သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားရဲ့ တရုတ်ဆိုင်ရာမူဝါဒ အလုပ်ဖြစ်နိုင်သလား


အင်ဒိုနီးရှားဟာ တရုတ်နိုင်ငံနဲ့ ရေပိုင်နက် ပြဿနာ ရှိနေပေမဲ့ သမ္မတ Joko Widodo ကတော့ရွေးကောက်ပွဲ နိုင်ပြီးတဲ့နောက် တရုတ်အပေါ် ပျော့ပျောင်းတဲ့ သဘောထား ထားရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တဘက်မှာ စီးပွါးရေးအရ အဆင်ပြေအောင် လုပ်ဆောင်ပြီး အခြားတဘက်မှာတော့ တရုတ်သင်္ဘောတွေကို သူတို့ရေပိုင်နက်က မောင်းထုတ်မယ် ဆိုတော့ ဒီမူဝါဒဟာ လက်တွေ့ဖြစ်နိုင်ပါ့မလား။ VOA သတင်းထောက် Ralph Jennings တိုင်ပေ ကပေးပို့ ထားတဲ့ သတင်းကို ဦးကျော်ဇံသာက ပြောပြပေးမှာပါ။

အာရှတိုက်ရဲ့ တတိယအကြီးဆုံး နိုင်ငံ ဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံ ခေါင်းဆောင်က နိုင်ငံခြားရေးထက် ပြည်တွင်းရေး ကိစ္စတွေကိုသာ ဦးစားပေးလာခဲ့တာပါ။ အခုအခါ သမ္မတ Jokowi ဟာ တရုတ်နိုင်ငံရဲ့ ဒေါ်လာ ၁ ထရီလီယံ သန်းပေါင်း ၁ သန်းကျော် တန်ဖိုးရှိတဲ့ Belt and Road ခေါ်တဲ့ ခါးပတ်လမ်း စီမံကိန်းကို လက်သင့်ခံနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ ၆ နှစ်ကြာ ဒီစီကိန်းဟာ အာရှ၊ ဥရောပ တဝန်း အခြေခံ အဆောက်အဦတွေက တဆင့် ကုန်သွယ်ရေး လမ်းကြောင်း တည်ဆောက်မယ့် စီမံကိန်း ဖြစ်ပါတယ်။

Natuna ကျွန်းစုနားက တရုတ် သဘောၤတွေကို မောင်းထုတ်မှာ ဖြစ်ပေမယ့် ရေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး စစ်ရေးအရ အင်အားကြီးတဲ့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်တာမျိုးကို အင်ဒိုနီးရှား လုပ်မှာမဟုတ်ဘူးလို့လည်း ကျွမ်းကျင်သူတွေက တွက်ကြပါတယ်။ ဂျိုကိုဝီ လို့ အတိုကောက်ခေါ်ဝေါ်ကြတဲ့ အင်ဒိုနီးရှား သမ္မတဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ကမှ ဒုတိယ ၅ နှစ်တာ အတွက် ထပ်မံ အရွေးခံလိုက်ရတာပါ။ Mohan Malik ဟာ အမေရိကန် အခြေစိုက် အာရှ လုံခြုံရေးဆိုင်ရာ ပါမောက္ခတဦး ဖြစ်ပါတယ်။

“ မကြာသေးခင် ရွေးကောက်ပွဲတုန်းက Jokowi ဟာ တရုတ်ထောက်ပံ့တဲ့ စီမံကိန်းတွေကို အရေးမပါသလို လုပ်ဖို့ အားထုတ်ခဲ့ပေမဲ့ လက်ရှိမှာတော့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အတွက် တရုတ်ရင်းနှီးမြှုပ်နှံမှု တွေကို ဆက်လက်စွဲဆောင်ဖွယ် ရှိနေပါတယ်။ တချိန်တည်းမှာပဲ Natuna ကျွန်းစုတွေဆီ တရုတ်ဘက်က ထိုးဖောက်လာတာ ငါးခိုးဖမ်းတာတွေကိုလဲ ခိုင်ခိုင်မာမာ ခုခံပါလိမ့်မယ်။”

တည်ငြိမ်တဲ့ တရုတ် အင်ဒိုနီးရှား ဆက်ဆံရေးဟာ အနောက်တိုင်း အင်အားကြီး နိုင်ငံတွေကို တောင်တရုတ် အငြင်းပွားမှုမှာ ဝင်မစွက်စေချင်တဲ့ တရုတ် အစိုးရရဲ့ ရည်မှန်းချက် အတွက် အကျိုးရှိစေနိုင်ပါတယ်။ တဖက်မှာလည်း အင်ဒိုနီးရှား ကျွန်းနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေ အတွက် အခြေခံ အဆောက်အဦတွေ ဖွံ့ဖြိုးလာနိုင်ပါတယ်။ သမ္မတ ဝီဒိုဒို အနေနဲ့လည်း လာမယ့် ၅ နှစ်တာ သက်တမ်းမှာ ရေလမ်းခရီး ချဲ့ထွင်မှုကို လုပ်ဆောင်မယ်လို့ ယူဆရပါတယ်။

သူဟာ အင်ဒိုနီးရှားကို အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာ နှစ်ခုရဲ့ အင်အားကြီး နိုင်ငံ ဖြစ်စေချင်နေတယ်လို့ ဟိုနိုလူလူ East – West စင်တာ သုတေသန တရပ်က သုံးသပ်ထားပါတယ်။ တရုတ်ကလည်း Natuna ကျွန်းစုကနေ တရုတ်ပြည်မကြီး အထိ စတုရန်းမိုင် ၁ ဒသမ ၃ သန်းထိ ကျယ်ပြန့်တဲ့ တောင်တရုတ်ပင်လယ် ရေပြင် အများစုကို သူတို့ ပိုင်လို့ ပြောနေတာပါ။ Natuna ကျွန်းကို ပိုင်တယ်လို့တော့ မပြောပေမယ့် အနီးအနားမှာလာပြီး ငါးဖမ်းတာတွေလည်း ရှိနေတဲ့ အတွက် အင်ဒိုနီးရှားက အဲဒီ သဘောၤတွေကို မီးရှို့ ဖျက်စီးခဲ့ပြီး အဲဒီ ကျွန်းပေးမှာ ဒရုန်းလေ့ကျင့်ရေး စခန်းတခုကိုလည်း ဖွင့်လှစ်ထားပါတယ်။

အဲဒီနားက အငြင်းပွား ရေပြင်တဝိုက်မှာ တရုတ်ဘက်က သဘာ၀ ဓာတ်ငွေ့ရှာဖွေ လိုပေမယ့် အင်ဒိုနီးရှားကတော့ ဒါကို နိုင်ငံရေး ပြသနာ ကြီးကြီးကျယ်ကျယ် လုပ်မနေဘဲ တရုတ်သဘောၤတွေကို တစီးချင်း ပြန်သွားခိုင်းတာဘဲ လုပ်နေတော့ တရုတ်တို့ အနေနဲ့ ပြသနာရှာဖို့ အခက်အခဲတွေ့နေတယ်လို့ သြစတေးလျ New South Wales တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ Carl Thayer က ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ဘဲ ထိုင်ဝမ် Cheng Shiu တက္ကသိုလ်က အရှေ့တောင်အာရှ ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ Tai Wan-ping ကလည်း အခုလို သုံးသပ်ပါတယ်။

“ လှုံ့ဆော်ရန်စတာက ထိပ်တိုက်ရင်ဆိုင်တိုးတာမျိုး ဖြစ်မလာရင်တော့ ဒီကျွန်းတွေနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားက ဘာမှ တုံ့ပြန်လိမ့်မယ် မဟုတ်ပါဘူး။ အပြောလောက်နဲ့သာ တုံ့ပြန်ကောင်း ပြန်မှာပါ။ စစ်ရေးအရ တုံ့ပြန်မှာ မဟုတ်ပါဘူး။”

အင်ဒိုနီးရှားဟာ တချိန်တုန်းက တရုတ်ရဲ့ ခါးပတ်လမ်း စီမံကိန်းကို သံသယနဲ့ကြည့်ပြီး ပိုပြီး သတိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာလည်း နိုင်ငံတကာနဲ့ အမီ အခြေခံ အဆောက်အဦ တည်ဆောက်ရေးကို မြှင့်တင်မယ်လို့ သမ္မတ ဝီဒိုဒိုက ဆိုထားပါတယ်။ တရုတ်ကလည်း အင်ဒိုနီးရှား နိုင်ငံ ဂျာဗား ကျွန်းပေါ် မီးရထားလမ်းလို စီမံကိန်းတွေအတွက် ဒေါ်လာ သန်းနဲ့ချီပြီးတော့ ကမ်းလှမ်း ထားပြီး ဖြစ်ပါတယ်။ သမ္မတ ဝီဒိုဒိုရဲ့ ရည်မှန်းချက်ကို ပါမောက္ခ Carl Thayer က အခုလို သုံးသပ်ပါတယ်။

“ ဂျိုကိုဝီ အနေနဲ့ သူတို့ဆီက ဆိပ်ကမ်းတွေကို ခေတ်မီစေချင်တယ်၊ အဓိက ရေကြောင်းလမ်းတွေကို လုံခြုံမှုရှိစေချင်တယ်။ တရုတ်ဆီက နောက်ထပ် များများစားစား ပိုမရလဲ တဝက်တပျက်ရရင်ကို သူ့အတွက် အမြတ်ပါဘဲ။ ဒါပေမယ့် အင်ဒိုနီးရှားမှာ အခြေခံ အားဖြင့် တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ် ရှိနေပါတယ်။ ”

အင်ဒိုနီးရှား ခေါင်းဆောင် အနေနဲ့ တရုတ် အပေါ် မီခိုလွန်း အားကြီးရင်လည်း ၁၉၆၀ ပြည့်လွန်တုန်းက တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ဖူးတဲ့ သူ့နိုင်ငံ အဖို့ ပြန်လည်ပြီး ခံပြင်းစရာ ဖြစ်မလာရလေအောင် သတိထားရမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG