သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုဆက်ဆံရေး ဌာနဖြစ်လာဖို့ ပြန်ကြားရေး ဝန်ကြီးသစ် မျှော်မှန်း


ပြန်ကြားရေးဝန်ကြီးသစ် ဦးဖေမြင့်။ (သတင်းဓာတ်ပုံ-ဗွီအိုအေနဲ့ တိုင်းရင်းသားညီလာခံတွင် တွေ့ဆုံမေးမြန်းစဉ်)
ပြန်ကြားရေးဝန်ကြီးသစ် ဦးဖေမြင့်။ (သတင်းဓာတ်ပုံ-ဗွီအိုအေနဲ့ တိုင်းရင်းသားညီလာခံတွင် တွေ့ဆုံမေးမြန်းစဉ်)

ပြန်ကြားရေးဝန်ကြီးဌာနကို အရင်ကရှိခဲ့တဲ့ ဝါဒဖြန့်ချိရေးပုံစံမျိုးမဟုတ်ဘဲ အများပြည်သူ ရဲ့ အသံတွေ၊ အများပြည်သူရဲ့ လိုလားချက်တွေကို ဖော်ပြနိုင်တဲ့၊ လူထုနဲ့ အပြန် အလှန် ပေါင်းကူး ဖလှယ်တဲ့ လူထု အကျိုးပြု ဌာနတခု ဖြစ်အောင် ပြင် ဆင် ပြောင်းလဲ သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး အဖြစ် ဒီကနေ့ လွှတ်တော် ကနေ အတည်ပြုလိုက်တဲ့ ဦးဖေမြင့်က ပြောပါတယ်။ အစိုးရသစ် လက်ထက် မှာ ပြန်ကြားရေး ဌာနကို ဘယ်လိုပုံစံမျိုးနဲ့ အပြောင်းအလဲတွေ လုပ်သွားဖို့ရှိနေပါလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

မခင်ဖြူထွေး။ ။ မြန်မာနိုင်ငံမှာ အရင်ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပတ်သက်လို့ ဝေဖန်တာတွေ အများကြီး ရှိပါတယ်။ နိုင်ငံတော်အစိုးရ ဝါဒဖြန့်ဌာနတခုလို သုံးခဲ့တာဆိုတော့။ အခု ဒီ လာမယ့်အစိုးရသစ်လက်ထက်မှာ ဝန်ကြီးဌာနတွေကို သိသိသာသာ လျှော့ချတာ ရှိပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနကတော့ ဆက်ပြီး ရှိနေပါတယ်။ ဒီအပေါ် အန်ကယ်ဦးဖေမြင့်ရဲ့သဘောထားကို အရင်ဆုံး သိပါရစေရှင့်။

ဦးဖေမြင့်။ ။ “ဟုတ်ကဲ့ခင်ဗျ။ ကျနော်ကတော့ ဒီနေ့မှ အတည်ပြုခံရတာပေါ့နော်။ ကျနော် အရင်အစိုးရအဖွဲ့နဲ့ မူဝါဒတွေကို တိတိကျကျ ပြည့်ပြည့်စုံစုံ ဆွေးနွေးရတာ မရှိသေးပါဘူး။ ဒါပေမဲ့ ကျနော် နားလည်တာကတော့ ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်လက်ထားရှိတာကတော့ လိုအပ်တယ်လို့ ယူဆတဲ့အတွက်ကြောင့် ထားတယ်လို့ပဲ ကျနော် နားလည်ပါတယ်။ ပြီးတဲ့နောက် အစိုးရသစ်မှာ သူ့ရဲ့မူဝါဒတွေ ရှိပါလိမ့်မယ်။ ဒီမူဝါဒတွေကို အများသိအောင် တင်ပြဖို့တော့ ဒီလို ယန္တရားတခုကတော့ လိုမှာပေါ့နော်။ အဲဒါသည် တမင်တကာ အရင်တုန်းကသုံးခဲ့တဲ့ ဝါဒဖြန့်ချိရေးဆိုတာမျိုးထက် ကိုယ့်ကို ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူကို အစီရင်ခံတဲ့သဘောပဲ အဓိကဖြစ်လိမ့်မယ်လို့ ကျနော်က မြင်ပါတယ်ခင်ဗျ။”

မခင်ဖြူထွေး။ ။ ဟုတ်ကဲ့။ စောစောက အန်ကယ်ပြောသလိုပဲ အစိုးရသစ်ရဲ့ မူဝါဒတွေကို ပြည်သူတွေသိအောင် ပြောပြနိုင်ဖို့ ဆိုတာ ပါ ပါတယ်။ အစိုးရရဲ့ မူဝါဒတွေကို ဖော်ပြတယ်၊ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြတယ်ဆိုတော့၊ အရင်ကရှိခဲ့သလို အစိုးရဝါဒဖြန့်ချိတာမျိုးနဲ့ မတူအောင် ပြုပြင်ပြောင်းလဲမှုတွေ၊ ဘာတွေကို ထူးထူးခြားခြား ပြောင်းလဲ လုပ်ဆောင်နိုင်ပါမလဲရှင့်။ ဒီအစိုးရသစ်လက်ထက်မှာ။

ဦးဖေမြင့်။ ။ “ဟုတ်ကဲ့။ အဲဒီမှာ ကျနော် မြင်တာကတော့ ဘယ်ဌာန၊ ဘယ်ကုမ္ပဏီတွေဖြစ်ဖြစ်၊ ဘယ်လုပ်ငန်းဌာနတွေဖြစ်ဖြစ် အများပြည်သူတွေနဲ့ ဆက်ဆံတဲ့ ဆက်သွယ်တဲ့ အဆက်အသွယ်။ medium ပေါ့။ ကြားခံပစ္စည်းကတော့ လိုအပ်ပါတယ်။ အစိုးရတရပ်အနေနဲ့တော့ ပိုပြီးတော့လည်း လိုပါတယ်။ အရင်တုန်းကတော့ ဒီ ပြန်ကြားရေးဆိုတာကို နိုင်ငံတကာမှာ ဒီနံမည်ကို သိပ်ပြီးတော့ မသုံးကြဘူးဆိုတာကတော့၊ စောစောကပြောတဲ့ သမိုင်းမှာ ဝါဒဖြန့်ချိရေး ဆိုတာမျိုးနဲ့ ဆက်စပ်နေတဲ့အကြောင်းတွေကြောင့် အဲဒီနာမည်ကို ရှောင်ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ တချို့တိုင်းပြည်တွေလည်း သုံးနေတာတွေ ရှိပါတယ်။

ဥပမာ ဒီမိုကရေစီနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်လို နိုင်ငံမျိုးတောင်မှ အရင်တုန်းကတော့ Information Agency၊ Information Service စသဖြင့်တော့ သုံးပါတယ်။ သုံးပြီးနောက်ပိုင်းကျမှ Public Affairs Department ဆိုတာမျိုး ပြောင်းလဲသုံးစွဲတာ တွေ့တယ်ပေါ့နော်။ ဆိုချင်တာကတော့ ဒီလို အများပြည်သူနဲ့ ဆက်သွယ်တဲ့ ဆက်ဆံတဲ့ အလုပ်ကတော့ လုပ်နေရမှာပေါ့နော်။ အများပြည်သူကို အစိုးရက ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ပြောပြတာ အသိပေးတာသည် တာဝန်လည်း ဖြစ်ပါတယ်။ အများပြည်သူက ရွေးကောက် တင်မြှောက်လိုက်တယ်။ တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေကနေ ဆက်လက်ပြီးတော့ ခန့်အပ်တဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူအပေါ် ဒီတာဝန်ရှိပါတယ်။

အဲဒီအခါမှာ တဘက်က ဝါဒဖြန့်ချိတာမျိုး မဖြစ်အောင်ဆိုရင် သူတို့က မီဒီယာလို့ ခေါ်တဲ့နေရာတွေ ကနေ ဒီအစိုးရပိုင်းက ပြောတဲ့ သတင်းတွေ၊ ဖော်ပြတဲ့ အစိုးရ အာဘော်တွေ ဖော်ပြတယ်ဆိုတဲ့ သဘောမျိုးသက်သက် မဟုတ်ဘဲနဲ့ အများပြည်သူရဲ့အသံတွေ၊ အများပြည်သူရဲ့ လိုလားချက်တွေ၊ အများပြည်သူက ဒီအစိုးရပိုင်း လွှတ်တော်ပိုင်းစသဖြင့်ပေါ့နော် အဲဒါတွေကို သူတို့ရွေးကောက် တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်လို့ မကျေနပ်တာတွေ၊ လက်မခံနိုင်တာတွေ၊ ဝေဖန်ထောက်ပြ ချင်တာတွေ ဖြည့်စွက်ပြောဆို ချင်တာတွေ၊ သူတို့လိုလားတဲ့ သူတို့လိုအင်ဆန္ဒတွေက ဘာတွေဖြစ်ပါတယ်ဆိုတာ တွေ ကို ဖော်ပြနိုင်အောင် ကျနော်တို့ စီမံပေးမယ်ဆိုလို့ရှိရင် ဒါသည် တဘက်က ဝါဒဖြန့်တယ်ဆိုတဲ့ အနေအထား၊ အစိုးရရဲ့ ကိစ္စတွေကိုပဲ ပြောတယ်ဆိုတဲ့ အနေအထား မဖြစ်ဘဲနဲ့ အစိုးရနဲ့ အများပြည်သူကြား အပြန်အလှန် ပေါင်းကူးဖလှယ်တဲ့ ဌာနဖြစ်မယ်လို့ ကျနော် ထင်ပါတယ်။”

မခင်ဖြူထွေး။ ။ ဟုတ်ကဲ့။ နောက်တခုက လက်ရှိ ရှိနေတဲ့ အစိုးရသတင်းဌာနတွေ၊ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေနဲ့ပတ်သက်လို့ အစိုးရသစ် လက်ထက်မှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဆက်ပြီး ထားရှိသွားမှာပါလဲ။ အပြောင်းအလဲ ဘာတွေ ဖြစ်လာနိုင်ပါသလဲရှင့်။

ဦးဖေမြင့်။ ။ “ဟုတ်ကဲ့။ ကျနော်တို့ အခုစဉ်းစားတာ။ ကျနော် တိတိကျကျတော့ ဆွေးနွေးတိုင်ပင်ပြီး လုပ်ရတဲ့အနေအထား မရှိသေးပါဘူး။ ကျနော့်တဦးတည်း အနေနဲ့ စိတ်ကူးအနေနဲ့ ပြောရမယ်ဆိုရင် ဒီ မီဒီယာတွေကို ကျနော်တို့ အသွင်သဏ္ဍန်အရရော၊ တင်ဆက်နေတဲ့ ပုံသဏ္ဍန်တွေ အရရော၊ အကြောင်းအရာပိုင်းမှာပါ စောစောက ကျနော်ပြောခဲ့သလို အပြန်အလှန် အသွားအလာရှိတဲ့ အနေအထားဖြစ်အောင် ပြုပြင် ပြောင်းလဲနိုင်ဖို့ ကျနော် စဉ်းစားပါတယ်။”

ပြန်ကြားရေးဝန်ကြီး အဖြစ် ဒီကနေ့ လွှတ်တော် ကနေ အတည်ပြုလိုက်တဲ့ ဦးဖေမြင့်ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG