သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေးလုပ်တာ ပြည်သူကျေနပ်ဖို့သာ အဓိက


ပြုပြင်ပြောင်းလဲရေးလုပ်တာ ပြည်သူကျေနပ်ဖို့သာ အဓိက
ပြုပြင်ပြောင်းလဲရေးလုပ်တာ ပြည်သူကျေနပ်ဖို့သာ အဓိက

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတာဟာ နိုင်ငံတကာက နှစ်သက်ဖို့ထက် ပြည်သူလူထုက ကျေနပ်ဖို့ အရေးကြီးတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောလိုက်ပါတယ်။ AIPA ခေါ် အာဆီယံ ပါလီမန်များ ညီလာခံကို တက်ရောက်ရင်း ကမ္ဘောဒီးယားနိုင်ငံမှာ ရောက်နေတဲ့ ဦးခင်အောင်မြင့်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဦးခင်အောင်မြင့်နဲ့ ဗွီအိုအေ မြန်မာပိုင်းတို့ ဆက်သွယ်မေးမြန်းခန်း တစိတ်တပိုင်းကို တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဟာ အလားအလာကောင်းတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောပါတယ်။ လူတော်တော်များများလည်း လက်ခံကြပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေ၊ တချို့တွေက စောင့်ကြည့်ချင်သေးတယ်၊ အပြောများပြီး လက်တွေ့ ဖြစ်မလာသေးဘူး၊ လက်တွေ့ပြသဖို့ လိုသေးတယ်လို့ ပြောနေကြပါတယ်။

“ကျနော်တို့ အမှန်အတိုင်း၊ အရင်းအတိုင်း ပြောရရင် နိုင်ငံတကာက Please ဖြစ်ဖို့ထက် ကိုယ့်ပြည်သူလူထုက ကျေနပ်ဖို့ လိုပါတယ်ဗျာ။ အဓိက ဒါပါပဲ။”

ဆိုတော့ အခု ပြည်သူလူထုကရော ကျေနပ်နေကြတယ်လို့ ထင်ပါသလား။

“ထင်တာမဟုတ်ပါဘူး။ ခင်ဗျားတို့ လာပြီး မေးမြန်း စုံစမ်းကြည့်ရင် လူထုက တော်တော်လေး သဘောကျတဲ့ အနေအထား ရှိပါတယ်။ အထူးသဖြင့် အစိုးရအဖွဲ့ရဲ့ ရက်တိုတိုကာလအတွင်း ဆောင်ရွက်ချက်တွေကို။ လွှတ်တော်က ကိုယ်စားလှယ်တွေရော ပြောကြ ဆိုကြတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုက်တယ်ဆိုရင် ဒါ ပြည်သူ့အသံပါပဲ။ ကျနော်တို့က လွှတ်တော်ထဲ ရောက်မလာတဲ့ နိုင်ငံရေး ပါတီတွေရဲ့ သဘောထားတွေ၊ အသံတွေလည်း နားထောင်ပါတယ်။ အားလုံးလောက် နီးပါးက ကျနော်တို့ ကြားသလောက်ကတော့ သဘောကျပါတယ်။ တော်တော် အဆင်ပြေတဲ့သဘော ရှိပါတယ်။”

ကျနော် နိုင်ငံတကာဆိုလို့ မေးရတာပါ၊ ဥပမာ အာဆီယံ ဥက္ကဋ္ဌလုပ်မယ့် ကိစ္စမျိုးမှာ မြန်မာနိုင်ငံဟာ အလှည့်ကျ ပထမတခါ လက်လွှတ်ခဲ့ရပြီ၊ ဒီတကြိမ်မှာ လုပ်မယ်ဆိုပြီး ပြင်ဆင်နေတာ ကြားရပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့လည်းပဲ နိုင်ငံတကာက ဒီစကားကို ပြောကြပါတယ်။ လက်တွေ့ အပြောင်းအလဲကို စောင့်ကြည့်ပါဦးဆိုပြီး ပြောနေကြပါတယ်။ ဆိုတဲ့အတွက်ကြောင့် နိုင်ငံတကာရဲ့ သဘောထားကိုလည်း ကျနော် ထည့်ပြီး ကြည့်တာပါ။

“အာဆီယံ ဥက္ကဋ္ဌက မြန်မာနိုင်ငံ အလှည့်ကျတဲ့ အချိန်တုန်းက မြန်မာနိုင်ငံက အဆင်သင့် မဖြစ်သေးလို့ ဒီနှစ်တော့ မလုပ်သေးဘူး ဆိုတဲ့အခါမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးက မြန်မာနိုင်ငံက အဆင်သင့် ဖြစ်ပါပြီလို့ ပြောတဲ့အချိန်မှာ ဥက္ကဋ္ဌအလှည့် ယူပါလို့ အားလုံး သဘောတူပြီးသား ဖြစ်ပါတယ်။”

ဆိုတော့ ဒီတကြိမ်မှာလည်းပဲ ဥက္ကဋ္ဌအလှည့်ကို ပေးမယ်လို့ ယူဆတယ်ပေါ့။

“ယူဆပါတယ်။ ဒါက အာဆီယံ နိုင်ငံအတွင်းမှာ Consensus သဘောနဲ့ လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။”

ကျနော်ပြောတာက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေတဲ့ မာတီပေါ့လေ၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဟိုနေ့က ပြောနေလို့ပါ။ ဒီဟာကို စောင့်ကြည့်ဖို့ လိုသေးတယ်၊ ဘာညာ ဆိုပြီးတော့။ လက်တွေ့ ပြုပြင်ပြောင်းလဲမှုကို လက်တွေ့ အကောင်အထည်ဖော်မှု ရှိမရှိ ဆိုတာကို ကြည့်ချင်တယ် ဆိုပြီးတော့။

“ဒါ ဘယ်လိုပြောနေသည်ဖြစ်စေ မူလ သဘောတူညီချက်ကို တန်ဖိုးထားရမှာ ဖြစ်ပါတယ်။”

နောက်တခုက လူထုရဲ့ ကျေနပ်မှုဆိုလို့ လူထုဆိုလို့ ကျနော် အများဆုံး ကြားရတဲ့ ညည်းတွားသံက လယ်သမားတွေ ဖြစ်ပါတယ်။ လယ်သမားတွေရဲ့ လယ်ယာမြေကို သိမ်းယူတယ်၊ သိမ်းယူတာဟာ အစိုးရနဲ့ ရင်းနှီးတဲ့၊ အာဏာပိုင် ပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးတဲ့ လူတွေရဲ့ စီးပွားရေး လုပ်ငန်းအတွက် သုံးတယ်၊ လယ်သမားတွေက နစ်နာတယ်၊ အဲဒါကို တိုင်ကြတယ်။ တိုင်တောတာတွေ အများကြီး တွေ့ရပါတယ်။ အဲဒီကိစ္စရော ဘယ်လို ဖြေရှင်းပေးနိုင်ပါလဲခင်ဗျ၊ လွှတ်တော်က။

“အဲဒီကိစ္စတွေ ကျနော်တို့ လွှတ်တော်မှာလည်း ဆွေးနွေးကြပါတယ်။ လွှတ်တော်မှာလည်း အဆိုတွေ တင်သွင်းတယ်။ နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း လုပ်တယ်။ အစိုးရအဖွဲ့ကလည်း ပြန်ရှင်းပေးနေပါတယ်၊ ဒီဥစ္စာတွေ။ ဒီကိစ္စတွေ အားလုံးကို အကုန်လုံး ပြန်ရှင်းပေးမယ့်သဘော ရှိပါတယ်။”

ဒါပေမဲ့ ဒီနေ့ကြားရတာကတော့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က သွားပြီးတော့ လယ်သမားတွေကို စပါးစိုက်တာဟာ ဘာမှလည်း မဖြစ်စလောက်သာ ဖြစ်တယ်၊ ဒါကြောင့် စီးပွားရေးလုပ်ငန်းဆိုတာ အမြဲရှိတယ်၊ လယ်သမားတွေက မင်းတို့ ဒီလယ်ကို လုပိုင်ခွင့် မရှိဘူး၊ မပိုင်ဘူးလို့ ပြောသွားတယ်လို့ ကြားရပါတယ်။

“ကျနော်တော့ မကြားဘူးခင်ဗျ၊ အဲဒါ။ ဒါကတော့ ရန်ကုန်တိုင်းကိစ္စဆိုတော့ ရန်ကုန်တိုင်းကို မေးရင် ကောင်းမယ်ထင်တယ်။ ကျနော် သေချာ မသိပါဘူး။”

နောက် တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခကိုလည်း လွှတ်တော်မှာတင်ပြီး ဆွေးနွေးကြတာ တွေ့ရပါတယ်။ လွှတ်တော်က အများဆန္ဒအရ ဒီကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါသလဲခင်ဗျ။

“လွှတ်တော်ဆိုတာကတော့ အဖြေရှာပြီးတော့ နိုင်ငံတော် အစိုးရကို တိုက်တွန်းကြောင်း လုပ်ရမှာပေါ့။ တကယ် လက်တွေ့လုပ်ရမှာတော့ နိုင်ငံတော် အစိုးရပါပဲ။”

လွှတ်တော်က တိုက်တွန်းတာတွေ ရှိပါပြီလား အခုလောလောဆယ်၊ အစိုးရကို ဘယ်လိုနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ။

“လောလောဆယ်တော့ ရှိပါတယ်။ ဒီကိစ္စတွေကို လွှတ်တော်က ၂ ရပ် တပြိုင်တည်း ကျင်းပနေတာပေါ့။ ပြည်သူ့လွှတ်တော်ဘက်မှာလည်း ရှိသင့်သလောက် ရှိပါတယ်။ အမျိုးသားလွှတ်တော်ဘက်မှာလည်း ရှိသင့်သလောက် ရှိပါတယ်။”

အခု မြန်မာနိုင်ငံ အာဏာပိုင် အဖွဲ့အစည်းထဲက ပုဂ္ဂိုလ်တွေထဲမှာ ပြုပြင် ပြောင်းလဲရေးကို တက်တက်ကြွကြွ လုပ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ရှိသလို တချို့ကလည်း မလုပ်လိုကြဘူး၊ သိပ်ပြီးတော့ စိတ်အားထက်သန်မှု မရှိဘူးလို့ တွက်ကြပါတယ်။ ဥပမာတခု အနေနဲ့ ကျနော်တို့ရဲ့ ဗွီအိုအေက ဒေါ်ခင်စိုးဝင်းရောက်တော့ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပတဲ့အခါမှာ ပြည်သူ့လွှတ်တော်ဘက်မှာတော့ လွတ်လပ်စွာမေး၊ ကြိုက်သလို ဖြေကြလို့ ပြောပေမဲ့ အမျိုးသားလွှတ်တော်ကတော့ အဲဒါမျိုး ဘာမှ ခွင့်မပြုဘူး၊ မေးခွင့်မရဘူး၊ ပိတ်ထားတယ်လို့ ပြောပါတယ်။ ဆိုတော့ ဒါကိုကြည့်ရင် ပြုပြင်ပြောင်းလဲရေး လိုသူ၊ မလိုသူလို့ ပြောနိုင်တယ်လို့ တချို့ကလည်း သုံးသပ်ကြပါတယ်။

“ဒါ ဒေါ်ခင်စိုးဝင်း သေချာမသိလို့ ဖြစ်မယ်။ အမျိုးသားလွှတ်တော်မှာ ကျနော်ကိုယ်တိုင် ကြေညာတာပဲ၊ ဒီမိုကရေစီနေ့မှာ အင်တာဗျူးလုပ်ရင် လွတ်လွတ်လပ်လပ် လုပ်ကြပါဆိုပြီးတော့ ၁၄ ရက်နေ့က ကျနော်ကိုယ်တိုင်၊ ဥက္ကဋ္ဌကိုယ်တိုင် လွှတ်တော်ကို ကြေညာတာပဲ။ ၁၅ ရက်နေ့ ဒီမိုကရေစီနေ့လည်း ကျနော်နဲ့ ဟိုဘက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ တိုင်ပင်ပြီး လုပ်တာပါ။ အဲဒီနေ့မှာလည်း မီဒီယာတွေ အကုန်လုံးဖိတ်၊ ဖိတ်ပြီးတော့ Open to All၊ Transparency ရှိရှိ လုပ်မယ်ဆိုပြီး လုပ်တာပါ။ နိုင်ငံတွင်းကို လာရောက်ရဲ့သားနဲ့ ခုနလို သတင်းအမှား ယူသွားတယ်ဆိုတော့ သတင်းအမှား ယူသွားတဲ့သူရဲ့ တာဝန်ပဲ ဖြစ်ပါလိမ့်မယ်။”

အမျိုးသားလွှတ်တော်မှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့် မရခဲ့ဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဦးခင်အောင်မြင့်ရဲ့ အဲဒီလို ဖြေရှင်းချက်နဲ့ ပတ်သက်လို့ နေပြည်တော်ကို သွားပြီးတော့ သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက အခုလို တုံ့ပြန် ပြောဆိုပါတယ်။

“စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား အပြီးမှာ ပြည်သူ့လွှတ်တော် ရေးရာကော်မတီတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးဌေးဦး ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် ရေးရာကော်မတီ ၁၂ ဖွဲ့က သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်တွင်း သတင်းမီဒီယာ အဖွဲ့တွေထဲက Sky Net ရုပ်မြင်သံကြား သတင်းဌာနက သတင်းထောက် အမျိုးသမီးတယောက် မေးတဲ့အထဲမှာ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တွေကို လွတ်လွတ်လပ်လပ် တွေ့ဆုံ မေးမြန်းခွင့် ရပေမဲ့ အမျိုးသားလွှတ်တော်ဘက်မှာကျတော့ မေးခွင့်မပေးဘူး၊ အဲဒါ ဘာကြောင့်ပါလဲလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။

“သတင်းစာ ရှင်းလင်းပွဲက ပြည်သူ့လွှတ်တော်ဘက်က ကျင်းပတာ ဖြစ်တဲ့အတွက်ကြောင့် အမျိုးသားလွှတ်တော်ဘက်က ကိစ္စကို ဖြေဆိုမပေးနိုင်ပါဘူး ဆိုပြီးတော့ ပြန်ပြောခဲ့ပါတယ်။ ဒါကြောင့် အမျိုးသားလွှတ်တော်မှာ သတင်းလွတ်လပ်ခွင့် မရှိဘူးလို့ ကျမက သုံးသပ်လိုက်တာပါ။”

အမျိုးသားလွှတ်တော်တွင်းမှာ သတင်းယူလို့ ရခွင့်၊ မရခွင့် ကိစ္စနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ရဲ့ ဖြေရှင်းချက်အပေါ် ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG