သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူ ၉၈ ယောက်ထိတိုး


အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းမှာ လူပေါင်း ၉၈ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ အင်အားပြင်း ငလျင် လှုပ်ခဲ့ပြီး နောက်တရက် ဒီကနေ့မှာတော့ ဒီ အပန်းဖြေကျွန်းမှာရှိတဲ့ နိုင်ငံခြားခရီးသွား တထောင်ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ စတင်လုပ်ဆောင်နေပါတယ်။

အမေရိကန် ဘူမိဘေဒ လေ့လာရေးဌာနရဲ့ ပြန်လည် ပြင်ဆင် ထုတ်ပြန်ချက်အရ ပြင်းအား ၆.၉ ရှိတဲ့ ငလျင်ဟာ Lombok ကျွန်း မြောက်ပိုင်း မြေအောက် ၁၀.၅ ကီလိုမီတာ အနက်မှာ တနင်္ဂနွေနေ့က လှုပ်ခဲ့တာဖြစ်ပြီး ဆူနာမီ ရေလှိုင်းတွေတောင် တက်လာနိုင်တယ်ဆိုတဲ့ သတိပေးချက်တချို့ ခဏတာယာယီ ထုတ်ပြန်ခဲ့ရပါတယ်။

ငလျင်ကြောင့် အနီးနားက Gili ကျွန်းအပြင် ဘာလီကျွန်း၊ Sumbawa ကျွန်းနဲ့ အရှေ့ဂျာဗားကျွန်းက တချို့နေရာတွေအထိပါ ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ လတ်တလော ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေကိုတော့ Lombok ကျွန်းအနီးက Gili အပန်းဖြေ ကျွန်းစုငယ်လေး သုံးခုမှာ အဓိက လုပ်ဆောင်နေတာပါ။

ဒီကနေ့ တနင်္လာနေ့ အစောပိုင်းမှာပဲ ကမ်းခြေငယ်လေးတွေမှာ ရှိနေတဲ့ နိုင်ငံခြားသား ခရီးသွားတွေဟာ အနီးနားက ပိုကြီးတဲ့ Lonbok ကျွန်းရှိရာကို လှေငယ်တွေနဲ့ ရွှေ့ပြောင်းဖို့အတွက် တန်းစီ စောင့်ဆိုင်းနေကြပါတယ်။ အင်ဒိုနီးရှား Garuda လေကြောင်းလိုင်းကလည်း နေရာကနေ ထွက်ခွာဖို့ ကြိုးစားကြတဲ့ ခရီးသွားတွေရဲ့ သွားလာရေး ကူညီပေးနိုင်ဖို့အတွက် Lombok ကျွန်းကနေ လေယာဉ်ခရီးစဉ်တွေကို ပုံမှန်ပြေးဆွဲတာထက် ပိုပြီး ပြေးဆွဲပေးနေတယ်လို့ ပြောပါတယ်။

ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့တဲ့ Lombok ကျွန်း မြောက်ပိုင်းမှာ သေဆုံး သူတွေနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေ အများဆုံး ရှိနေတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာ၀ ဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အေဂျင်စီ ပြောခွင့်ရ Sutopo Purwo Nugroho က ပြောပါတယ်။ သေဆုံးသူတွေထဲမှာ နိုင်ငံခြားသား တဦးမှ မပါဝင်ကြောင်းနဲ့ သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်းလည်း သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG