သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူအရေအတွက် ထောင်ကျော်အထိတိုး


အင်ဒိုနီးရှား နိုင်ငံ ဆူလာဝေဆီ ကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်နဲ့ ဆူနာမီလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁၂၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ ဘေးဒဏ် အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ Palu မြို့ကနေ သတင်းပေးပို့ချက်တွေမှာတော့ မြို့ခံတွေက အစားအသောက်နဲ့ ရေသန့် ရဖို့ အတွက် ပိုင်ရှင်မဲ့ ဖြစ်နေတဲ့ ဈေးဆိုင်တွေထဲကို ဝင်ရောက် လုယက်နေကြတယ်လို့ ဖော်ပြကြပါတယ်။

အစိုးရဘက်က အရေးပေါ် ကူညီထောက်ပံ့ရေး နှေးကွေးလွန်းတာကြောင့် မကျေနပ်မှုတွေလည်း ကြီးထွားလာနေပါတယ်။ အသက်ရှင် ကျန်ရစ်သူတွေကို တွေ့လို တွေ့ငြား Palu မြို့တဝန်းက အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေး အဖွဲ့တွေ တူးဖော်နေကြဆဲ ဖြစ်ပေမယ့် စက်ယန္တရားကြီးတွေ မရှိတာကြောင့် နှောင့်နှေးကြန့်ကြာနေပါတယ်။ Palu မြို့က ပြိုကျနေတဲ့ Roa Roa ဟိုတယ်အောက်မှာ အနည်းဆုံး လူပေါင်း ၅၀ လောက် ပိတ်မိနေတယ်လို့လည်း ယူဆထားကြပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ပြင်းအား ၇ ဒသမ ၅ မဂ္ဂနီကျူရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ပြီး ၆ မီတာလောက်မြင့်တဲ့ ဆူနာမီ လှိုင်းလုံးကြီးတွေဒဏ်ကြောင့် သေဆုံးသူ အရေအတွက် ၁,၂၃၄ ယောက် ရှိသွားပြီလို့ အင်ဒိုနီးရှား ဘေးဒုက္ခ စီမံခန့်ခွဲရေး ဌာနက မနေ့ အင်္ဂါနေ့က ကြေညာပါတယ်။

Palu မြို့တွင်းက အိမ်တွေ အဆောက်အအုံတွေ အများအပြား ပြိုကျခဲ့တာကြောင့် ဒေသခံ ၅ သောင်းလောက် ရွှေ့ပြောင်းထားရပါတယ်။ ဆူနာမီ ရေလှိုင်းဒဏ်ကြောင့် ဆူလာဝေဆီ ကျွန်းပေါ်က လမ်းတွေ၊ တံတားတွေကို တိုက်စားသွားပြီး လေဆိပ်လည်း ပျက်စီးခဲ့ရတာကြောင့် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ဆောင်ရေး နှေးကွေးနေပါတယ်။ စစ်တပ် ကုန်တင်လေယာဉ်၊ ဒါမှမဟုတ်လည်း လေကြောင်းလိုင်း လေယာဉ်နဲ့ ကျွန်းကနေ ထွက်သွားလို့ ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့မနေ့ တနလာၤနေ့တုန်းကတော့ လူပေါင်း ၃ ထောင်လောက် လေဆိပ်ကို လာရောက်စုဝေးခဲ့ကြပါတယ်။

ပါလူမြို့ အနီးက ခရိုင်သုံးခုကို ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ရှိသွားကြပြီ ဖြစ်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တဲ့ အပေါ် အရေးပေါ် တာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။ ခရိုင်သုံးခုပေါင်းမှာ နေထိုင်သူ လူဦးရေ တသန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG