သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း အခြေအနေ နိုင်ငံတကာ စိုးရိမ်


ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့တွင်း စစ်တပ်လုံခြုံရေး ထူထပ် (မေ ၂၃၊ ၂၀၁၄)
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မြို့တွင်း စစ်တပ်လုံခြုံရေး ထူထပ် (မေ ၂၃၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းက ဝေဖန်သံတွေ စိုးရိမ်မကင်းသံတွေ အကြီးအကျယ် ထွက်ပေါ်လာပါတယ်။ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh ကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေဟာ အသင်းတခုလုံးကို ထိခိုက်လာမှာ စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

အာဆီယံ အသင်းဝင် နိုင်ငံတခုမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုတွေ မရှိဘူးဆိုရင် အထူးသဖြင့် ရှေ့နှစ် ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အဝန်းတခု ထူထောင်ဖို့ ရည်မှန်းထားတာတွေကို ရိုက်ခတ်လာနိုင်တဲ့အကြောင်းနဲ့ အာဆီယံမှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ၆ လလောက်ကြာမြင့်နေပြီဖြစ် တဲ့ နိုင်ငံရေး အကျပ်အတည်းတွေဟာ စိုးရိမ်စရာ ဖြစ်ရတဲ့အကြောင်း အာဆီယံ အတွင်းရေးမှူးချုပ်က ပြောဆိုသွားတာပါ။

အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံကတော့ ထိုင်းနိုင်ငံရဲ့ အခြေအနေတွေကို ဆွေးနွေး ညှိနှိုင်း ဖြေရှင်းနိုင်ဖို့ မျှော်လင့်တဲ့ အကြောင်း ဗွီအိုအေကို ပြောပါတယ်။ တခြား အာဆီယံအသင်းဝင်တွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံတွေကလည်း အခြေအနေကို စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေကြသလို လုံခြုံရေးစိုးရိမ်ချက်ကြောင့် သက်ဆိုင်ရာနိုင်ငံသားတွေကို ထိုင်းနိုင်ငံခရီးစဉ်ဖျက်ဖို့ သတိပေးတာတွေလည်း ရှိခဲ့ပါတယ်။

ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့တဲ့ မနေ့တုန်းကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အထူးစိုးရိမ်ကြောင်းနဲ့ ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရတရပ် ပေါ်ပေါက်အောင် အမြန်ဆုံး ကြိုးပမ်းဖို့ တိုက်တွန်းခဲ့တာပါ။ အမေရိကန် ပြည်ထောင်စုကလည်း ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ အာဏာသိမ်းဖို့ မလိုဘူး ဆိုပြီး ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တာပါ။

ထိန်းသိမ်းထားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့် အပါအဝင် အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က တိုက်တွန်းခဲ့ပါတယ်။ အလားတူ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန် အပါအဝင် နိုင်ငံအတော်များများက စိုးရိမ်မကင်းတဲ့ သဘောထားတွေကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
XS
SM
MD
LG