သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြည်ပြည်ဆိုင်ရာဒုက္ခသည်နေ့ အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေ စုဝေးဆုတောင်း


အပြည်ပြည်ဆိုင်ရာဒုက္ခသည်နေ့ အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေ စုဝေးဆုတောင်း၊ ဂျွန် ၂၀ ၊ ၂၀၂၃
အပြည်ပြည်ဆိုင်ရာဒုက္ခသည်နေ့ အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေ စုဝေးဆုတောင်း၊ ဂျွန် ၂၀ ၊ ၂၀၂၃
ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ (၂၀) ရက်နေ့ အင်္ဂါနေက အိန္ဒိယနိုင်ငံ မြို့တော်မှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ စုဝေးဆုတောင်းခဲ့ကြပါတယ်။ မြန်မာဒုက္ခသည်များ လိုအပ်ချက် ကော်မတီက ဦးဆောင်ပြီး ဒေလီက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အပြင်ဘက်မှာ ဆုတောင်းပွဲနဲ့ အတူ အခြေခံ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်ခံရမှုတွေ ရဖို့ ကြွေးကြော် တောင်းဆိုခဲ့ကြတယ်လို့ အိန္ဒိယမီဒီယာတွေမှာ ဖော်ပြပါတယ်။

အိန္ဒိယအစိုးရဟာ တရားဝင် ဒုက္ခသည် မရှိကြောင်း ကြေညာထားပြီး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ(UNHCR)က ထုတ်ပေးထားတဲ့ ကဒ်ပြားတွေကို အသိအမှတ်မပြုဘဲ ဒုက္ခသည်တွေကို “တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူတွေ” အဖြစ် ဆက်ဆံကာ ကာလရှည် နေထိုင်ခွင့်ထုတ်မပေးဘူး ဆိုပြီး စုဝေးသူတွေက ကုလသမဂ္ဂ ကို တင်ပြခဲ့ကြပါတယ်။

နေထိုင်ခွင့်ပါမစ်မရှိရင် သက်သေခံ အထောက်အထား ကတ်ပြား လုပ်လို့ မရလို့ ဘဏ်စာရင်းဖွင့်တာ၊ နိုင်ငံခြားက ဆွေမျိုးတွေဆီက ငွေလက်ခံတာလုပ်လို့ မရသလိုအလုပ်လုပ်ကိုင်ခွင့်၊ သားသမီးတွေ ကျောင်းတက်ခွင့်၊ ယာဉ်မောင်းလိုင်စင် လုပ်ခွင့်တွေမရှိတဲ့အတွက် အခက်အခဲတွေကြုံရကြောင်း ဒုက္ခသည် တွေက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ အာဖဂန်နစ္စတန်၊ သီရိလင်္ကာ၊ တိဗက်နဲ့ မြန်မာနိုင်ငံက လာသူတွေက လက်ခံထားပေမယ့် ၁၉၅၁ ကုလသမဂ္ဂ ဂျနီဗာ ကွန်ဗင်းရှင်းသတောတူညီချက်မှာ ပါဝင် လက်မှတ်ထိုးမထားတာကြောင့် UNHCR ရဲ့ ဒုက္ခသည်လက်မှတ်တွေကို တရားဝင် အသိအမှတ်မပြုတာပါ။

UNHCR အဆိုအရ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည်နဲ့ ခိုလှုံခွင့်လျှောက်ထားသူ နိုင်ငံစုံက လူပေါင်း ၂၅၀,၀၀၀ ဝန်းကျင်ရှိပြီး အာဏာပိုင်တွေက သီရိလင်္ကာနဲ့ တိဗက်နွယ်ဖွား ဒုက္ခသည်တွေကိုသာ တရားဝင် ထောက်ပံ့ ပေးထားတယ် ဆိုပါတယ်။ အိန္ဒိယမှာ မြန်မာနိုင်ငံက ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ထွက်ပြေးသွားသူ တွေနဲ့ အရင်ကခွဲခြားဆက်ဆံခံရမှုကြောင့် ထွက်ပြေးလာသူရိုဟင်ဂျာလူနည်းစုဝင်တွေ အပါအဝင် မြန်မာ နိုင်ငံက လာတဲ့ ဒုက္ခသည် ၃၅,၀၀၀ ဝန်းကျင် ရှိနေတယ်လို့ အိန္ဒိယ ပြည်တွင်း သတင်းတွေက ဆိုပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီရဲ့ လက်ယာစွန်း ဟိန္ဒူ အမျိုးသားရေးဝါဒီ အစိုးရဟာ နှိပ်စက်ညှဉ်းပန်းမှု တွေနဲ့ အကြမ်းဖက်မှုတွေ ခံခဲ့ရလို့ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ မွတ်ဆလင်လူနည်းစု ရိုဟင်ဂျာတွေ ကိုလည်း နေရပ်ပြန်ပို့နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG