သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄၃၆ ပြင်ရမယ်ဆိုတာ ဦးခင်အောင်မြင့် သဘောတူ


အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကို ဒေါ်ခင်စိုးဝင်း က သီးသန့်တွေ့ဆုံမေးမြန်း။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကို ဒေါ်ခင်စိုးဝင်း က သီးသန့်တွေ့ဆုံမေးမြန်း။

တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟာ လိုအပ်တဲ့ အတွက် လုပ်ရမှာ ဖြစ်တယ်၊ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး သင့်ပေမယ့် မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို ဒီခေါင်းဆောင်တွေချည်းပဲ ဆုံးဖြတ်မရဘူး လို့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က VOA ကိုပြောဆိုလိုက်ပါတယ်။

"ပုဒ်မ ၄၃၆နဲ့ပတ်သက်လို့ NLD လှုပ်ရှားတဲ့ ဥစ္စာက မလိုအပ်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့ ဆိုတော့ ပြင်မှရမှာ။ မပြင်ပဲနဲ့ ဒီနေ့ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ယူဆ တယ်ပေါ့နော်။ ဒါကိုပြင်ပြီးတော့မှ တိုင်းရင်းသားတွေက ကျနော် ရိုးရိုးစကားနဲ့ပြော မယ်ဆိုရင်တော့ ရတာနည်း တယ်လို့ ထင်တာပေါ့။ အခွင့်အလမ်းနည်းတယ်လို့ ထင်တာပေါ့။ ဒီ Resource Sharing မှာ သူတို့ အဓိကနည်းတယ်လို့ ထင်တာပေါ့။ ထင်တဲ့အခါကျတော့ ဒါတွေပေးဖို့ဆိုလို့ရှိရင် အခြေခံဥပဒေ ပြင်ရမှာပေါ့။ အခြေခံဥပဒေပြင်မယ်ဆိုရင် ၄၃၆ ပြင်ရမှာပဲ။ ဒီလိုလူထုနဲ့ တောင်းဆိုစရာ မလိုပါဘူး။ ၄၃၆က ပြင်မှ ဒီငြိမ်းချမ်းရေး Process ကြီးက လုပ်လို့ရမှာပဲလေ။"

အမျိုးသားလွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် အများစုရဲ့ အင်အားနဲ့ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ PR အချိုးကျ ကိုယ်စားပြုစနစ်နဲ့ ပတ်သက်ပြီး ဦးခင်အောင်မြင့်က အခုလိုရှင်းပြပါတယ်။

"အဆိုအောင်တယ် ဆိုတာက ထုံးစံအတိုင်းက အဆိုအောင်တယ်ဆိုရင် ဒီအဆို အတိုင်းဆောင်ရွက်ဖို့ ဒီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုက်တွန်းကြောင်းလို့ ပါတာကိုး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့က လွှဲပေးလိုက်ရုံပဲ။ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့က ဒါလွှဲပေးလိုက်ရင် ရပါတယ်။ တာဝန်ကျေပါပြီ။ သို့သော် စနစ်တစ်ခုက စနစ်တစ်ခုကို ဒီလောက် လွယ်လွယ်ကူကူ လုပ်လို့ သင့်ပါ့မလားလို့ ကျနော် စဉ်းစားတယ်။ စဉ်းစားတော့ အဲ့ဒီ့ထောက်ခံတဲ့သူရော၊ ကန့်ကွက်တဲ့သူရော နောက် ကျနော်တို့ အမျိုးသား လွှတ်တော်ပိုင်းမှာ အများက ရွေးချယ်ထားတဲ့ ၁၅ဦးရှိတယ်။ အဲ့ဒီ့ အဖွဲ့ခေါင်းဆောင်တွေကို လေ့လာကြပါလို့ပေးလိုက်တယ်ပေါ့။

PR လုပ်မယ်ဆိုတာတော့ အဆိုက အတည်ဖြစ်သွားပြီ။ သို့သော် ဘယ်လိုပုံစံနဲ့ လုပ်မှာလဲ။ ဘယ်တော့လုပ်မှာလဲ ဆိုတဲ့ကိစ္စကတော့ အမျိုးသားလွှတ်တော်က မဆုံးဖြတ်သေးဘူးပေါ့။ အဲ့ဒီ့ကော်မတီကနေ တင်ပြလာမယ်။ တင်ပြလာတော့မှ ကြားဖြတ်ရွေးကောက်ပွဲမှာ လုပ်မှာလား။ မလုပ်ဘူးလား။ ၂၀၁၅မှာ လုပ်မှာလား။ မလုပ်ဘူးလား။ နောက်တခုက ၂၀၁၅တော့ လုပ်ရတော့မယ့် သဘောပေါ့နော်။ လုပ်ရတော့မယ် ဆိုပေမဲ့လည်း ရွေးချယ်တဲ့နည်းလမ်းက နံပတ်တစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ညီဖို့လိုတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီမညီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနဲ့ ဆွေးနွေးရမယ်။ သူကလည်း ညီပါတယ်။

နောက် ရွေးကောက် ပွဲ ကော်မရှင် လုပ်နိုင်၊ မလုပ်နိုင် ရှိသေးတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း အခု လုပ်နိုင်တယ်။ နောက် လုပ်နိုင်တယ်ဆိုတဲ့ လာမှာပေါ့နော် ကာလ ။ အဲ့ဒီ့တော့ သူတို့နဲ့ ညှိပြီးတော့ ဒီဥစ္စာကို ဘယ်တော့လုပ်မယ် ဘယ်စနစ်လုပ်မယ် ဆိုတော့ ဥပဒေကြမ်းဆွဲရမှာပေါ့။ ဥပဒေကြမ်းဆွဲပြီးတဲ့အခါ အမျိုးသားလွှတ်တော်မှာ တင်ရမယ် တင်ပြီးလို့ ဆွေးနွေးပြီးရင် ပြည်သူ့လွှတ်တော်ပို့ရမယ်။ လွှတ်တော်နှစ်ရပ်စလုံး သဘောတူပြီ၊ အဲ့ မတူရင်လည်း ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ရမယ်။ အဲ့ဒီ့ကြားထဲမှာ PR ဆိုတာဖြစ်သွားမယ့် သဘောရှိပါတယ်။"

ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ စတဲ့ ဝန်ကြီးဌာနတွေကို ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ကွပ်ကဲနေတာကြောင့် မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးစနစ် အရှိန်မသေသေးဘူးဆိုတာနဲ့ပတ်သက်လို့ ဦးခင်အောင်မြင့်က အခုလို သုံးသပ်ပါတယ်။

"စစ်အုပ်ချုပ်ရေး ကျန်နေသေးတယ်ဆိုတဲ့ အယူအဆနဲ့ပတ်သက်လို့ မငြင်းပါဘူး။ အရှိန်တော့ ကျန်တဲ့သဘောပေါ့။ တကယ့် ထဲထဲဝင်ဝင် မကျန်ပါဘူး။ အရှိန်လောက်တော့ ဒီလိုပုံစံနဲ့ မြင်နိုင်တဲ့အနေအထား တော့ ရှိနေသေးတယ် လို့ ပြောလို့ရပါတယ်။ အဲ့တော့ ဒါကလဲ တချိန်တော့ ဆုတ်ရမှာပေါ့။ ဆုတ်ရမှာပေါ့။ နိုင်ငံတော်ရဲ့အနေအထား Stability ပါပဲ။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားမှာစိုးလို့ ဒါတွေ လုပ်ထားခဲ့တယ်လို့ ထင်တာပါ။ ဒါတွေ ထားပစ်ခဲ့တာ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်အောင် ဒါတွေ လုပ်ထားခဲ့တယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သမိုင်းအစဉ်အလာမှာလဲ ဒီနိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းမှု ကို တပ်မတော်ကပဲ ထိန်းသိမ်း နိုင်ခဲ့တာ။ ကျန်တာ မထိန်းနိုင်ခဲ့ဘူး။ ကျန်တဲ့ Institution ဘယ်သူမှ မထိန်းနိုင်ခဲ့ဘူး။ ဒါကြောင့်မို့လို့ အဲ့လိုဖြစ်အောင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားမလား၊ စနစ်တစ်ခုက တစ်ခုကို ပြောင်းတဲ့အခါမှာ ပျက်ပြားတတ်တယ်။ အခြားနိုင်ငံတွေမှာ ကြည့်ပါ။ သွေးထွက်သံယိုတွေဖြစ်တယ်။ အဲ့တော့ အဲ့လိုတွေဖြစ်မှာစိုးတဲ့အတွက် ဒီလိုထားပြီးတော့ အဲ့လို မဖြစ်လောက်တော့ဘူး ဆိုရင် လျှော့ လျှော့ လျှော့သွားဖို့တော့ လိုတယ်လို့ ယူဆပါတယ်။"

မြန်မာနိုင်ငံရေး အကျပ်အတည်း အဖြေရှာဖို့ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်း စုကြည်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ လေးပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး အပေါ်မှာတော့ ဦးခင်အောင်မြင့်က အခုလို ရှု့မြင်ပါတယ်။

" လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ ကျနော့်အမြင်ပေါ့။ ကျနော့်အမြင်ကတော့ ပဏာမအနေနဲ့ ကတော့ တွေ့သင့် တာပေါ့။ ခေါင်းဆောင်တွေချည်းပဲ တွေ့ပြီး ခေါင်းဆောင်တွေချည်းပဲ ဆုံးဖြတ်လို့တော့ မရဘူး ထင်တယ်။ ခေါင်းဆောင်တွေက အာဏာရှင်တွေမှ မဟုတ်ပဲနဲ့။ အဲ့တော့ ဒါကို ပါတီအားလုံးရဲ့ CEC တွေ အရင်တွေ့၊ ပြီးရင် သူ့ပါတီကို အရင်ချပြ ပါတီတွေရဲ့ သဘောထားကိုယူ၊ ခေါင်းဆောင်တွေပြန်တွေ့ အဲ့လိုတော့ လုပ်သင့်တယ်လို့ ထင်တာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ ဆွေးနွေးညှိနှိုင်း မှုဆိုတာက ဒီမိုကရေစီရဲ့ယဉ်ကျေးမှုပဲ ဆွေးနွေးညှိနှိုင်းရမှာပဲ။"

နေပြည်တော်ရောက် ဒေါ်ခင်စိုးဝင်းက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ သီးသန့် တွေ့ဆုံမေးမြန်းချက်တွေထဲက ကောက်နှုတ် တင်ဆက်လိုက်တာပါ။


XS
SM
MD
LG