သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်မှာ စစ်ကောင်စီနဲ့ TNLA တိုက်ပွဲပြင်းထန်


ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြို့နယ်အနီးမှာ ကင်းလှည့်နေတဲ့ TNLA တအာန်းတပ်မတော် စစ်သားများကိုတွေ့ရစဉ် (မတ် ၉၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်း နန့်ဆန်မြို့နယ်အနီးမှာ ကင်းလှည့်နေတဲ့ TNLA တအာန်းတပ်မတော် စစ်သားများကိုတွေ့ရစဉ် (မတ် ၉၊ ၂၀၂၃)

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ TNLA ခေါ် တအာန်းတပ်မတော်အကြားမှာ တိုက်ပွဲပြင်းထန်နေပြီး ဒီကနေ့ တနေကုန်နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း မူဆယ်ဒေသခံတွေက ပြောပါတယ်။ TNLA ဘက်ကတော့ တနင်္ဂနွေနေ့က မူဆယ်နဲ့ မိုးကုတ်မြို့နယ်အတွင်းတိုက်ပွဲ ၃နေရာဖြစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောက်ဆုံးအခြေအနေကို ကိုစံကျော် တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဝိန်နန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ TNLA အကြား တနင်္ဂနွေနေ့ မနက်ပိုင်းက တိုက်ပွဲစတင်ခဲ့ပြီး ဒီကနေ့မှာတော့ ပိုမိုပြင်းထန်လာနေတာပါ။ ဒီတိုက်ပွဲဟာ မူဆယ်မြို့နဲ့ ၈မိုင်ခန့် အကွာမှာဖြစ်ပွားနေပြီး လက်နက်ကြီးသံတွေကြားနေရသလို တိုက်ပွဲတွင်းပစ်ခတ်တာတွေကိုလည်း တွေ့မြင်နေရကြောင်း မူဆယ်မြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ ဖြစ်တာက မနေ့ကတည်းက ဖြစ်တာ။ တိန်းလုံကျေးရွာအုပ်စု ဝိန်းနန်းရွာပေါ့၊ အဲဒီအထက်ဘက်မှာ ဖြစ်တာ။ မနေ့ မနက် ၇နာရီခွဲလောက်ကနေ စတာ။ ဒီလက်နက်ကြီးသံတွေကြားတာ။ ဒီနေ့ကတော့ ၈ခွဲ၊ ၉နာရီလောက် အဲဒီကနေ စတာ။ ၃နာရီနောက်ပိုင်းကျ စက်သေနတ်သံတွေရယ်၊ ပြီးတော့ ဗုံးသံတွေရယ် တော်တော်လေး စိပ်လာတာပေါ့နော်။ သူတို့ပစ်လိုက်ပြီဆို အငွေ့တွေ ထွက်လာတာ အဲဒီတောင်ကုန်းပေါ်တွေမှာပေါ့နော်။ ကျနော့အိမ်ပေါ်ကနေ ကြည့်တော့ လှမ်းမြင်နေရတာကိုး။”

ဝိန်နန်းရွာဘက်ကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ၂ရက်လောက်တည်းက စစ်ယာဉ်တန်းတွေ တက်သွားတာရှိကြောင်းနဲ့ လက်ရှိမှာ စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေကြောင်း ပြောပါတယ်။ စယ်လန့်ရွာက ဒေသခံတဦးက အရင်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လွိုင်တေးမိန်းဘက်ကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိကြောင်း အခြားဒေသခံတဦးက ပြောပါတယ်။

“ လက်နက်ကြီးကတော့ တောထဲဘက် ထုတာပါ။ လွိုင်တေးမိန်းရဲ့ အရှေ့ဘက်အခြမ်းပေါ့။ ဒါပေမဲ့ ခုနကတော့ လက်နက်ငယ်အသံနည်းနည်းတော့ ကြားတယ်။ လက်နက်ကြီးကတော့ တချိန်လုံးကြားနေရတာ။ ဒီနေ့ဆိုရင် မနက်ကတည်းကဆို ဘယ်နှစ်ဆယ်တောင် ရှိသွားမှန်း မသိတော့ဘူး။ လွိုင်တေးမိန်းကိုတော့ တခါတလေ နှစ်ချက်၊ သုံးချက်ပေါ့။ လက်နက်ကြီးနဲ့ထုတာတွေ့တယ်။ မနေ့ကလည်း ပစ်တယ်။ မနေ့ကတော့ ဒီနေ့လောက်တော့ မများဘူး။ ဟိုပေါ့ရွာရယ်၊ ဝိန်းနန်းရွာရယ် အထက်ဘက်မှာပေါ့။”

နှစ်ဘက်တပ်တွေရဲ့ ထိခိုက်မှု နဲ့ ဒေသခံတွေ အခြေအနေကို သေချာမသိရကြောင်းနဲ့ စုံစမ်းနေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီလ ၁၇ရက်နေ့ တနင်္ဂနွေနေ့ကတော့ မူဆယ်မြို့နယ်နဲ့ မိုးကုတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ၃နေရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း TNLA က ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့နယ်အတွင်း ဟိုပေါ့၊ နမ့်ကတ်ရွာဘက်နဲ့ မိုးကုတ်မြို့နယ်အတွင်းမှာတော့ ကုန်းစံရွာနဲ့ ညောင်ကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း က ၂ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။ မိုးကုတ်မြို့နယ်အတွင်းမှာတော့ စက်တင်ဘာလ ၁၀ရက်နေ့လောက်က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာပါ။ ဇူလိုင်လ တတိယပတ်ကနေ ဒီလ ၁၇ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ TNLA အကြား တိုက်ပွဲပေါင်း ၄၃ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

ဒီကနေ့ မူဆယ်မြို့နယ်အတွင်း တိုက်ပွဲနဲ့ပတ်သက်ပြီး TNLA ပြန်ကြားရေးဌာနကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့သလို လတ်တလော ရှမ်းမြောက်ဒေသတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

XS
SM
MD
LG