သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယက အမျိုးသမီးတွေအတွက် ဘဏ်


ဘာရာတီယာ မာလီဟာဘဏ်ရဲ့ မွမ်ဘိုင်းမြို့ ပထမဆုံး ဘဏ်ခွဲက အမျိုးသမီးဝန်ထမ်းများ။ နိုဝင်ဘာ ၁၉၊ ၂၀၁၃။
ဘာရာတီယာ မာလီဟာဘဏ်ရဲ့ မွမ်ဘိုင်းမြို့ ပထမဆုံး ဘဏ်ခွဲက အမျိုးသမီးဝန်ထမ်းများ။ နိုဝင်ဘာ ၁၉၊ ၂၀၁၃။
အမျိုးသမီးတွေရဲ့ စီးပွားရေးစွမ်းဆောင်ရည် တိုးတက်လာစေဖို့ မျှော်လင့်ချက်နဲ့ အထူးသဖြင့် အမျိုးသမီးတွေကို ဝန်ဆောင်မှုပေးမယ့် ဘဏ်တစ်ခုကို အိန္ဒိယနိုင်ငံမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဒီဘဏ်ကနေ အမျိုးသမီးတွေအတွက် ဘဏ်ငွေစာရင်း ဖွင့်တာနဲ့ ချေးငွေရယူတာလို ဝန်ဆောင်မှုတွေကို ပိုပြီး လွယ်လွယ်ကူကူပေးဖို့ ရည်ရွယ်ထားပါတယ်။ နယူးဒေလီမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Anjana Pasricha ပေးပို့ထားတဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

Komal Devi ဟာ နယူးဒေလီမြို့တော်နား Gurgaon ရပ်ကွက်မှာ အိမ်သုံးလုံးကို သန့်ရှင်းရေး ဝန်ဆောင်မှုပေးနေတဲ့ အိမ် အကူလုပ်သားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့တစ်လဝင်ငွေ ဒေါ်လာ ၁၀၀ ထဲကနေ လစဉ် ဒေါ်လာ ၂၀ လောက် သူက စုထားနိုင်ပါ တယ်။ ဒါပေမဲ့လည်း အဲဒီစုငွေကို သွားထည့်ထားဖို့နေရာ မရှိပါဘူး။
ဘဏ်ငွေစာရင်းတစ်ခုဖွင့်ဖို့ အကြိမ်များစွာ သူကြိုးစားခဲ့ဖူးတယ်လို့ Komal Devi က ဟိန္ဒီဘာသာစကားနဲ့ ပြောပါတယ်။ ဒါပေမဲ့လည်း ကျေးရွာလေးတစ်ခုကနေ ရွှေ့ပြောင်းလာသူဖြစ်တာမို့ မြို့ကြီးပြကြီးမှာပြဖို့ အထောက်အထား သူ့မှာ ဘာမှ မရှိတာကြောင့် ဘဏ်ငွေစာရင်း မဖွင့်နိုင်ခဲ့ပါဘူးတဲ့၊ သူ စုဆောင်းထားတဲ့ငွေလေး တစ်ခုခုဖြစ်သွားမှာ သူက စိုးရိမ်နေပါတယ်။ ဘာအလုပ်မှမလုပ်ဘဲ အိမ်မှာ အားအားရှိလှဲနေတဲ့ သူ့ယောက်ျားက ယူသွားလိုက်၊ တစ်ခါတစ်ခါကျတော့ သုံးလို့ ကုန်သွားလိုက်နဲ့ ဖြစ်နေပါတယ်လို့ Devi က ပြောပါတယ်။
သူ့လိုအမျိုးသမီးတွေအတွက် ဘဏ်ဝန်ဆောင်မှုတွေကို ပိုပြီး အလွယ်တကူရလာစေရေး ကူညီဖို့အတွက် Bharatiya Mahila ဘဏ်ဆိုတဲ့နာမည်နဲ့ အများအားဖြင့် အမျိုးသမီးတွေကို ဝန်ဆောင်မှုပေးမယ့် အများပိုင်ဘဏ်တစ်ခုကို အိန္ဒိယက ထူထောင် ဖွင့်လှစ်လိုက်တာပါ။
အိန္ဒိယနိုင်ငံသား အမျိုးသမီးတချို့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်လာခဲ့ကြပေမဲ့လည်း အများစုကတော့ ကြီးမားတဲ့ အခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတုန်းပါပဲလို့ ဒီသီတင်းပတ်အတွင်း မွမ်ဘိုင်းမြို့ဘဏ်ခွဲတစ်ခု ဖွင့်လှစ်တဲ့အခမ်းအနားမှာ ဝန်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် (Manmohan Singh) ကပြောခဲ့ပါတယ်။
“ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားကတော့ အိန္ဒိယနိုင်ငံက အမျိုးသမီးတွေဟာ အိမ်မှာ၊ ကျောင်းမှာ၊ သူတို့ လုပ် ငန်းခွင်တွေမှာနဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေမှာ ခွဲခြားဆက်ဆံခံရတာနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ရဲ့ လူမှုရေး၊ စီးပွားရေး နဲ့ နိုင်ငံရေးဆိုင်ရာ လုပ်ဆောင်နိုင်မှုတွေဟာ အလှမ်းဝေးတဲ့ ပန်းတိုင်တစ်ခုပဲ ဖြစ်နေပါသေးတယ်။ စာတတ်မြောက်မှု၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလန်းနဲ့ စွန့်ဦးတီထွင် လုပ်ငန်းလုပ်ဆောင်နိုင်မှု အရည်အသွေးတွေမှာ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျနေပါတယ်။”
အခုလိုဘဏ်မျိုး ထူထောင်လိုက်တာဟာ အမျိုးသမီးတွေရဲ့ စီးပွားရေး စွမ်းဆောင်ရည် တိုးတက်လာစေဖို့ ခြေလှမ်းငယ်တစ်ခု စ လှမ်းလိုက်တာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
မိသားစုတွင်း ဝင်ငွေ ထွက်ငွေကို အများအားဖြင့် ယောက်ျားတွေက ထိန်းချုပ်ထားတဲ့ အမျိုးသားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းမှာ အိန္ဒိယအမျိုးသမီး လေးပုံသုံးပုံမှာ ဘဏ်ငွေစာရင်း မရှိကြပါဘူး။ ဘဏ်ချေးငွေကို လူတစ်ဦးချင်း ပျှမ်းမျှ ရယူနိုင်တဲ့အခြေအနေမှာ လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အများကြီးကို နည်းနေပါတယ်။
အခုထူထောင်လိုက်တဲ့ ဘဏ်အသစ်ကနေ ဆင်းရဲနွမ်းပါးပြီး အခွင့်အလန်းမရကြတဲ့ အမျိုးသမီးတွေအတွက် ငွေစုဘဏ်စာရင်း ဖွင့်ဖို့ အကူအညီပေးမှာဖြစ်ပါတယ်။ အမျိုးသမီး စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် ဘဏ်ချေးငွေ ရယူတဲ့နေရာမှာ ပိုပြီး လွယ် ကူစေအောင် အားပေးလုပ်ဆောင်မှာဖြစ်ပါတယ်။
ဥပမာအားဖြင့် အမျိုးသမီးတွေအနေနဲ့ အာမခံ အပေါင်ပစ္စည်းတစ်ခုခု မထားနိုင်ဘူးဆိုရင်တောင်မှ စီးပွားရေးလုပ်ငန်း အသေးစား တွေ စတင်လုပ်ဆောင်နိုင်ဖို့အတွက် ချေးငွေ ဒေါ်လာ ၄၀၀ အထိ ဘဏ်က ထုတ်ချေးမှာပါ။ ဒီ အာမခံ အပေါင်ပစ္စည်းကိစ္စဟာ အိုးအိမ်ခြံမြေ စတဲ့ ပစ္စည်းဥစ္စာတွေကို အများအားဖြင့် အမျိုးသားတွေကပဲ ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုမှာ ပြဿနာတစ်ရပ်ဖြစ်ပါ တယ်။ အဲဒီလို အာမခံ အပေါင်ပစ္စည်းမပါဘဲ ချေးငွေ ရယူနိုင်မယ့် ဝန်ဆောင်မှုဟာ ကလေးထိန်းကျောင်းတွေနဲ့ အချက်အပြုတ် လုပ်ငန်းတွေလို စီးပွားရေးတွေ ထူထောင်ဖို့အတွက် ချေးငွေ ထုတ်ပေးခြင်းအားဖြင့် တခြား စီးပွားရေးနဲ့ ကုန်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေကနေ အမျိုးသမီးတွေကို ကူညီလာအောင် အားပေးမှာဖြစ်ပါတယ်။
ဘဏ်သစ်ဟာ အဓိကမြို့ကြီးတွေမှာ ဘဏ်ခွဲခုနစ်ခုဖွင့်ပြီးတော့ လုပ်ငန်းစတင်ပါလိမ့်မယ်။ အဲဒီနောက် လေးနှစ်အတွင်း တခြား မြို့ပြနဲ့ ကျေးလက်ဒေသတွေမှာ ဘဏ်ခွဲပေါင်း ၅၀၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့မှာ အမျိုးသမီး ၈ ဦးပါဝင်ပြီး ဝန်ထမ်းအများစုဟာလည်း အမျိုးသမီးတွေပဲဖြစ်ပါတယ်။
Komal Devi အတွက်တော့ Bharatiya Mahila ဘဏ်ဟာ သူ့အတွက် မျှော်လင့်ချက်ရောင်ချည်လေး သန်းလာစေပါတယ်။
သိပ်မကြာသေးခင်ကပဲ သူစုထားတဲ့ငွေနဲ့ ရွှေဆွဲကြိုးတစ်ကုံး ဝယ်လိုက်တယ်လို့ Devi က ပြောပါတယ်။ လက်ဝတ်ရတနာဟာ အိန္ဒိယအမျိုးသမီးတွေမှာရှိတဲ့ တစ်မျိုးတည်းသော ပိုင်ဆိုင်ပစ္စည်းပါ။ သူ့စုငွေကိုထည့်ထားဖို့ တခြား ဘယ် နေရာမှမရှိတာကြောင့် သူ့မှာ ရွေးချယ်စရာမရှိခဲ့ဘူးလို့ Devi က ပြောပါတယ်။ ဒါပေမဲ့လည်း ဘဏ်ငွေစာရင်းဖွင့်ပြီး စိတ်ချလက်ချ နဲ့ ဘေးကင်းရန်ကင်း အပ်ထားရတာမျိုးကို သူက ပိုကြိုက်တာပါ။
ဘဏ်အသစ်ရဲ့ အောင်မြင်မှုကို ကျေးလက်ဒေသတွေဆီ ဘယ်လောက်ထိ ထိုးဖောက်နိုင်သလည်း ဆိုတာပေါ်ကြည့်ပြီး ဆုံးဖြတ် ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အိန္ဒိယ ကျေးလက်ဒေသတွေမှာက ဘဏ်လုပ်ငန်းဝန်ဆောင်မှု နည်းပါးလှပြီး အဆိုးရွားဆုံးသော လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှု တွေကို အမျိုးသမီးတွေ ရင်ဆိုင် ကြုံတွေ့နေရတာကြောင့်ပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG