သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံရာနဲ့ချီ တိမ်းရှောင်


Muse မူဆယ်
Muse မူဆယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA ခေါ် တအန်းတပ်မတော်အကြား တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေတာကြောင့် အနီးအနားကျေးရွာက လူ ၅၀၀ လောက် ဟာ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။ ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် တင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တနင်္ဂနွေနေ့ကစ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။ မနေ့တုန်းက ဝိန်နန်းကျေးရွာအနီးမှာဖြစ်ပွားခဲ့ပြီး ဒီကနေ့မှာတော့ လွိုင်တေးမိန်းတောင် အရှေ့ဘက်ခြမ်းမှာ ဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ အခုလေးတင် လက်နက်ကြီးသံပဲ။ လွိုင်တေးမိန်းဘုရားရှေ့မှာ လက်နက်ကြီးကျတာ။ ဒီမှာကြည့်နေတာ အခုလေးတင် ကျသွားတာ။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ချနေတာ ၃- ၄နာရီလောက်ရှိပြီထင်တယ် ပစ်နေတာ။ ဘယ်နေရာဆို ဆယ်လန့်ရဲ့ ဟိုးအရှေ့ဘက် လွိုင်တေးမိန်းတောင် ရဲ့ အရှေ့ဘက် ကျမယ်။ တောင်ပေါ်မှာဖြစ်တာ၊ ဝေးတော့ ဝေးတယ်ဗျ။ လွိုင်တေးမိန်းနည်းနည်းကျော်တယ် ဟိုဘက်တောင်တွေမှာ ပြန်ဖြစ်နေတာ အခုက ။”

TNLA ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ မူဆယ်မြို့နယ် ဟိုပေါ်ရွာဘက်မှာ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ မြေပြင်သတင်းတော့ အတိအကျမရရှိသေးကြောင်း ပြောပါတယ်။ မူဆယ်မြို့နယ်အတွင်း ၃ရက်ကြာဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာ ၃ရွာက ဒေသခံ ၄၀၀ ခန့်ဟာ နမ့်ခမ်းမြို့နဲ့ မူဆယ်မြို့နယ် နမ့်ခုမ်ရွာတွေကို တိမ်းရှောင်နေရကြောင်း နမ့်ခမ်းမြို့ခံတဦးက ပြောပါတယ်။

“ နမ့်ခမ်းမှာ ၁၅၆ ယောက် ရောက်လာတယ်။ အမှတ် ၁ရပ်ကွက် ကောင်းစပ် ဓမ္မာရုံမှာပေါ့။ အဲဒီ ဆယ်လန့်ဘက်ပဲ မန်ကန်၊ မိုင်းဆတ်၊ နမ့်ကတ် ၃ရွာပေါ့။ နမ့်ခုမ်မှာတော့ ၃၀၀ လောက် ရှိတယ်ပြောတယ်။ နမ့်စန့်နဲ့ ကပ်ရက်ပဲလေ။ နမ့်စန့်ဆိုတာက ကျနော်တို့ မူဆယ်မြို့နယ်ထဲက။ တည်းတာတော့ သူတို့ ဇရပ်ရှိလိမ့်မယ်ထင်တယ်။ ဇရပ်နဲ့ သူတို့ အမျိုးအိမ်တွေ ရှိလိမ့်မယ်။ ”

မူဆယ်မြို့နယ် နမ့်စန့်တုမ်ခုမ်ရွာကို ရောက်နေတဲ့ စစ်ရှောင်အမျိုးသမီးတယောက်က လက်ရှိ စစ်ရှောင်နေသူ ၃၄၀ကျော်ရှိပြီး နေရာထိုင်ခင်း၊ သောက်သုံးရေနဲ့ စားနပ်ရိက္ခာအခက်အခဲ ရှိကြောင်း ပြောပါတယ်။

“ အခု လူဦးရေ အားလုံးပေါင်း ၃၄၃ ဦး။ တုမ်ခုမ်ဇရပ်မှာပဲ တည်းနေတယ်။ အားလုံးတော့ မဆန့်ဘူး။ ပတ်ပတ်လည်တွေမှာ အိမ်တွေရော အိပ်တယ်။ ဂိုဒေါင်တွေမှာရော အိပ်တယ်။ ပြီးရင် အပေါ်နားလေးမှာ ဇရပ်တွေမှာ တောင်းထားတယ်။ အဲဒီမှာ ယောက်ျားလေးတွေ အိပ်ဖို့၊ နေတာတော့ အခက်အခဲရှိတယ်ပေါ့။ ဒီမှာ မနေ့ညက ရောက်လာတယ်ဆိုတော့ အကုန်လုံးတော့ အခက်အခဲရှိတယ်။ သောက်ရေတို့ဘာတို့လည်း အခက်အခဲရှိတယ်။ စားဖို့ သောက်ဖို့တွေရော အကုန်လုံးအခက်အခဲရှိတယ်။”

မူဆယ်မြို့နယ် နမ့်ကတ်ကျေးရွာအုပ်စုရှိ ဒီ ၃ရွာက ဒေသခံတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်း ကလည်း စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ စက်တင်ဘာလဆန်းမှာ နေရပ်ပြန်ပြီး အခုတခါ ထပ်မံတိမ်းရှောင်နေရတာပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြားမှာ ဇူလိုင်လ တတိယပတ်လောက်က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာက ဒီလ၁၇ရက်နေ့အထိ တိုက်ပွဲပေါင်း ၄၃ကြိမ်ဖြစ်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ တိုက်ပွဲတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG