သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့ မဲဆောက်မြန်မာတွေကျင်းပ


ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားများ
ထိုင်းနိုင်ငံမှ မြန်မာအလုပ်သမားများ

နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့ကို ထိုင်း-မြန်မာနယ်စပ်မှာ ရာဂဏန်းရှိတဲ့ အလုပ်သမားတွေက ချီတက်လမ်းလျောက်ပွဲနဲ့ အခမ်းအနားတွေကို ဒီဇင်ဘာလ၁၇ ရက်နေ့မှာ မဲဆောက်မြို့မှာ လုပ်ခဲ့ကြသလို မြန်မာနိုင်ငံက သန်းနဲ့ ချီရှိတဲ့ရွှေ့ပြောင်းအလုပ်သမားတွေဟာနေရပ်ကိုမပြန်နိုင်ကြပဲ ထိုင်းနို်င်ငံမှာဆက်လက်အလုပ်လုပ်ကိုင်နေကြသလိုအလုပ်သမားတွေ ဝင်ရောက်မူတွေက ဆက်ပြီး ရှိနေတယ်လို့ရွှေ့ပြောင်းအလုပ်သမားရေးဆောင်ရွက်နေသူတွေကဆိုပါတယ်။ မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ချီပြီး အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံကို နောက်ထပ် အလုပ်သမားတွေထပ်တိုးပြီး ဝင်ရောက်နေတဲ့အကြောင်း နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့မှာ ထိုင်းအခြေစိုက်မြန်မာရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေသူတေက ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ ဥပဒေတွေထွက်ပြီး တရားဝင်အလုပ်သမားတွေဖြစ်အောင် မှတ်ပုံတင်ဖို့ ဆော်သြနေချိန်မှာပဲ မြန်မာအလုပ်သမားတွေကတော့ တရားဝင်တဲ့ နည်းကော၊ တရားမဝင်တဲ့နည်းနဲ့ပါ ဝင်ရောက်မူတွေကပိုများလာနေတယ်လို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲမဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောဆိုသွားပါတယ်။

" မြန်မာပြည်အတွင်းပိုင်းထဲမှာရှိတဲ့ အလုပ်သမားတွေက ပိုပြီးဝင်ရောက်လာဆဲဖြစ်တယ်။ ထိုင်းမှာဥပဒေတွေပြောင်းနေဆဲကာလ ဘန်ကောက်လို့မဟာချိုင်တို့လိုဒေသက အလုပ်သမားတွေက မြန်မာပြည်ကိုပြန်ဝင်နေတဲ့ အချိန်မှာတောင်မှ အဲဒီ လူဦးရေနဲ့ ညီမျှတဲ့ MOU နဲ့ ခေါ်ထားတဲ့သူတွေက တခြားလမ်းကြောင်းတွေနဲ့ ဆတူပြန်ဝင်နေတယ်။ ပြောမယ်ဆိုရင် ပိုများလာနေတယ် ။ စောစောကပြန်သွားတဲ့သူတွေကလည်းဒီဘက်ပြန်လာလို့ရတဲ့ လုပ်ငန်းအဆင့်ဆင့်လုပ်ပြီး တရားဝင် အိမ်ထောင်စုစားရင်းတွေ ပြန်လုပ်ပြီး ပတ်စပို့တွေပြန်လုပ်ပြီး ပြန်ဝင်လာကြတာများတယ် ပိုများလာတယ်လို့ ပြောလို့ရတယ်။"

နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့ကို မဲဆောက်မြို့မှာတော့ ဆယ်စုနှစ်တခုကျော်ကြာတဲ့အထိ နှစ်စဉ် ချီတက်လမ်းလျောက်ပွဲတွေ နဲ့ ကျင်းပခဲတာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ၁၃ကြိမ်မြောက်အဖြစ် ထိုင်းမြန်မာချစ်ကြည်ရေးတံတားထိပ် ကနေအလုပ်သမားရာဂဏန်းနဲ့ အလုပ်သမားရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေစုပေါင်းပြီး အထိမ်းအမှတ်ချီတက်ပွဲကိုစတင် လုပ်ခဲ့သလို ရွေပြောင်း အလုပ်သမားဆိုင်ရာ ပညာပေးဟောပြောမူတွေလည်းလုပ်ခဲ့တယ်လို့ ဦးမိုးကျော်က ဆက်ပြောသွားပါတယ်။

"ကမ်းနားထိုင်းလဝကရုံး တံတားထိပ်ကနေ လေယာဉ်ကွင်းနား ကနေမယ်တောင် ထိုင်းကျောင်းအထိ လမ်းလျောက်ချီတက်ပွဲလုပ်ကြတယ်။ အခမ်းအနားမှာတော့ ဒေသတွင်းမှာရွှေ့ပြောင်းနေထိုင်သူတွေအတွက် ထိုင်းအစိုးရသတ်မှတ်ထားတဲ့အတိုင်း ဥပဒေအတိုင်း စီအိုင်လက်မှတ်လုပ်ဖို့၊ စီအိုင်လက်မှတ်လုပ်တဲ့ လုပ်ငန်းစဉ်တွေမှာ ပွဲစားတွေကဖောင်ဖြည်ပေးနေတာတွေရှုပ်ထွေးမူတွေ ကနေ လွတ်မြောက်အောင်လုပ်ဆောင်ဖို့ အလုပ်သမားရေးအဖွဲ့ စုပေါင်းထားတဲ့ MRPWG က ရှင်းပြတာတွေ အဖွဲအဟစည်းတွေက အလုပ်သမားရေးတွေနဲပတ်သက်လို့ပြခန်းလေးတွေနဲပြသတာတွေ MAP FED Plan International စတဲ့အဖွဲတွေက ပညာပေးပြသမူတွေရှိတယ်"

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြိုမှာတော့တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၅ထိ ပေးဖို့ ဥပဒေအတိုင်း ပြဌာန်းထားပေမဲ့ တရားမဝင်အလုပ်သမားတွေလည်း များသလို့ဥပဒေအတိုင်းပေးတဲ့ စက်ရုံကလည်း နည်းပါးပါတယ်။ မြန်မာပြည်အတွင်းပိုင်းကလာတဲ့ အလုပ်သမားအတော်များများကတော့ မဲဆောက်မြို့ မှာတထောက်နားပြီး ဘန်ကောက်၊ မဟာချိုင်စတဲ့ နေရာတွေကို တက်ဖို့ပဲကြိုးစားကြပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃သန်းကနေ ၄သန်းလောက်ထိရှိနိုင်တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကခန့်မှန်းထားကြပြီး မြန်မာပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးမူတွေကြောင့် နေစဉ်လည်း အလုပ်အကိုင်ရှာဖွေသူတွေက ထိုင်းနိုင်ငံထဲကို နယ်စပ်နေရာတွေကဝင်ရောက်လာနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG