သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ ရွှေ့ပြောင်းမြန်မာလုပ်သား ၄ သိန်း မှတ်ပုံတင်ပြီး


ထိုင်းနိုင်ငံထဲမှာ တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေကို တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင် လုပ်ပေးနိုင်ဖို့ အတွက် ထိုင်းနိုင်ငံတဝှမ်း အလုပ်သမားတွေ အတွက် စိစစ်တဲ့ နေရာ ၁၀၀ ခန့်မှာ စာရင်းပေးသွင်းဖို့ အတွက် ဇူလိုင်လ ၂၄ ရက်နေ့ ကနေ သြဂုတ်လ ၇ ရက်နေ့အထိ သတ်မှတ်ခဲ့ရာမှာ စာရင်းပေးသွင်းသူ အလုပ်သမား ၇ သိန်းခန့်ရှိပြီး ဒီထဲမှာ မြန်မာအလုပ်သမား ၄ သိန်းကျော် စာရင်းပေးသွင်းခဲ့တယ်လို့ ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ သန်းနဲ့ချီပြီး တရားမဝင် နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ ထိုင်းအလုပ်သမားရေး ဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ ဇူလိုင်လ ၂၄ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ခရိုင်အသီးသီးမှာ ရုံးခွဲတွေ ဖွင့်ပြီး အထောက်အထားမဲ့ အလုပ်သမားတွေကို အလုပ်လုပ်ခွင့်ရဖို့ စီစဉ်ထားခဲ့တာပါ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ တရားမဝင် အလုပ်သမား ၇ သိန်းခန့် စာရင်းပေးသွင်းပြီး ဒီထဲမှာ မြန်မာနိုင်ငံသား ၄ သိန်းကျော် စာရင်းပေးသွင်းခဲ့တဲ့ အကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်ရဲ့ဒုဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။

“ တနိုင်ငံလုံးမှာရှိတဲ့ ဒီ (၁၅) ရက် အတွင်းမှာ စာရင်းသွင်းလာတာ ကတော့ ၆ သိန်း ၉ သောင်းကျော် ရှိတယ်ခင်ဗျ။ အဲဒီမှာ မြန်မာနိုင်ငံသား စစ်စစ် ၄ သိန်းနဲ့ ၂ ထောင်လောက် ပါလာတယ်။ ဟုတ်ကဲ့။”

ထိုင်းအစိုးရက တရားမဝင် နေထိုင်နေတဲ့ အလုပ်သမား တသန်းခွဲလောက် လာပြီး စာရင်းသွင်းလိမ့်မယ်လိ့ု ခန့်မှန်းထားပေမဲ့ အစိုးရ ခန့်မှန်းထားတဲ့ လူဦးရေ ထက်ဝက်ခန့်သာ စာရင်းပေးသွင်းနိုင်တာပါ။ဒါဟာ မှီခိုသူတွေနဲ့ အလုပ်ရှင်တွေ မရှိတဲ့ အလုပ်သမားတွေ ဖြစ်နိုင်တယ်လို့ ဦးအောင်ကျော်ကတော့ သုံးသပ်ပါတယ်။

အဲတော့ ကျနော်တို့ သုံးသပ်လို့ ရတာက ထိုင်းနိုင်ငံမှာ ရှိနေတဲ့သူ အားလုံးမှာ လူတိုင်း အလုပ်လုပ်နေတာ မဟုတ်ဘူး။ တချို့က အလုပ်မရှိဘဲ မှီခိုနေပြီးမှ အလုပ်လိုက်ရှာနေတဲ့ပုဂ္ဂိုလ်တွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ တချို့ကိစ္စတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်ကလက်မခံတာ၊ သို့တည်းမဟုတ် အလုပ်သမားအနေနဲ့ ထိုင်းဥပဒေက အင်မတန်ကြီးလေးတဲ့အတွက် ကြောက်ရွံ့ပြီး ပြန်ပြေးလာတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ အလုပ်ရှိမနေတဲ့ အတွက် မှတ်ပုံတင်လို့ မရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲက အမူဆောင်ဒါရိုက်တာဦးကျော်သောင်းကတော့ ထိုင်းနိုင်ငံရဲ့တောရွာ အစွန်အဖျားတွေက အလုပ်သမားတွေ အနေနဲ့ ကတော့ စာရင်းသွင်းတာမျိုးတွေ လုပ်နိုင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

“ တရားမဝင်တဲ့ အလုပ်သမားတွေ အများကြီး ကျန်နေသေးတယ်။ ငါးဖမ်းလှေတွေ အပေါ်မှာရှိတယ်။ တရားမဝင် အလုပ်တွေလို့ ပြောလို့ရတဲ့ နွားမွေးမြူရေး၊ ကြက်မွေးမြူရေး နောက်ပြီးတော့ မြင်းမွေးမြူရေး၊ မြို့နဲ့ အင်မတန်ကိုဝေးတဲ့ တောတွေထဲမှာ တခြား ဆေးဝါးဆိုင်ရာ အပင်တွေ စိုက်ပျိုးတဲ့ နေရာတို့တွေ၊ ဥပမာ မြက်မွေးမြူရေးက အစ အင်မတန် ကို နယ်စွန်နယ်ဖျားကျတဲ့ နေရာတွေမှာ အလုပ်သမားတွေ၊ တချို့တလေ အိမ်ဖေါ် အမျိုးသမီးတွေလည်းရှိတယ်ဆိုတာ ကျနော်တို့ သိရတယ်။”

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများ အတွက် ဥပဒေအသစ် ထွက်လာပြီးတဲ့ နောက်မှာတော့ ထိုင်းနိုင်ငံတွင်း ဖမ်းဆီးမူတွေ ဖြစ်ခဲ့ပြီး သောင်းနဲ့ချီရှိတဲ့ မြန်မာတွေ နေရပ်ပြန်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ ထိုင်းအစိုးရကနေ သူ့ရဲ့ ဥပဒေထဲက တချို့အချက်တွေကို ဆိုင်းငံ့ခဲ့ပြီး အလုပ်သမားတွေ အထောက်အထားတွေ ပြန်လုပ်နိုင်ဖို့ အတွက် ရက်ပေါင်း ၁၈၀ ဆိုင်ငံ့ပေးထားပါတယ်။

ဒီလို ဆိုင်းငံ့အပြီးမှာတော့ အလုပ်သမားဝန်ကြီးဌာန ကနေ ကြေညာချက်ထုတ်ပြန်ရာမှာ မြန်မာအလုပ်သမားတွေ အနေနဲ့ အထောက်အထား လက်မှတ်တွေ လုပ်ကိုင်ရမဲ့ နည်းစနစ်တွေကို ဖော်ပြထားတာပါ။ ဒီစနစ်အရ တရားဝင် အထောက်အထား လက်မှတ်ရရှိဖို့ အတွက် ဘတ်ငွေ ၂၃၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတော့ မြန်မာအလုပ်သမား ၃ သန်းကနေ၄ သန်း လောက်ထိ နေထိုင် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပြီး သိန်းဂဏန်းလောက်သာ တရားဝင် အထောက်အထား လုပ်ပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG