သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ဗလီဗုံးကွဲမှု လူ ၁၂ဦးထက်မနည်း သေဆုံး


Afghan policemen inspect a mosque after a blast in Khost province, Afghanistan, May 6, 2018.
Afghan policemen inspect a mosque after a blast in Khost province, Afghanistan, May 6, 2018.

အာဖဂန်နစ္စတန် အရှေ့တောင်ပိုင်း ဒေသက မဲဆန္ဒရှင် စာရင်းပေးသွင်းရာ စင်တာ အဖြစ် အသုံးပြုနေတဲ့ လူစည်ကားရာ ဗလီဝတ်ကျောင်းမှာ အင်းအားပြင်းဗုံး ပေါက်ကွဲခဲ့တာကြောင့် ဘုရားဝတ်ပြုသူ အနည်းဆုံး ၁၂ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံ မြောက်ပိုင်းမှာ အိန္ဒိယ နိုင်ငံသား အများစု ပါတဲ့ အင်ဂျင်နီယာ ၇ ဦးကို ဘယ်သူတွေမှန်း မသိရတဲ့ သေနတ်သမားတွေ ပြန်ပေးဆွဲပြီး နာရီပိုင်း အကြာမှာဘဲ နိုင်ငံတောင်ပိုင်းမှာ ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။

ပါကစ္စတန်နဲ့ နယ်စပ်မှာ ရှိတဲ့ Khost ပြည်နယ်က ဗလီဝတ်ကျောင်းမှာ ဗုံးကွဲခဲ့တာပါ။ အသေအပျောက် အရေအတွက်ကို ပြည်နယ်ရဲချုပ်က ဗွီအိုအေကို အတည်ပြုပါတယ်။ အသေအပျောက် အရေအတွက် တိုးလာဦးမယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။ အသေခံ ဗုံးခွဲသမားက တိုက်ခိုက်ခဲ့တာလို့ ကနဦးသတင်းတွေမှာ ဖော်ပြခဲ့ကြပေမယ်လို့လည်း ပြည်နယ် ရဲချုပ် Hanan ကတော့ ကနဦး စုံးစမ်းချက်တွေ အရတော့ ထောင်ထားတဲ့ဗုံး ပေါက်ကွဲခဲ့တယ်လို့ ယူဆတဲ့ အကြောင်း ပြောဆိုပါတယ်။

အခု ဗုံးပေါက်ကွဲမှုကို ဘယ်သူကမှ သူတို့ လက်ချက်လို့ မပြောသေးပါဘူး။ တာလီဘန်တို့ကတော့ သူတို့နဲ့ ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း မြို့တော် ကာဘူးလ်က မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးရေး စင်တာမှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် လူပေါင်း ၆၀ လောက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရခဲ့တာပါ။ ဒီတိုက်ခိုက်မှုကိုတော့ အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင် ပြောဆိုခဲ့တာပါ။ ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းတုန်းကလည်း အာဖဂန်နိုင်ငံ မြောက်ပိုင်း မတည်မငြိမ် ဖြစ်နေတဲ့ Baghlan ပြည်နယ်ရဲ့ မြို့တော် Pul-e-khomri အနီးမှာ အိန္ဒိယ နိုင်ငံသား အင်ဂျင်နီယာ ၆ ဦးနဲ့ ဒေသခံ တဦးတို့ ပျောက်ဆုံးသွားတယ်လို့ အာဖဂန် အရာရှိတို့က ပြောပါတယ်။

လျှပ်စစ် ဓာတ်အားခွဲရုံမှာ အလုပ်လုပ်နေကြတဲ့ အင်ဂျင်နီယာတွေ အလုပ်အသွားမှာ လက်နက်ကိုင်တွေက ခြုံခို တိုက်ခိုက်ခဲ့ပြီး ပြန်ပေးဆွဲ ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ လျှပ်စစ်ဓာတ်အားခွဲရုံကို လည်ပတ်နေတဲ့ အိန္ဒိယ ကုမ္ပဏီက ဝန်ထမ်းတွေ ပြန်ပေးဆွဲခံရတာ ဖြစ်ပါတယ်။ တာလီဘန် သူပုန်တွေ လှုပ်ရှားနေတဲ့ Baglan ပြည်နယ်ထဲက ပြန်ပေးဆွဲ ခံရမှုဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။ တချိန်တည်းမှာဘဲ နိုင်ငံ မြောက်ပိုင်း Badakhsahn ပြည်နယ်က တာလီဘန်တို့ ထိန်းချုပ်ရာ ခရိုင် တခုကို ဒီကနေ့ တနင်္ဂနွေနေ့မှာ အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေက လေကြောင်းပစ်ကူနဲ့ ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း အာဖဂန် တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

အာဖဂန် ဗလီဗုံးကွဲမှု လူ ၁၂ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:02:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG