သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယထံက ရေငုပ်သဘောၤ ဒီနှစ်ကုန်မြန်မာဝယ်ဖို့ စီစဉ်


အိန္ဒိယ ရေငုပ်သဘောၤ တစင်း
အိန္ဒိယ ရေငုပ်သဘောၤ တစင်း

မြန်မာနိုင်ငံ အတွက် ပထမဆုံး ရေငုပ်သဘောၤ ဖြစ်လာမယ့် ဒီဇယ်နဲ့ လျှပ်စစ်ဓါတ်အားသုံး Kilo class အမျိုးအစား ရေငုပ်သဘောၤကို မွမ်းမံပြင်ဆင်ပြီး ဒီနှစ် အတွင်းမှာဘဲ အိန္ဒိယက လွှဲပြောင်းပေးဖို့ ရှိတယ်လို့ Economic Times သတင်းက ဖော်ပြပါတယ်။ လာမယ့် နှစ်တွေ အတွင်း ကိုယ်ပိုင်ရေငုပ်သဘောၤ တပ်ဖွဲ့ ဖွဲ့စည်းဖို့ လုပ်နေတဲ့ မြန်မာ့ ရေတပ်က INS Sindhuvir ရေငုပ်သဘောၤကို လေ့ကျင့်ရေးမှာ သုံးဖို့ ရည်ရွယ်ထားပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ရုရှားထံက ဝယ်ထားတဲ့ Kilo class ရေငုပ်သဘောၤကို လက်ရှိမှာတော့ Hindustan Shipyard လီမိတက်က Vizag မြို့မှာ မွမ်းမံ ပြင်ဆင်နေပြီး ဒီနှစ် မကုန်ခင်မှာ အပြီးသတ်မယ့် အနေအထား ရှိတယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ရေငုပ် သဘောၤရဲ့ မူရင်းထုတ်လုပ်သူ ရုရှားထံကနေ လိုအပ်တဲ့ ခွင့်ပြုချက် ရယူထားပြီး မြန်မာ ရေတပ်မှာ လေ့ကျင့်ရေး အတွက် မူရင်းစနစ်တွေကို ပြန်လည် ပြင်ဆင်မှာ ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေရဲ့ အပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလပိုင်းတွေ အတွင်းမှာဘဲ မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံကြား အဆင့်မြင့် အရာရှိကြီးများ ဆွေးနွေးပွဲတွေ ရှိခဲ့ပြီး မြန်မာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အိန္ဒိယကို တရားဝင် ခရီးစဉ် ရောက်ရှိနေပါတယ်။ နှစ်နိုင်ငံ ကာကွယ်ရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့ မြန်မာ တပ်မတော်ကို လေ့ကျင့်သင်တန်းပေးရေး၊ ပင်လယ် ရေကြောင်းလုံခြုံရေး ပိုပြီး ခိုင်မာရေး အတွက် ပူးတွဲ ထောက်လှမ်း စောင့်ကြည့်ရေးနဲ့ စွမ်းရည်မြှင့်တင်ရေး၊ အခြေခံ အဆောက်အဦး ဖွံ့ဖြိုးရေးတို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ဌာနက ပြောဆိုထားပါတယ်။

ဆိုဗီယက်ခေတ်က ထုတ်လုပ်ခဲ့တဲ့ INS Sindhuvir ရေငုပ်သင်္ဘောလွဲှပြောင်းပေးရေးကို အိန္ဒိယ ကာကွယ်ရေးနဲ့ လုံခြုံရေး အရာရှိတွေနဲ့ အိန္ဒိယကို မြန်မာစစ်ကိုယ်စားလှယ်အဖွဲ့နဲ့ ရောက်ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကြား ဇူလိုင်လ (၂၉) ရက်နေ့ ဆွေးနွေးပွဲအတွင်း ထည့်သွင်းပြောဆိုခဲ့တဲ့အကြောင်း Jane's Defence Weekly စာစောင်ကို အိန္ဒိယအစိုးရ သတင်းအရင်းအမြစ်တွေက ပြောကြားခဲ့တယ်လို့ လည်း အဲဒီစာစောင်မှာ ကိုးကား ဖေါ်ပြထားပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ (၉)ရက်ကြာ အိန္ဒိယခရီးစဉ်ဟာ သြဂုတ်လ (၂)ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

TLA လို့ အတိုကောက်ခေါ်တဲ့ ခေတ်မှီ ရှိုင်းအီနား အပေ့ါစား တော်ပီဒိုတွေကိုလည်း အိန္ဒိယက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က မြန်မာကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် တန်ဖိုးရှိတဲ့ ဒီစာချုပ်ကို နေပြည်တော်နဲ့ နယူးဒေလီကြား ၂၀၁၇ မတ်လက ချုပ်ဆိုခဲ့တာဖြစ်ပြီး ဒါဟာ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးမှာ အဓိကကြတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG