သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားငလျင် လူ ၈၀ ကျော် သေဆုံး


အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်းမှာ တနင်္ဂနွေနေ့က အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် သေဆုံးသူ အနည်းဆုံး ၈၂ ယောက်ရှိနေပြီဖြစ်ပြီး ရာနဲ့ချီ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ငလျင်ကြောင့် ဆူနာမီ လှိုင်းလုံးကြီးတွေ ပေါ်ပေါက်နိုင်တဲ့ သတိပေး ချက် ထုတ်ပြန်ခဲ့ပြီး ဒေသခံတွေ၊ ခရီးသွားတွေ အဆောက်အဦးတွေပေါ်မှာ မနေရဲဘဲ လမ်းမတွေပေါ် ထွက်ပြေးခဲ့ကြရပါတယ်။

ငလျင်ဗဟိုချက်ဟာ Lombok မြောက်ပိုင်းမှာဖြစ်ပြီး မြေအောက်အနက် ၁၀.၅ ကီလိုမီတာကနေ ပြင်းအားပမာဏ ၇ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးဌာန USGS က ထုတ်ပြန်ပါတယ်။ ငလျင်လှုပ်ခတ်မှုကို အနားက ဘာလီကျွန်း၊ Sumbawa နဲ့ အရှေ့ဂျာဗား တချို့နေရာတွေကနေ ခံစားသိရှိခဲ့ရပါတယ်။

မြို့တွင်းနေရာအများအပြားမှာ လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ပြီး ဆေးရုံကြီးကလူနာတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရ တယ်လို့ မျက်မြင်သက်သေတွေနဲ့ တာဝန်ခံအရာရှိတွေက ပြောပါတယ်။

ငလျင်လှုပ်ချိန်မှာ Lombok က Mataram မြို့မှာရောက်နေတဲ့ စင်္ကာပူ တရားရေးနဲ့ ပြည်ထဲရေးဝန်ကြီး K. Shanmugam ကတော့ သူ့ရဲ့ဟော်တယ် ဆယ်ထပ်ကအခန်းဟာ ပြင်းထန်တဲ့လှုပ်ခတ်မှုခံရပြီး နံရံတွေ အက်ကွဲခဲ့ကြောင်း၊ အဆောက်အဦး တခုလုံး ခါရမ်းနေကြောင်းနဲ့ တံခါးတွေ ပြုတ်ကျခဲ့သလို မီးပါပြတ်သွားတယ်လို့ ပြောပါတယ်။ ငလျင်လှုပ်ချိန်မှာ အများစုဟာ ဗလီထဲမှာ ရောက်နေတာဖြစ်ပြီး လူတွေ လမ်းမတွေပေါ် ထွက်ပြေးခဲ့ကြတယ်လို့ Sumbawa ဒေသခံက VOA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Lombok မှာ ပြင်းအား ၆.၄ ငလျင်ကြီး လှုပ်ခဲ့တဲ့အတွက် သေဆုံးသူ ၁၇ ဦး ရှိခဲ့တာပါ။ Lombok ဟာ ဘာလီကျွန်းလိုပဲ လှပတဲ့ တောင်တန်းတွေနဲ့ သောင်ပြင်တွေ ရှိတာကြောင်း နာမယ်ကြီးပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားမှာ ၂၀၀၄ ခုနှစ်က ပြင်းအား ၉.၁ ငလျင်လှုပ်ခဲ့ပြီး နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေကြောင့် နိုင်ငံ တဒါဇင်လောက်က လူပေါင်း ၂၃၀,၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG