သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများနေ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာ အခွင့်အရေးတောင်းဆို


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အမျိုးသမီးများနေ့ မြင်ကွင်း (မတ် ၈၊ ၂၀၂၄)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အမျိုးသမီးများနေ့ မြင်ကွင်း (မတ် ၈၊ ၂၀၂၄)

ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ မြန်မာ့အိမ်နီးချင်း ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ အာရှနိုင်ငံတွေက အမျိုးသမီးတွေ အများအပြား စုဝေး ဆန္ဒပြခဲ့ကြပြီး အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေ အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီကနေ့ အမျိုးသမီး ၁ ထောင်နီးပါး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်မှုတွေ အဆုံးသတ်ရေး တောင်းဆိုကြတာမှာ ဟန့်တားဖို့ ကြိုးစားတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တဲ့အထိ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ အမျိုးသမီးများနေ့ချီတက်လာသူတွေနဲ့ ရဲတပ်ဖွဲ့ရင်ဆိုင်တွေ့နေစဉ် (မတ် ၈၊ ၂၀၂၄)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ အမျိုးသမီးများနေ့ချီတက်လာသူတွေနဲ့ ရဲတပ်ဖွဲ့ရင်ဆိုင်တွေ့နေစဉ် (မတ် ၈၊ ၂၀၂၄)

နိုင်ငံတွင်း ဖိနှိပ်မှုတွေကို အံတုကြောင်း ပြသတဲ့အနေနဲ့ ဆန္ဒပြ အမျိုးသမီးတချို့က အတွင်းခံ အင်္ကျီတွေကို ချွတ်ပြီး ဝှေ့ယမ်း ဆန္ဒပြတာ၊ တနေရာမှာ စုပုံ ပစ်ချတာတွေ လုပ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဒီကနေ့ အမျိုးသမီးတွေ ရာနဲ့ချီ စုဝေးခဲ့ကြပြီး ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်ကနေ ဝန်ကြီးချုပ်ရုံးရှိရာကို ချီတက်ခဲ့ကြပါတယ်။ အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံနေတာတွေ အဆုံးသတ်ဖို့နဲ့ လက်ရှိ အမျိုးသမီးတွေကို လစာမပြတ် မီးဖွားခွင့်ရက် ၉၈ ရက်ပေးထားတာကနေ ရက်ပေါင်း ၁၈၀ အထိ တိုးမြှင့် ခံစားခွင့်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

အင်ဒိုနီးရှား နိုင်ငံမှာလည်း အမျိုးသမီး တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော် ဒီကနေ့ မြို့တော် ဂျကာတာမှာ စုဝေးပြီး သမ္မတအိမ်တော် ရှိရာကို ချီတက် ဆန္ဒပြကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က အမျိုးသမီးများနေ့ မြင်ကွင်း (မတ် ၈၊ ၂၀၂၄)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က အမျိုးသမီးများနေ့ မြင်ကွင်း (မတ် ၈၊ ၂၀၂၄)

လုပ်ငန်းခွင်တွေမှာ အကြမ်းဖက်မှုနဲ့ အနှောက်အယှက်ပြုမှုတွေ အဆုံးသတ်ရေး နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO သဘောတူစာချုပ်ကို အစိုးရက ချက်ချင်း လက်မှတ်ရေးထိုး ပြဌာန်းဖို့ အမျိုးသမီးတွေက တောင်းဆိုခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာလည်း အမျိူးသမီးတွေ ရာနဲ့ချီ ချီတက်ပြီး ကျား မ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ရေး တောင်းဆိုကြပါတယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က အမျိုးသမီးများနေ့ မြင်ကွင်း (မတ် ၈၊ ၂၀၂၄)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့က အမျိုးသမီးများနေ့ မြင်ကွင်း (မတ် ၈၊ ၂၀၂၄)

အလားတူ အိန္ဒိယနဲ့ ဂျပန်နိုင်ငံတွေမှာလည်း အမျိုးသမီးတွေ စုဝေးပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ကို ဆင်နွှဲခဲ့ကြပါတယ်။

နှစ်စဥ် မတ်လ ၈ ရက်နေ့ကို နိုင်ငံတကာ အမျိုးသမီးများနေ့အဖြစ် ၁၉၇၇ ခုနှစ်က ကုလသမဂ္ဂမှာ တရားဝင် အသိအမှတ်ပြုခဲ့သလို၊ လက်ရှိမှာတော့ နိုင်ငံပေါင်း ၂၀ လောက်မှာ နိုင်ငံတော်အားလပ်ရပ်အဖြစ် သတ်မှတ် ကျင်းပ ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG