သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား စီးပွားရေး အလားအလာနဲ့ စိမ်ခေါ်မှုများ


အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေဟာ သိသိသာသာ တိုးတက်လာနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေဟာ သိသိသာသာ တိုးတက်လာနေပါတယ်။

အောက်တိုဘာ ၄၊ ၂၀၁၀-အာရှတလွှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတဲ့ နိုင်ငံတွေထဲ အခုအခါ အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်လာပါတယ်။

အာရှတလွှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတဲ့ နိုင်ငံတွေထဲ အခုအခါ အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်လာပါတယ်။ တိုးတက်မှုတွေဟာ စီးပွားရေး အရှိန်အဟုန် ကောင်းနေတဲ့ တရုတ်၊ အိန္ဒိယနိုင်ငံတွေကိုတောင် အမှီလိုက်လာတဲ့အထိ ကြီးထွားလာနေပြီလို့လည်း စီးပွားရေး ပညာရှင်တွေက ဆိုနေကြတာပါ။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် Brian Padden ဂျကာတာမြို့တော်ကနေ ပေးပို့ထားတဲ့ သတင်းဆောင်းပါးနဲ့အတူ အရှေ့တောင်အာရှမှာ စီးပွားရေးအင်အားကောင်းတဲ့ နိုင်ငံတခုအဖြစ် အင်ဒိုနီးရှား နိုင်ငံရဲ့ အားနည်းချက် အားသာချက်တွေဟာ ဘာတွေလည်းဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

ကမ္ဘာနဲ့အဝန်း စီးပွားရေးကျဆင်းမှုတွေ ကြုံခဲ့ရတဲ့ မကြာသေးခင်နှစ်တွေအတွင်း အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုတွေကိုလည်း ထိခိုက်မှုတွေ ရှိခဲ့ပေမဲ့၊ အခုတော့ တိုးတက်မှုပမာဏဟာ ၆ ရာခိုင်နှုန်းကျော်အထိ ပြန်ပြီး အရှိန်ကောင်းလာနေပါတယ်။ အခုဆိုရင် အာရှမှာ ဒုတိယအကောင်းဆုံး စတော့ခ်ရှယ်ယာ ဈေးကွက်တခုအဖြစ်နဲ့လည်း ပေါ်ထွန်းလာတာပါ။ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ တိုးချဲ့လာနိုင်တာ၊ သဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝတာ၊ ပြည်တွင်းဈေးကွက် ကြီးထွားလာနေတာတွေ သာမက၊ ခိုင်မာတဲ့ ဘဏ္ဍာရေးစနစ်နဲ့ တည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေက ကမ္ဘာပေါ်မှာ စီးပွားရေး ခိုင်မာတဲ့ တိုင်းပြည်တပြည်အဖြစ် ပေါ်ထွန်းလာရတဲ့ အခြေခံ အကြောင်းတရားတွေ ဖြစ်ပါတယ်။

ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ရာမှာဆိုရင်လည်း အာရှက ထိပ်တန်းစီးပွားရေး အင်အားကြီးတဲ့ နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယတို့နောက်မှာ ကပ်လိုက်လာနေပြီလို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မီလန် ဇာဗစ်ဂျီလ် (Milan Zavadjil) က ဆိုပါတယ်။
“ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စစ်တမ်းအများအပြားက အဆင့်ခုန်ကျော် သတ်မှတ်ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာ စစ်တမ်းတခုမှာဆိုရင် ပေါ်ထွန်းလာနေတဲ့ ဈေးကွက်တွေကြား နောက်လာမယ့် နှစ်အတော်များများမှာ စတုတ္ထမြောက် ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံအဖြစ် ထည့်သွင်းထားတာပါ။”

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ ပျမ်းမျှလူတဦးချင်း ကုန်ထုတ်လုပ်မှုပမာဏဟာ ဒီနှစ်မှာ ၆.၁ ရာခိုင်နှုန်း၊ ရှေ့လာမယ့်နှစ်မှာဆိုရင် ၆.၃ ရာခိုင်နှုန်းအထိ စီးပွားရေး ဖွံ့ဖြိုးမှုတွေ တိုးလာမယ်လို့ မကြာသေးခင်ကပဲ ဟောကိန်း ထုတ်ခဲ့ပါတယ်။ ဒါဟာလည်း ဝယ်ယူစားသုံးမှုတွေ၊ ပုဂ္ဂလိကနဲ့ အစိုးရပိုင်ကဏ္ဍတွေက ရင်းနှီးမြုပ်နှံမှုတွေ တိုးပွားလာရာက ထွက်ပေါ်လာမယ့် ရလာဒ်တွေအဖြစ်နဲ့လည်း စက်တင်ဘာလ နောက်ဆုံးပတ်မှာ ထုတ်ပြန်ခဲ့တဲ့ ADB ရဲ့အစီရင်ခံစာထဲမှာ ဖော်ပြခဲ့တာပါ။

၂၀၀၈ ခုနှစ်တုန်းက ကမ္ဘာနဲ့အဝန်း စီးပွားရေး အကျပ်အတည်းတွေ ကြုံခဲ့ရတဲ့ ရှုပ်ထွေးပွေလီလှပြီး၊ အထိအခိုက် အဆုံးအရှုံးကြီးမားနိုင်တဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍက ပါဝင်ပတ်သက်ရလောက်အောင် ရှုပ်ရှုပ်ထွေးထွေး မရှိခဲ့တာဟာလည်း အားသာချက်တခု ဖြစ်တယ်လို့ (IMF) ကိုယ်စားလှယ် Zavadjil က မြင်ပါတယ်။ ဒီအတွက်ကြောင့်ပဲ ကမ္ဘာပေါ်က နိုင်ငံတွေ စီးပွားရေးခြွတ်ခြုံကျတဲ့ အဖြစ်နဲ့ ရင်ဆိုင်နေရချိန်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေး အခြေခံကောင်းတွေ ဆက်လက်ခိုင်မာနေခဲ့တာလို့ ဆိုပါတယ်။
“အင်ဒိုနီးရှားနိုင်ငံဟာ ဘဏ္ဍာရေးလိုငွေပြမှု အင်မတန်နည်းပါးပြီး၊ ငွေချေးငှားရာမှာ သတ်မှတ်ချက်တွေ အနည်းအကျဉ်းပဲရှိသလို၊ စားသုံးသူနဲ့ အစိုးရရဲ့ ပြင်ပကြွေးမြီ သိပ်မရှိပဲ နိုင်ငံခြား အရန်ငွေကြေးဟာလည်း အလုံအလောက် ရှိပါတယ်။ ဘဏ်တွေဟာ ဆိုရင်လည်း ငွေပင်ငွေရင်း ခိုင်ခိုင်မာမာနဲ့ ငွေပေါ်နိုင်တဲ့ အခြေအနေမှာရှိနေတာပါ။”

ပြီးခဲ့တဲ့နှစ်ထဲ သမ္မတရွေးကောက်ပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့တာဟာလည်း နိုင်ငံရေး တည်ငြိမ်မှုတွေ၊ အခြေအနေကောင်းတွေ ပေါ်ထွန်းလာစေမယ့် ခေတ်တခေတ်ကို ဦးတည်စေတဲ့ လုပ်ရပ်အဖြစ် ရင်းနှီးမြုပ်နှံသူတွေက မြင်လာကြတာပါ။ ၂၀၀၉ ခုနှစ်တုန်းက ဂျကာတာမြို့တော်က ဟိုတယ် ၂ ခုမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ကြုံခဲ့ရပေမဲ့၊ အကြမ်းဖက်ဝါဒကို ဟန့်တားဖို့ အစိုးရရဲ့ ကျိုးပမ်းမှုတွေကြောင့် ရင်းနှီးမြုပ်နှံသူတွေက ယုံကြည်စိတ်ချမှုတွေလည်း ရှိလာခဲ့ပါတယ်။

အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီး အော်ဂုစ် မာတိုအာဒိုဂျို (Agus Martowardojo) ကတော့ ရင်းနှီးမြုပ်နှံသူတွေအတွက် ငွေကြေးဖောင်းပွမှုတွေကို ထိန်းထားပြီး အကာအကွယ် ပေးနိုင်ခဲ့တာလို အစိုးရရဲ့ သမားရိုးကျ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေက အကျိုးရှိခဲ့တယ်လို့လည်း ဆိုခဲ့တာပါ။
“အရေးအကြီးဆုံး အနေနဲ့ ကျနော်တို့ရဲ့ ဘဏ္ဍာရေးကို စီမံခန့်ခွဲလိုပါတယ်။ စီးပွားရေး နိုးထစေဖို့ ကျနော်တို့ အထောက်အပံ့ ပေးပါမယ်။ ဒါပေမဲ့လည်း ဘဏ္ဍာရေး လိုငွေပြမှုကိုတော့ ၁.၇ ရာခိုင်နှုန်းထက် အကျော်ခံမှာမဟုတ်ပါဘူး။ ဒါကလည်းပဲ အင်ဒိုနီးရှားနိုင်ငံရဲ့ အားသာချက်လို့ ကျနော်ယုံကြည်ပါတယ်။”

စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ကိုင်နေသလို၊ အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာ၀ အရင်းအမြစ်တွေဖြစ်တဲ့ သစ်၊ ကျောက်မီးသွေးနဲ့ ငွေသတ္ထုတို့လို ကုန်တွေ တရုတ်နဲ့ အာရှနိုင်ငံတွေကို တင်ပို့မှုတွေ တိုးမြှင့်လုပ်ကိုင်သွားမယ့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တွေလည်း ချုပ်ဆိုထားတာပါ။ ရှုးဖိနပ် ထုတ်လုပ်မှုလို ကုန်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာလည်း လုပ်ငန်းတွေကို တရုတ်နိုင်ငံကနေ အင်ဒိုနီးရှားကို ပြောင်းရွှေ့လာတာတွေလည်း ရှိနေပါပြီ။ ဒါပေမဲ့လည်း အင်ဒိုနီးရှားနိုင်ငံရဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး မူဝါဒတွေအပေါ် အားလုံးက သဘောကျ နှစ်ခြိုက်နေကြတာတော့ မဟုတ်ပါဘူး။

အင်ဒိုနီးရှား အမျိုးသား အလုပ်သမားသမဂ္ဂရဲ့ အကြီးအကဲဖြစ်တဲ့ ဘာဆို ရုခ်မာနာ (Baso Rukmana) ကတော့ အစိုးရရဲ့ အစီအမံတွေကြောင့် ယှဉ်ပြိုင်ဖို့ ခက်ခဲလာတယ်၊ အထူးသဖြင့်ကတော့ အဝတ်အထည် ထုတ်လုပ်မှုလုပ်ငန်းမှာ အလုပ်အကိုင်တွေ ဆုံးရှုံးနေကြရတယ်လို့ ဆိုပါတယ်။
“အခြေခံအဆောက်အအုံ လိုအပ်ချက်တွေဟာ အဆင်သင့် မဖြစ်သေးဘူး၊ လမ်းတွေဆိုရင်လည်း အလုံအလောက် မရှိဘူး။ စားပွဲအောက်က လျှိုပြီးငွေပေးရတာမျိုးလို ကုန်ထုတ်လုပ်မှုတွေမှာ နောက်ထပ် ကုန်ကျစရာတွေလည်း ရှိနေပါတယ်။”

အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးမှာ အားသာချက်တွေနဲ့အတူ အားနည်းချက်တွေကတော့ ရှိနေဆဲပါ။ အကျင့်ပျက်ခြစားမှုတွေဟာ ကြီးမားတဲ့ ပြဿနာအဖြစ် ရှိနေဆဲ ဖြစ်သလို၊ ဒီအတွက် ဖွံဖြိုးမှုတွေကို အားနည်းစေတယ်လို့လည်း စီးပွားရေး စီမံခန့်ခွဲသူတွေရဲ့ ဆန်းစစ်လေ့လာချက် တချို့မှာ ဖော်ပြခဲ့ကြတာပါ။ အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးကတော့ အခြေခံအဆောက်အအုံတွေ မပြည့်မစုံ ဖြစ်နေရတာတွေကို အသိအမှတ်ပြု လက်ခံထားပါတယ်။ အထူးသဖြင့်ကတော့ နိုင်ငံရဲ့လေကြောင်းနဲ့ ပင်လယ်ဆိပ်ကမ်းတွေက စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိကအဟန့်အတား ဖြစ်စရာ အခြေအနေမှာ ရှိနေတုန်းပဲလို့ ပြောခဲ့တာပါ။

နှစ်အတော်ကြာ အချိန်ယူပြီး လုပ်ကိုင်ရမယ့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပုဂ္ဂလိကလုပ်ငန်းတွေက ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရေးမှာ အာမခံချက် ရှိပါ့မလားဆိုတာ စိုးရိမ်မကင်း ဖြစ်စရာတွေရှိနေတာကိုတော့ အစိုးရက စိတ်ချလက်ချဖြစ်ရအောင် ဆောင်ရွက် ထားတဲ့အကြောင်း ဘဏ္ဍာရေးဝန်ကြီး မာတိုအာဒိုဂျို က ပြောဆိုခဲ့တာပါ။
“မူဝါဒတွေမှာ အပြောင်းအလဲတွေရှိမယ်၊ လိုင်စဉ်တွေ ထုတ်ပေးတာမှာ အပြောင်းအလဲတွေရှိမယ်၊ အုပ်ချုပ်မှုတွေမှာ အပြောင်းအလဲတွေ ရှိလာမယ်ဆိုရင်၊ ဒါတွေကို ကျနော်တို့ အနေနဲ့ အာမခံနိုင်ပါဦးမလား မေးစရာပါ။ ဘဏ္ဍာရေး ဝန်ကြီးတယောက် အနေနဲ့ အခုအခါမှာ ကျနော်တို့ အသင့်ဖြစ်နေပြီလို့ ပြောနိုင်ပါတယ်။ အာမခံနိုင်ဖို့ အသင့်ဖြစ်နေပါပြီ။”

အာရှမှာ ဒုတိယအကောင်းဆုံးအဖြစ် အင်ဒိုနီးရှားနိုင်ငံရဲ့ စတော့ခ်ရှယ်ယာ ဈေးကွက်ဟာ ထူးထူးခြားခြား တိုးတက်လာခဲ့ပေမဲ့၊ တခြားပိုင်ဆိုင်မှုဆိုင်ရာ တန်ဘိုးတွေမှာတော့ မြန်မြန်ဆန်ဆန် တက်လာတာမျိုး မရှိသေးလို့၊ အလွန်အကျွံ စီးပွားရေး ကြီးထွားတဲ့ အန္တာရာယ်မျိုး ရှိနေဆဲ ဖြစ်တယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီးက သတိပေးခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေး ကျွမ်းကျင်သူတွေကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ နှစ်စဉ်စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဟာ ၆ ရာခိုင်နှုန်းကျော်မယ်လို့ တညီတညွတ်တည်း ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ ဒီနှစ်ဝက်အတွက် စီးပွားရေးဖွံ့ဖြိုးမှုနှုန်း ၅.၉ ရာခိုင်နှုန်း ရှိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျန်နှစ်ဝက်ထဲ ရင်းနှီးမြုပ်နှံမှု အရှိန်အဟုန်တွေ တိုးလာဦးလိမ့်မယ်လို့လည်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ စက်တင်ဘာလ အစီရင်ခံစာက ခန့်မှန်းထားတာမို့၊ အရှေ့တောင်အာရှက စီးပွားရေးအင်အား အတောင့်တင်းဆုံး နိုင်ငံအဖြစ် ဆက်လက်တွေ့မြင်နေကြရဦးမှာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG