သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနဲ့ မြန်မာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမှု နိုင်ငံတကာကြိုဆို


ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားနေစဉ်
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားနေစဉ်

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့က မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း နှစ်ခုဖြစ်တဲ့ UNHCR နဲ့ UNDP တို့ကြား ထောက်ပံ့ကူညီရေးဆိုင်ရာ သုံး ပွင့်ဆိုင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တာအတွက် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ကရော ပြင်သစ်အစိုးရနဲ့ အမေရိကန်အစိုးရတို့ကပါ ကြိုဆိုလိုက်ကြပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းက ရခိုင်ပြည်နယ်က လုံခြုံရေးစခန်း ၃၀ ကို ARSA အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ခဲ့တဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်း လောက် ရှိတယ်လို့ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။

ဒီဒုက္ခသည်တွေပြန်လည်လက်ခံရေးမှာ ပံ့ပိုးမှုတွေနဲ့ ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီတွေရယူဖို့ မြန်မာအစိုးရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနနဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ကြား ၃ ပွင့်ဆိုင် နားလည်မှု စာချွန်လွှာကို ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

လက်မှတ်ရေးထိုးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ၁၉၉၃ ခုနှစ် ပြန်လည်လက်ခံရေးလုပ်စဉ်က မြန်မာနဲ့ UNHCR တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အောင်မြင်ခဲ့တာမို့ အခု ကုလသမဂ္ဂအဖွဲ့စည်း ၂ ခုနဲ့ လက်တွဲ လုပ်ဆောင်မှုတွေ အောင်မြင်မယ်လို့ ယုံကြည်သလို နေရပ်စွန့်ခွာသူတွေ ပြန်လက်ခံရေး၊ နေရာချထားရေးနဲ့ အလုပ်အကိုင်အခွင့်ရေးတွေအတွက် ကုသသမဂ္ဂအဖွဲ့တွေက မြန်မာအစိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားခဲ့ပါတယ်။

အခုလို သဘောတူ လက်မှတ်ရေးထိုးခဲ့တာဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် အခြေနေကောင်းတွေ ဖြစ်လာစေနိုင်တာမို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က ကြိုဆိုကြောင်း အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ နယူူးရောက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

" မြန်မာအစိုးရ၊ UNHCR နဲ့ UNDP တို့ကြား နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့တာအတွက် အတွင်းရေးမှုးချုပ်က ကြိုဆိုပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ သူ့သဘောနဲ့သူ၊ ရေရှည်၊ လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိရှိ၊ နေရပ်ပြန်နိုင်ရေးနဲ့ ရခိုင်ပြည်နယ်မှာ သူတို့ဘဝ ပြန်လည်ထူထောင်ရေးတွေ အတွက် အထောက်အကူပေးနိုင်မယ့် အခြေနေကောင်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို အခြေနေတွေ မရှိသေးပဲ ဖြစ်နေချိန်မှာ ရခိုင်ပဋိပက္ခရဲ့ အခြေခံအကြောင်းရင်းကို ထုတ်ပြောဖို့ ပထမခြေလှမ်း လှမ်းတဲ့အနေနဲ့ မြန်မာအစိုးရရဲ့ အခုလို သဘောတူညီမှုအတွက် အတွင်းရေးမှုးချုပ်က ကြိုဆိုလိုက်ပါတယ်။"

အခုလို သဘောတူညီချက်တွေ အကောင်အထည်ဖေါ်ရေးအတွက် ခိုင်ခိုင်မာမာလုပ်ဆောင်ဖို့နဲ့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်ထည်ဖေါ်ဖို့ အတွင်းရေးမှုးချုပ်က တိုက်တွန်းကြောင်းလည် မစ္စတာ Dujarric ကပြောပါတယ်။

"အကြမ်းဖက်မှုတွေ အားလုံးအဆုံးသတ်စေဖို့လည်း အတွင်းရေးမှုးချုပ်က ထပ်မံတောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူပေးဖို့၊ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်ဖို့၊ ရခိုင်ပြည်နယ်တွင်းရှိ နေရာတိုင်းကို လူသားချင်းစာနာမှု အထောက်အကူတွေ သွားရောက်ပေးနိုင်ဖို့ တောင်းဆိုတဲ့အပြင် ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်ထည်ဖေါ်ဖို့လည်း တိုက်တွန်းပါတယ်။"

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဇွန်လ ၆ ရက်နေ့မှာပဲ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့စည်း ၂ ခုတို့ ကြား ၃ ပွင့်ဆိုင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့သလို သဘောတူညီချက်ကို အကောင်ထည်ဖေါ်တာဟာ ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးမှာ ရေရှည်တည်တံ့တဲ့ အခြေနေတွေ ဖန်တီးဖို့ အထောက်ကူပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

အလားတူပဲ အခုလို ဒုက္ခသည်တွေ နေရပ်ပြန်ရေးဆိုင်ရာ ၃ ပွင့်ဆိုင် သဘောတူညီချက်ရရှိခဲ့တာအတွက် ကြိုဆိုကြောင်း ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ဟာ ရိုဟင်ဂျာဒုက္ခသည်တွေ သူ့သဘောနဲ့သူ ဂုဏ်သိက္ခာရှိရှိ လုံခြုံစိတ်ချစွာ ရေရှည်ခိုင်မြဲမယ့် နေရပ်ပြန်ရေးအတွက် အခြေနေဖန်တီးပေးဖို့ အရေးပါတဲ့ ခြေလှမ်းဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒါဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၆ ရက်က လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ပြောဆိုချက်နဲ့ရော မကြာသေးခင် မေလ ၉ ရက်နေ့က လုံခြုံရေးကောင်စီက ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ပါ ကိုက်ညီနေတဲ့အတွက် ပြင်သစ်အစိုးရက ကုလသမဂ္ဂနဲ့ အဲဒီဒေသတွင်း လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့တွေရဲ့ လုပ်ငန်းတွေကို ဆက်လက် ပံ့ပိုးပေးမှာ ဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကို မြန်မာအစိုးရက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ Kofi Annan အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပေးချက်တွေအားလုံးကို အကောင်ထည် ဖေါ်ဖို့ လည်း ပန်ကြားလိုက်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပဉ္စမမြောက် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စ Burgener ဟာ ဟာ ဇွန်လလယ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေး အကူးအပြောင်းကာလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရရဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်မှု၊ တရားဥပဒေစိုးမိုးမှုနဲ့ လူ့အခွင့်ရေးလေးစားမှုတွေ ရှိလာဖို့ ကြိုးပမ်းနေမှုကို ပြင်သစ်နိုင်ငံက ဆက်လက် ထောက်ခံကူညီမှာ ဖြစ်ကြောင်းလည်း ထပ်လောင်းအာမခံခဲ့ပါတယ်။

ရိုဟင်ဂျာမူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာစုံစမ်းရေးမှူးတွေ ကူညီစုံစမ်း ခွင့်ပြုဖို့ မေလ ၃၁ ရက်နေ့ကပဲ မြန်မာအစိုးရကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းခဲ့ပါတယ်။ လုံခြုံရေးကောင်စီဝင်နိုင်ငံတွေက သံတမန်တွေဟာ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်ကို ဧပြီလ ၃၀ ရက်နဲ့ မေလ ၁ ရက်နေ့က သွားရောက်ခဲ့ကြပြီးနောက်မှာ ခုလိုမြန်မာအစိုးရဆီကို တိုက်တွန်းစာရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အမည်ကို မြန်မာအစိုးရဘက်ကတော့ လက်ခံအသိမှတ်ပြုထားခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG