သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်သံလိုင်းတခုကို တရက်ပိတ်ပင်တဲ့ အိန္ဒိယအစိုးရ မီဒီယာလောကဝေဖန်


အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ရုပ်မြင်သံကြားကြည့်ရှု့နေတဲ့ လူငယ်များ။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က ရုပ်မြင်သံကြားကြည့်ရှု့နေတဲ့ လူငယ်များ။

အခုနှစ်အစောပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတခုကို ထုတ်လွှင့်ခဲ့တဲ့ အိန္ဒိယနိုင်ငံ ထိပ်တန်းရုပ်သံသတင်းလိုင်းတခုကို ပြစ်ဒဏ်အနေနဲ့ တရက်ကြာ ထုတ်လွှင့်ခွင့် ပိတ်ဖို့ အမိန့်ထုတ်လိုက်တဲ့အပေါ်မှာ အိန္ဒိယနိုင်ငံက ထင်ရှားတဲ့ သတင်းထောက်တွေ နဲ့ အယ်ဒီတာတွေက အိန္ဒိယအစိုးရ ကို ဝေဖန်လိုက်ပါတယ်။

ဒီလို တားမြစ်ပိတ်ပင်လိုက်တာဟာ အကြမ်းဖက် တိုက်ခိုက်မှု သတင်းပေးပို့တာ နဲ့ပတ်သက်ပြီး မီဒီယာထုတ်လွှင့်မှုတွေအပေါ်မှာ ပထမဆုံး ပိတ်ပင် လိုက်တာဖြစ် သလို၊ ဒါဟာ ပြင်းထန်တဲ့ ဆင်ဆာဖြတ်တောက်မှုဖြစ်တယ်လို့ Guild of India သတင်းဌာနက အယ်ဒီတာတွေက ပြောလိုက်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အခြေခံ အခွင့်အရေးတွေကို ပယ်ဖျက်လိုက်တဲ့ ၁၉၇၅ ခုနှစ်က အရေးပေါ်အုပ်ချုပ်မှုအခြေအနေ နဲ့ ဆင်တူနေတယ်လို့ ဆိုပါတယ်။

NDTV ရဲ့ Hindi ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တယ်လို့ဆိုတဲ့ သတင်းဟာ ဗျူဟာအရ အလွန်ကိုသိမ်မွေ့နက်နဲပြီး၊ အဲဒီသတင်းကို အကြမ်းဖက်သမားတွေက ယူသွားနိုင်တာကြောင့်၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းက Pathankot လေတပ် အခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့တဲ့ စစ်သွေးကြွတွေကို နှိမ်နှင်းတဲ့ စစ်ဆေးရေးအတွင်းမှာ အမျိုးသားလုံခြုံရေးကို ထိခိုက်သွားနိုင်ခြေရှိတယ်လို့ အိန္ဒိယနိုင်ငံ သတင်းနဲ့ပြန်ကြားရေးဝန်ကြီးဌာနကကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အိန္ဒိယစစ်သား ၇ ယောက်သေဆုံးခဲ့တာပါ။ အဲဒီလေတပ်အခြေစိုက်စခန်းက တိုက်လေယာဉ်တွေ နဲ့ သံချပ်ကာကားတွေ ရဲ့ နေရာတွေကို အဲဒီ ရုပ်သံလိုင်းက ဖော်ပြခဲ့တယ်လို့ဆိုပါတယ်။

NDTV ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး ဒီသတင်းကို တခြားရုပ်သံတွေနဲ့ သတင်းစာ အားလုံးက ဖော်ပြတာကြောင့်၊ ဒီကိစ္စမှာ သူတို့ကိုရွေးပြီးပြောတဲ့အတွက် အံ့သြမိတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG