သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွန့်ပစ်သင်္ဘောသောင်တင်မှု လုံခြုံရေးသတိရှိသင့်


(Yangon Police Facebook)
(Yangon Police Facebook)

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ မုတ္တမပင်လယ်ကွေ့မှာ ရောက်နေတဲ့ နိုင်ငံခြား ကုန်တင်သင်္ဘောကြီးဟာ အမြင်အရ ဟောင်းနွမ်းနေပြီ ဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ သံတိုသံစအဖြစ် ထုခွဲ ဖျက်ဆီးပစ်ဖို့ သယ်လာတာ ဖြစ်နိုင်ကြောင်း ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။ သင်္ဘောပေါ်မှာ လူတဦးမှ ပါမလာပေမယ့် အခုလို သောင်တင်တဲ့အချိန်အထိ ဘယ်သူမှ မသိလိုက်တဲ့ ဖြစ်ရပ်ကြောင့် လုံခြုံရေးအရ သတိထားသင့်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

သုံးခွမြို့နယ်၊ သမစိတ္တကျေးရွာအနီး မုတ္တမ ပင်လယ်ကွေ့မှာ သြဂုတ်လ ၂၉ ရက်နေ့က သောင်တင်နေတဲ့ Sam Ratulangi ဆိုတဲ့ သင်္ဘောဟာ သင်္ဘောပျက်၊ သင်္ဘောဟောင်းတွေကို ဖျက်ဆီးတဲ့လုပ်ငန်းတွေ အများဆုံး ပြုလုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအသွား ဆွဲသင်္ဘောက ကြိုးပြတ်ပြီး အခုလို သုံးခွမှာ သောင်လာတင်တာ ဖြစ်နိုင်ကြောင်း မဟာနဒီ Maritime ကုမ္ပဏီက မန်းနေးဂျင်း ဒါရိုက်တာလည်းဖြစ်၊ ဝါရင့် သင်္ဘော ကပ္ပတိန် တဦးလည်းဖြစ်တဲ့ ဟန်နရီ ခင်မောင်က ဗွီအိုအေကို ရှင်းပြပါတယ်။

"သဘောၤက ဘင်္ဂလားဒေ့ရှ်ကို သွားဖို့အတွက် တိုးလုပ်သွားနေလို့နားလည်ထားတယ်။ လုပ်ပြီးသွားတဲ့အခါမှာ ဖြစ်နိုင်ခြေရှိတာက ရာသီဥတုဆိုးလို့ သောင်တင်သွားတဲ့အခါမှာ အဲဒီအပေါ်မှာ သင်္ဘာသားနဲ့ အကူတွေကပြောင်းပြီးတော့ Abandon လုပ်သွားတယ်လို့ ယူဆရတယ်။ Procedure အရကတော့ တကယ်တမ်း Abandon လုပ်မယ်ဆိုရင် သူတို့သဘောၤက သက်ဆိုင်ရာတွေကိုအကြောင်းကြားပြီးတော့ လုပ်ရမယ်၊ ဒါမှမဟုတ်လို့ရှိရင်လည်း Procedure အရ Abandon ship ဆိုပြီးလုပ်သွားရမယ် အဲဒီတော့ သူတို့ သင်္ဘာသားနဲ့ အကူတွေဆုံးဖြတ်ချက်အားနည်းပြီးတော့ သွားရင်လာရင်နဲ့ပဲ ဘုတ်ပေါ်ကို ကူးသွားတာလည်း ဖြစ်နိုင်တယ်။"

နောက်ဖြစ်နိုင်ခြေ တခုကတော့ ဟောင်းနေပြီဖြစ်တဲ့ ဒီသင်္ဘောအတွက် အာမခံကုမ္ပဏီကနေ လျှော်ကြေးရအောင် တမင် ပင်လယ်ပြင်ထဲမှာ စွန့်ပစ်သွားတာလည်း ဖြစ်နိုင်တယ်လို့ ကပ္ပတိန် ဟန်နရီ ခင်မောင်က သုံးသပ်ပါတယ်။

"အရင်တုန်းက သူတို့ ဘယ်လိုလုပ်သလဲဆိုတော့ insurence အရ ပြန်ပြီးတော့ claim လုပ်ချင်တာမို့လို့ ဒါမျိုးကို အကြံရှိရှိနဲ့ လုပ်သွားတာမျိုးလည်းဖြစ်နိုင်တယ်။ဆိုတော့ အကြောင်းအချက်တွေကတော့ အများကြီးရှိတယ်။ အဲဒါကတော့ သာမန်သင်္ဘောလုပ်ငန်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အနေအထား။ ဒါပေမယ့် authority ကိုအကြောင်းမကြားပဲနဲ့ ခိုးပြီးတော့ ထွက်သွားတယ်ဆိုတာကတော့ တော်တော်ကို ဖြစ်လေ့ဖြစ်ထအင်မတန်နည်းတယ်။ ဘယ်protocol နောက်ပြီး procedure တခုမှ လိုက်မနာပဲနဲ့ လုပ်သွားတာဖြစ်ပါတယ်။ ပြီးတော့ သင်္ဘောလုပ်ငန်းကို လုပ်နေတဲ့ လူတွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါက malpractice ဖြစ်နေတာသေချာတယ်။"

သက်ဆိုင်ရာ ရေပိုင်နက်နိုင်ငံကို အသိပေး အကြောင်းကြားခြင်း မရှိဘဲ လူတယောက်မှမကျန်အောင် သင်္ဘောကို အခုလို စွန့်ပစ်သွားတဲ့ ဖြစ်ရပ်က ထူးဆန်းလွန်နေတယ်လို့ ဆိုပါတယ်။

"အစိုးရိမ်ဆုံးကိစ္စကတော့ လူတယောက်မှ မရှိတာကိုလည်း စိုးရိမ်တယ် ကျနော်တို့က။ လူတယောက်မှ မရှိဘူး အဲဒီလူတွေဘယ်ရောက်သွားလဲ နံပတ် ၁ ၊ နံပတ် ၂ က သောင်တင်တယ်ဆိုရင်တောင်မှ တခုခု အသက်အန္တရာယ်ကြုံတယ်ဆိုရင်လည်း ဆိပ်ကမ်းမှာရှိတဲ့ လူတွေအားလုံးက သက်ဆိုင်ရာနယ်မြေ ၊ မြန်မာပြည်ဆိုရင်လည်း မြန်မာပိုင်နက်ထဲမှာ ဖြစ်တယ်ဆိုရင် ကူညီနိုင်ဖို့အနေအထား အကုန်ရှိတယ် အဲဒါတွေအားလုံး တခုကိုမှ သတင်းမရပဲနဲ့ ပျောက်သွားတယ်ဆိုတာမျိုးကတော့ တေ်ာတေ်ာကို ထူးဆန်းတဲ့ ဖြစ်ရပ်တခုပဲခင်ဗျ။"

ဒီသင်္ဘောကို စစ်ဆေးကြည့်တဲ့အခါ အင်ဒိုနီးရှားနိုင်ငံမှာ နောက်ဆုံး မှတ်ပုံတင်ထားတာကို တွေ့ရှိရကြောင်း သုံးခွမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းက ဗွီအိုအေကို ကြာသပတေးနေ့မှာ ပြောပြခဲ့ပါတယ်။

“ဒီဘက်က အင်တာနက်ကနေ ဒီသင်္ဘောနာမည်နဲ့ မှတ်ပုံတင်ကိုကြည့်ပြီးတော့ ရှာတဲ့အခါမှာ နောက်ဆုံးပိုင်ရှင်ကတော့ အင်ဒိုနီးရှား နိုင်ငံကလို့ သိရပါတယ်ခင်ဗျ။နောက်ပြီးတော့ ဘာဆက်လုပ်မယ်ဆိုတာကတော့ ဒီရေတပ်အစိုးရပိုင်း၊ ရေတပ် အာဏာပိုင် အဖွဲ့အစည်းရဲ့ တာဝန်ဖြစ်ပါတယ်။”

ရေတပ်အပါအဝင် ဆိပ်ကမ်းအာဏာပိုင်တွေ မသိဘဲ နိုင်ငံခြားမှာ မှတ်ပုံတင်ထားတဲ့သင်္ဘောတစင်း အခုလို သောင်လာတင်နေတဲ့ ဖြစ်ရပ်ကြောင့် လုံခြုံရေးအတွက် စိုးရိမ်စရာ ရှိတယ်ဆိုတာကိုလည်း ကပ္ပတိန် ဟန်နရီ ခင်မောင်က ထောက်ပြပါတယ်။

"နောက်တခုကတော့ တချို့တွေဆွေးနွေးတာရှိတယ်ပေါ့နော် အဲဒါကတော့ Security point of view သတိကတော့ အင်မတန်ထားရမယ့်ကိစ္စဖြစ်တယ်။ အဲဒီတော့ case က တကယ့်ကို severe ဖြစ်နေတဲ့အတွက် Security point ကိုလည်း လျော့မတွက်မိဖို့လည်းကျနော်သုံးသပ်ပါတယ်။"

ဗွီအိုအေက စုံစမ်းကြည့်တဲ့အခါ ကုန်တန်ချိန် ၂ သောင်းနီးပါ သယ်ဆောင်နိုင်ပြီး ရေစူး ၉ မီတာကျော် (ပေ ၃၀ ကျော်) ရှိတဲ့ ဒီသင်္ဘောဟာ ၂၀၀၁ ခုနှစ် တည်ဆောက်ခဲ့တဲ့ သင်္ဘောဖြစ်ကြောင်းနဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်း ခုတ်မောင်းသွားလာနေတဲ့ သင်္ဘောဖြစ်ကြောင်း ဖော်ပြထားပါတယ်။ အခုချိန်မှာတော့ သင်္ဘောနဲ့ သက်ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေ သိရှိနိုင်ဖို့ မြန်မာအာဏာပိုင်တွေဘက်က စုံစမ်း ဖော်ထုတ်နေတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG