက်ဂါဝါလ် (Namrita Aggarwal) က အဲဒီလို ကြေညာခဲ့တာပါ။ နောက်တကြိမ်ကြား နာပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာလုပ်မယ်လို့ သူကပြောပေမယ့် အမှုကို တရားရုံးတင် စစ်ဆေးမှာလားဆိုတာကိုတော့ မပြောသွားပါဘူး။

ဖမ်းဆီးခံထားရသူတွေဘက်က ထုချေလျှောက်လဲဖို့ ရှေ့နေခွင့်ပြုတဲ့ကိစ္စအပေါ် ရှေ့နေတွေက ဆူဆူညံညံ အော်ဟစ် ကန့်ကွက် ခဲ့ကြပြီး ကြားနာပွဲကို နားထောင်ဖို့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ အလုအယက်ဖြစ်နေခဲ့ကြပြီးတဲ့နောက်မှာ လူပြည့်ကျပ် နေတဲ့ တရားရုံးကို တရားသူကြီး Aggarwal က ရှင်းခိုင်းခဲ့ပါတယ်။

ဆယ်ကျော်သက်ရွယ်တဦး အပါအဝင် ပြစ်မှုအတွက် သံသယရှိသူခြောက်ဦးဟာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးနဲ့ သူ့ရဲ့ အမျိုးသားအဖော်တို့ကို ဒီဇင်ဘာလ ၁၆ ရက်နေ့က နယူးဒေလီမြို့တော်မှာ ဘတ်စ်ကားတစီးပေါ်ရောက်အောင် ထောင်ချောက် ဆင်ခဲ့ကြပြီးတဲ့နောက် တိုက်ခိုက်ခဲ့ကြတာလို့ စွပ်စွဲခံထားရပါတယ်။ အမျိုးသမီးနဲ့အမျိုးသား နှစ်ဦးလုံးကို သံတုတ်နဲ့ရိုက်၊ အမျိုးသမီးကို မုဒိန်းကျင့်ပြီး နှစ်ယောက်စလုံးကို ဘတ်စ်ကားပေါ်ကနေ ပစ်ချခဲ့ကြပါတယ်။

အမျိုးသမီးဟာ ဆေးကုသမှု ခံယူနေခဲ့ တဲ့ စင်္ကာပူနိုင်ငံက ဆေးရုံတခုပေါ်မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

အဖမ်းခံထားရသူတွေအပေါ် လူသတ်မှု၊ မုဒိန်းကျင့်မှု၊ ပြန်ပေးဆွဲမှုအပါအဝင် တခြားစွဲချက်တွေနဲ့ အာဏာပိုင်တွေက စွဲတင်ထား ပါတယ်။ အပြစ်ရှိကြောင်း ဆုံးဖြတ်တယ်ဆိုရင် သေဒဏ်ချဖို့ တွန်းအားပေးမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG