သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ လူ့အခွင့်အရေး အခြေအနေ ဆုတ်ယုတ်


နိုင်ငံတကာ လူမှုအသိုင်းဝိုင်းအတွင်း လူ့အခွင့်အရေး အခြေအနေတွေ တစထက်တစ ဆုတ်ယုတ်လာနေသလို ယိုယွင်းပျက်ပြားမှုတွေ ဖြစ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်ကြီးက သတိပေးလိုက်ပြီး ဥပဒေတွေကလည်း နိုင်ငံတွေမှာ လူမှုရေးအရ စည်းလုံးညီညွတ်မှုကို ခြိမ်းခြောက်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂျနီဗာမှာရှိတဲ့ ကုလလူ့အခွင့်အရေးကောင်စီမှာ အမှာစကားပြောဆိုစဉ် ကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein က သူ့ရဲ့ စိုးရိမ်မှုကို အဲဒီလို ပြောဆိုလိုက်တာပါ။ Lisa Schlein ရဲ့ သတင်းလွှာကို ဦးစံမိုးေ၀ က တင်ပြထားပါတယ်။

လူ့အခွင့်အရေး ဆိုးရွားနေတဲ့ အခြေအနေတွေထဲကမှ ကိုလံဘီယာ အစိုးရနဲ့ FARC သူပုန်အုပ်စုတို့ကြား ဆယ်စုနှစ် ၅ စု ကြာ ဖြစ်ပွားနေခဲ့တဲ့ စစ်ရပ်ဆိုင်းသွားစေခဲ့တဲ့ သဘောတူညီမှုကို ကော်မရှင်နာမင်းကြီး Zeid Ra’ad al-Hussein က ရွေးထုတ်ပြီး ချီးမွမ်းလိုက်ပါတယ်။ သူ့အနေနဲ့ စိုးရိမ်မှုအဖြစ်ရဆုံးနဲ့ အလွန်ဆိုးရွားတဲ့အခြေအနေ ကြုံနေတဲ့ နေရာကတော့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမြို့တော် အရှေ့အလက်ပို ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီအရပ်မှာ ပိတ်မိနေတဲ့ သိန်းနဲချီတဲ့ ပြည်သူတွေနဲ့ သူ့ရဲ့ကော်မရှင်ရုံးကြားမှာ အဆက်အသွယ် ပြတ်တောက်နေသလို အကူအညီလည်း မပေးနိုင်ဘူးလို့ သူက ပြောပါတယ်။

"စားနပ်ရိက္ခာတွေ ဆေးဝါးစောင့်ရှောက်မှုတွေ မရောက်ရှိနိုင်အောင် မပို့ပေးနိုင်အောင် တမင်သက်သက်ကို ရည်ရွယ်ပြီးတော့ ဗုံးတွေ ကြဲချနေပါတယ်။ ကလေးငယ်တွေ အပါအဝင် လူတွေအများအပြားဟာ သေရတော့မယ့်အချိန်ကို စောင့်ဆိုင်းနေကြရပါတယ်။ အလွန်ထိပ်လန့်စရာကောင်းပြီး အခြေခံလူ့အခွင့်အရေး စံသတ်မှတ်ချက်နဲ့ လူ့ကျင့်ဝတ်ကို တစစီ စုတ်ပြတ်သပ်နေအောင် ဖျက်ဆီးနေတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။"

ကော်မရှင်နာမင်းကြီးက တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းလာနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကမ္ဘာကြီးကို မတည်ငြိမ်အောင် ခြိမ်းခြောက်နေတဲ့ ဥပဒေတွေ၊ လူစိမ်းတွေကို လက်မခံနိုင်ဘဲ စိုးရိမ်ကြောက်လန့်နေကြတဲ့ နိုင်ငံတွေကိုလည်း သတိပေးလိုက်ပါတယ်။

"မကြာခင်က သွားရောက်ခဲ့တဲ့ ကျနော့်ရဲ့ အနောက်ဥရောပနဲ့ အမေရိကတိုက်မြောက်ပိုင်း ခရီးစဉ်တွေအတွင်း ဆွေးနွေးခဲ့ကြ တာကတော့ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်မှု၊ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေအပေါ် စိုးရိမ်မှု တိုးများနေတာကြောင့်၊ ရွှေ့ပြောင်းအခြေချမှုတွေကို ဆန့်ကျင်နေကြသလားဆိုတာပဲ ဖြစ်ပါတယ်။"

နိုင်ငံရေးခေါင်းဆောင်တွေဟာ နှိမ်ချဆက်ဆံမှု ဖြစ်နေတာတွေ၊ လူမိုက်ဆန်ဆန် အကြမ်းဖက်မှု ကျူးလွန်တာမျိုးတွေကနေ သူတို့အတွက် ပုဂ္ဂိုလ်ရေး အကျိုးအမြတ် ရှာနေကြတယ်လို့ Zeid က စွတ်စွဲ ပြောဆိုလိုက်ပါတယ်။ အမုန်းတရားကြောင့် ဖြစ်ရတဲ့ ရာဇဝတ်မှုတွေက တနေ့တခြား တိုးများလာနေတယ်လို့ သူက ပြောပါတယ်။

Burundi နိုင်ငံနဲ့ မြန်မာနိုင်ငံတို့အတွင်း ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ အခြေအနေတွေအပေါ်မှာလည်း သူ့အနေနဲ့ အထူး စိုးရိမ်မှု ဖြစ်ရကြောင်း လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက ပြောပါတယ်။ Burundi နိုင်ငံအတွင်းမှာ လူမျိုးစုနွယ်တွေ အချင်းချင်းကြား ခွဲခြားဆက်ဆံမှုတွေ စိုးရိမ်စရာ ကောင်းလောက်အောင် ကြီးထွားလာနေတဲ့အတွက် ဒုက္ခသည်တွေဟာ အိမ်နီးချင်းတိုင်းပြည်တွေကို ထွက်ပြေး ခိုလှုံနေကြရပါတယ်။ မြန်မာပြည်မှာဆိုရင်လည်း နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် ဥပဒေမဲ့ သတ်ဖြတ်မှုကျူးလွန်နေတာတွေ၊ ထင်သလို ဖမ်းဆီးမှုတွေ ပြုလုပ်တာ၊ အကျဉ်းချတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ်ပွားနေတယ်လို့ သူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG