သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု တရားဝင် စတင်


အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့်ဧပြီလကျရင်ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ တနင်္ဂနွေနေ့မှာ တရားဝင် စတင်ပါပြီ။ “Jokowi” လို့ခေါ်ကြတဲ့ လက်ရှိသမ္မတ Joko Widodo နဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း တဦးတို့ကြား အဓိက ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြောင်း ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

တနင်္ဂနွေနေ့မနက်ပိုင်းက ဂျကာတာမြို့လည်ခေါင်မှာလုပ်တဲ့ မဲဆွယ်စည်းရုံးရေး တရားဝင်စတင်ပွဲ အခမ်းအနားတွေကို သမ္မတ Jokowi နဲ့ ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း Prabowo Subianto တို့ နှစ်ဦးလုံး အင်ဒိုနီးရှား ရိုးရာဝတ်စုံတွေဝတ်ဆင်ပြီး အသီးသီး တက်ရောက်ကြပါတယ်။

တဘက်နဲ့တဘက် လုပ်ကြံ တိုက်ခိုက်တာတွေ၊ လူမျိုးရေးနဲ့ဘာသာရေးကိစ္စတွေကို နိုင်ငံရေးမှာ အသုံးချ မဲဆွယ်စည်းရုံးတာတွေ ကိုရှောင်ပြီး ငြိမ်းချမ်းတဲ့ယှဉ်ပြိုင်မှုဖြစ်အောင် လုပ်ကြမယ်လို့ သူတို့နှစ်ယောက်လုံးက ကတိပြုကြပါတယ်။

သမ္မတ Joko Widodo က ဘဟားဆား အင်ဒိုနီးရှားဘာသာစကားနဲ့ အခုလိုပြောပါတယ်။

“တယောက်ကိုတယောက် ပုတ်ခတ်စော်ကားတာ၊ လေးစားမှုကင်းမဲ့တာ၊ ထိခိုက်နစ်နာအောင် ပြောဆိုတာတွေ ဟာ အင်ဒိုနီးရှားနိုင်ငံသားတွေအဖြစ် ကျနော်တို့ကိုင်စွဲထားတဲ့ အင်ဒိုနီးရှားတန်ဖိုးတွေ မဟုတ်ပါဘူး။”

၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဂျိုကိုဝီကို အရေးနိမ့်ခဲ့တဲ့ Prabowo ဟာ ၁၉၉၈ ခုနှစ်က ကျောင်းသားတွေ ဆန္ဒပြပြီး အာဏာရှင် ဆူဟာတိုကို ဖြုတ်ချလိုက်တဲ့အချိန်မတိုင်ခင် မတည်မငြိမ်နဲ့ ရုန်းရင်းဆန်ခတ်အခြေအနေတွေ လအတော်ကြာ ဖြစ်ခဲ့ချိန် တုန်းက စစ်ဘက် ထိပ်တန်းတာဝန်ရှိသူတဦးဖြစ်ပါတယ်။

အဲဒီကာလအတွင်းက ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဖမ်းဆီးဖို့ ညွှန်ကြားခဲ့တယ်ဆိုတာ ဆူဟာတို ပြုတ်ကျသွားပြီးတဲ့နောက် Prabowo က ဝန်ခံခဲ့ပြီး စစ်တပ်ကနေ ထုတ်ပယ်ခံခဲ့ရသူပါ။

အခုတော့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရဖို့ ဒုတိယအကြိမ် ထပ်ကြိုးစားလာသူ Prabowo ကလည်း ဒီမိုကရေစီ နည်းကျ ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့ အေးဆေးတည်ငြိမ်ရပါမယ်၊ စိတ်ခံစားမှု မများရပါဘူး၊ ထိန်းသိမ်းကြရပါမယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို စနစ်တကျ ငြိမ်းချမ်းစွာ ကြိုဆို လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။”

ဂျိုကိုဝီနဲ့ Prabowo တို့ရဲ့ ပြောစကားတွေအပေါ် အင်ဒိုနီးရှားနိုင်ငံသား အများအပြားက လက်ခံကြပုံရှိတာကို အငှားယာဉ်မောင်း တဦးဖြစ်သူ Edi ပြောတာအရ သိနိုင်ပါတယ်။

“အင်ဒိုနီးရှားနိုင်ငံသားတဦးအနေနဲ့ ကျနော်ဖြစ်ချင်တာကတော့ ချောမွေ့ ငြိမ်းချမ်း စနစ်ကျတဲ့နည်းလမ်းနဲ့ ဒီမိုကရေစီ ကို ကျင့်သုံး လုပ်ဆောင်ကြတာမျိုးပါ။ နှစ်ဘက်ထောက်ခံသူ အသီးသီးကြားမှာ လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်မျိုး မရှိသင့်ပါဘူး။”

၂၀၁၇ ခုနှစ် ဂျကာတာမြို့တော်ဝန် ရွေးကောက်ပွဲတုန်းက တရုတ်လူမျိုး ခရစ်ယာန်ဘာသာဝင် မြို့တော်ဝန်ဟောင်းကို သဘော ထားတင်းမာတဲ့ မွတ်ဆလင်တွေက အကြီးအကျယ် ဆန္ဒပြကန့်ကွက်ပြီး ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့သလို ထပ်ဖြစ် မှာကို အင်ဒိုနီးရှားနိုင်ငံသား အများအပြားက မလိုလားကြပါဘူး။ ဒီထဲမှာ လုံခြုံရေးအရာရှိတဦးဖြစ်သူ Budi လည်းအပါအဝင်ပါ။

“ရုန်းရင်းဆန်ခတ် တစုံတရာမရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက အရေးအကြီးဆုံးပါပဲ။ အဓိကရုဏ်းမဖြစ်ရပါဘူး။ ရွေးကောက်ပွဲဟာ ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းကျရပါမယ်။ ဒါ့အပြင် မဲဝယ်တာမျိုးလည်း ထပ်မဖြစ်ရပါ ဘူး။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံသားတွေ တကယ်တမ်းဖြစ်ချင်တာပါပဲ။”

ဂျိုကိုဝီက သူ့ရဲ့ဒုတိယသမ္မတလောင်းအဖြစ် နိုင်ငံမှာ အစ္စလာမ်ဘာသာ ထိပ်တန်းအာဏာပိုင်အဖွဲ့ဖြစ်တဲ့ အင်ဒိုနီးရှား Ulema ကောင်စီ (MUI) ရဲ့ဥက္ကဌ အသက် ၇၅ နှစ်အရွယ် တရားဟောဆရာ Ma’ruf Amin ကို ရွေးလိုက်တာကြောင့် အတော်များများ အံ့အားသင့်သွားကြပါတယ်။ MUI အဖွဲ့ဟာ fatwa လို့ခေါ်တဲ့ အစ္စလာမ်ဘာသာအရ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်တဲ့အဖွဲ့ဖြစ်ပြီး တချို့လူနည်းစုတွေအပေါ် ခွဲခြားသတ်မှတ်တဲ့အမြင် ရှိတဲ့အဖွဲ့အဖြစ် ထင်ရှားပါတယ်။

အင်ဒိုနီးရှားလူဦးရေ သန်းပေါင်း ၂၆၀ မှာ ၉၀% က အစဉ်အလာအားဖြင့် အစွန်းမရောက်တဲ့ အစ္စလာမ်အယူကို လိုက်နာကြသူ တွေဖြစ်ပေမဲ့ အခုတော့ တင်းမာတဲ့အယူဘက် ပိုပြီးပြောင်းလာနေပြီလားဆိုတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။

Prabowo ရဲ့ ဒုတိယသမ္မတလောင်းကတော့ ဒုတိယ ဂျကာတာမြို့တော်ဝန်ဟောင်း၊ စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီး Sandiaga Uno ပါ။

သမ္မတရွေးကောက်ပွဲဝင်မယ့်သူတွေ မှတ်ပုံတင်ရမယ့်ကာလ ကုန်သွားပြီးတဲ့နောက် အင်ဒိုနီးရှား Survey Circle (LSI) က ပထမ ဆုံးကောက်ယူတဲ့ လူထုသဘောထားစစ်တမ်းမှာ ဂျိုကိုဝီနဲ့ Amin တို့အပေါ် ထောက်ခံသူ ၅၂% ရှိပြီး Prabowo နဲ့ Uno အပေါ် ထောက်ခံသူက ၃၀% ရှိတာတွေ့ရပါတယ်။

အင်ဒိုနီးရှားသုံး rupiah ငွေတန်ဖိုး မကြာသေးခင် သီတင်းပတ်တွေအတွင်း တန်ဖိုးကျလာနေတာ၊ ပြည်ပကြွေးမြီကိစ္စနဲ့ သယံဇာတအရင်းအမြစ်တွေကို ပြည်ပထိန်းချုပ်မှုများနေတဲ့ကိစ္စတွေကို အဓိက အသုံးချပြီး မဲဆွယ်စည်းရုံးပွဲတွေမှာ အတိုက်အခံ တွေက ဂျိုကိုဝီကို ထိုးနှက်လိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဧပြီလ ၁၇ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ နိုင်ငံလွှတ်တော်နဲ့ ဒေသဆိုင်ရာလွှတ်တော်တွေအတွက် လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း မဲပေးရွေးချယ်ကြရမှာဖြစ်ပြီး ကမ္ဘာမှာ မွတ်ဆလင်လူဦးရေအများဆုံး အင်ဒိုနီးရှားမှာ မဲပေးခွင့်ရှိသူ ၁၈၆ သန်းနီးပါး ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG