(Zawgyi/Unicode)
အင်ဒိုနီးရှားနိုင်ငံက တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Medan မြို့က ရဲစခန်းကို ဒီကနေ့ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့ရာမှာ ၆ ဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။
အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေး အစီအစဉ်တွေ စတင်နေပြီး ရဲစခန်းတွေ ဘာသာရေးဝတ်ပြုရာ နေရာတွေကို တိုက်ခိုက်ခံရနိုင်ကြောင်း သတိပေးချက် ထွက်ပေါ်နေချိန်မှာပဲ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာပါ။
ရဲတပ်ဖွဲ့ဝင်တွေ အောင်လက်မှတ်တွေ လက်ခံရယူဖို့ တန်းစီစောင့်ဆိုင်းနေချိန်မှာပဲ တိုက်ခိုက်သူဟာ အစောင့်ဂိတ်ကို ကျော်ဖြတ်လာခဲ့ပြီး တခြားရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တိုးချိန်မှာ အသေခံဖောက်ခွဲလိုက်တာ ဖြစ်ကြောင်းလည်း အင်ဒိုနီးရှားရဲတပ်ဖွဲ့ ပြောခွင့်ရ Muhammad Iqbal ကပြောပါတယ်။
ကားရပ်နားရာ အနီးမှာ အသေခံဖောက်ခွဲခဲ့ရာက တိုက်ခိုက်သူ သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးနဲ့ အရပ်သား ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း ပြောပါတယ်။
ဒဏ်ရာရသူတွေကိုတော့ အနီးအနားက ရဲတပ်ဖွဲ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး၊ အများစုကတော့ အနည်းအကျဉ်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။ ဗွီဒီယိုပုံတွေမှာတော့ ရဲစခန်းထဲကနေ လူတွေထွက်ပြေးကြတာ မီးလောင်နေတဲ့ ကားက မီးခိုးလုံးတွေ ထွက်နေတာကိုလည်း တွေ့ရပါတယ်။
လုံခြုံရေးမှတ်တမ်းတင် ကင်မရာက ဗွီဒီယိုမှာတော့ ကားရပ်နားရာ နေရာကနေ တိုက်ခိုက်သူ လမ်းလျှောက်ထွက်လာပြီးနောက် အနည်းဆုံး ပေါက်ကွဲမှုတခုဖြစ်တာကိုလည်း တွေ့ရပါတယ်။
တိုက်ခိုက်သူဟာ အသက် ၂၄ နှစ်အရွယ် တက္ကသိုလ်ကျောင်းသား တဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူ တဦးက ပြောဆိုထားပြီး ဒေသခံ IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့ခွဲတခုနဲ့ ဆက်နွယ်တဲ့ အုပ်စုတခုနဲ့ ဆက်နွယ်မှု ရှိ-မရှိ စုံစမ်းနေကြောင်းလည်း ပြောဆိုခဲ့တာပါ။
ရဲစခန်းမှာ လုံခြုံရေးအတွက် စစ်ဆေးမှုတွေ ရှိပေမဲ့လည်း တိုက်ခိုက်သူဟာ သူ့မှာပါလာတဲ့ ကျောပိုးအိတ်ကို တာဝန်ရှိသူတွေက စစ်ဆေးဖို့ ကြိုးစားတဲ့ အချိန်မှာပဲ ဖောက်ခွဲခဲ့တာလို့လည်း ပြောပါတယ်။
[Unicode Version]