သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ဗွီအိုအေသီးသန့်မေးမြန်းခြင်း


အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ဒီထက်ပို တိုးတက်ဖို့ဆိုရင် အမေရိကန်လွှတ်တော်က ပြဌာန်းထားတဲ့ ကျန်နေသေးတဲ့ ပိတ်ဆို့မှု အကန့်အသတ်တွေကို ဖယ်ရှားပေးဖို့ လိုမယ်ဆိုပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဗွီအိုအေမြန်မာပိုင်းအစီအစဉ်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားထားပါတယ်။

အမေရိကန် - မြန်မာ စစ်ရေးဆက်ဆံရေး ပိုကောင်းမွန်လာပြီး မြန်မာအစိုးရ အရာရှိတွေကို သင်တန်းစေလွှတ်ချင်တဲ့ဆန္ဒ ရှိကြောင်းလည်း သူက ပြောပါတယ်။ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့အတွက် ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ ဝန်ကြီးခင်ဗျာ ကျနော်တို့ ဗွီအိုအေကို သီးသန့် တွေ့ဆုံမေးမြန်းခွင့်ပြုတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။ ကျနော် ဒီနေရာမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးကို အဓိက အာရုံစိုက်တဲ့ မေးခွန်းတခု ကျနော် မေးချင်ပါတယ်။ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေးဟာ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်နဲ့ လုံး၀ မတူလောက်အောင်ကို ပြောင်းလဲတိုးတက်နေတာ အသေအချာပါပဲ။ နိုင်ငံတကာကလည်း မျက်မြင်ပါပဲ။ ဒီနေရာမှာ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုပြီးတော့ တိုးတက်နိုင်တဲ့ ပိုပြီးတော့ ကောင်းနိုင်တဲ့ နယ်ပယ်တွေ ရှိတယ်ဆိုရင် အဲ့ဒီနယ်ပယ်တွေက ဘယ်နေရာတွေမှာ ပိုပြီးတော့ တိုးတက်အောင် လုပ်နိုင်သေးတယ်လို့ ယူဆပါသလဲ။

ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ အမြဲတမ်းပဲ ဒီ အမေရိကန်နဲ့ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေချင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ ကျနော်တို့ လွတ်လပ်ရေးမရခင်တနှစ် ၁၉၄၇ ခုကတည်းက စတာပါ။ ပထမဆုံး ကနဦး သံတမန်ထူထောင်တဲ့ နိုင်ငံတွေထဲမှာ ပါပါတယ်။ ပါတဲ့အတွက်ကြောင့်မို့ အခုအချိန်မှာလည်း ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု တိုးတက်မှု အရှိဆုံးနိုင်ငံတနိုင်ငံ ဖြစ်နေတဲ့အတွက် ဒီအမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ အဲ့ဒီထဲမှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ရှိရင် ဒါ အမေရိကန်အနေနဲ့ များစွာ အထောက်အကူပြုပေးနိုင်တဲ့ ဧရိယာတွေ ရှိပါတယ်။

ဥပမာ - ကျနော်တို့က လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စမှာ ကျနော်တို့ Human Resource Development နဲ့ ပတ်သက်ပြီးတော့ ပညာရေးပိုင်းဆိုင်ရာမှာ ကျနော်တို့ အများကြီး ကူညီနိုင်သလို၊ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်ရေးမှာ လုပ်နိုင်ပါတယ်။ နောက်တခုကတော့ ကျနော်တို့က ရင်းနှီးမြှုပ်နှံမှုပေါ့။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ကို ပြဌာန်းပြီးတဲ့နောက်မှာပဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်နေပါတယ်။ သို့သော်လည်း အမေရိကန်အနေနဲ့ တခုကျန်နေတဲ့ အခက်အခဲလေးကတော့ လွှတ်တော်ပိုင်းကနေပြီးတော့ ချမှတ်ထားခဲ့တဲ့ ဥပဒေတွေ ပြန်လည် ရုပ်သိမ်းပေးဖို့၊ ပယ်ဖျက်ပေးဖို့၊ ဒါတွေ ကျန်ပါတယ်။ ဒါတွေသာ ဒီဘက်က အစိုးရပိုင်းပေါ့လေ အုပ်ချုပ်ရေးပိုင်းကတော့ တတ်နိုင်သမျှ ဖြေလျှော့မှုတွေ လုပ်ပေးတဲ့အခါမှာ ထိတွေ့မှုတွေက၊ စီးပွားရေးပိုင်းဆိုင်ရာ ထိတွေ့မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိတွေ့မှုတွေ တိုးတက်ပြီး ပေါ်နေပါတယ်။ သို့သော်လည်းပဲ တချို့ အကန့်အသတ် ဖြစ်နေတာတွေကတော့ ဒီ ဥပဒေတွေ ပြဌာန်းတဲ့ အချက်အလက်တွေဟာ အကန့်အသတ်အဖြစ်နဲ့ ရှိနေဆဲပဲဖြစ်ပါတယ်။ ဒါတွေသာ ကျနော်တို့က ဖယ်ရှားနိုင်မယ်ဆိုရင် မြန်မာနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ ဒီထက်မက အများကြီး အရှိန်အဟုန်နဲ့ တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။

မေး။ ။ ခုနက ဝန်ကြိးပြောသလို အစိုးရပိုင်းနဲ့ လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ အစိုးရပိုင်းနဲ့ လွှတ်တော်ပိုင်းပေါ့လေ လွှတ်တော်ပိုင်းမှာတချို့ ဟိုတလောကတင်ပဲ လွှတ်တော်အမတ်တွေကနေပြီးတော့ ဥပဒေတခု ထပ်တင်တာမျိုးတွေ ကျနော်တို့ကိုယ်တိုင်လည်း သိထားတယ်ဆိုတော့ - စစ်ဘက်ဆက်ဆံရေးပေါ့လေ လုံခြုံရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ စစ်ဘက်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး လက်ရှိမှာ ဘယ်အဆင့်ထိ ရောက်နေပါသလဲ။ တဘက်မှာရော ဘယ်လောက်အထိ အတားအဆီးတွေ ကြုံနေရပါသလဲ။

ဖြေ။ ။ ကျနော်တို့ စစ်ဘက်ဆက်ဆံရေးပိုင်းလို့ ပြောမယ့်အစားပေါ့ ကာကွယ်ရေးဝန်ကြီးဌာန နှစ်ခုကြားရဲ့ ထိတွေ့မှုလို့ ပြောရင် ပိုပြီးတော့ သင့်တော်ပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ကတော့ ဟိုးယခင်တုန်းက ပြီးခဲ့တဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေအထိကို အမေရိကန်နဲ့ တပ်ပိုင်းဆိုင်ရာတွေမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ ရှိတယ်ဆိုတာကတော့ အထူးသဖြင့်ကတော့ ကျနော်တို့ သင်တန်းတွေပေါ့။ သင်တန်းတွေ၊ ကျနော်တို့ တပ်မတော်က အရာရှိတွေ၊ အမေရိကန်မှာ ဒါ အရာရှိငယ် သင်တန်းတွေ၊ အရာရှိကြီးသင်တန်းတွေ စသဖြင့် ဒီလို သင်တန်းတွေ စေလွှတ်ပြီးတော့ လေ့ကျင့်တာတွေ တက်ရောက်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မရှိသလောက်ပဲ ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တဲ့အပေါ်မှာမူတည်ပြီးတော့ ကျနော်တို့ တပ်မတော်အနေနဲ့လည်းပဲ ဒါ ခေတ်မီ တပ်မတော်တရပ်ကို တည်ဆောက်နေတဲ့အခါမှာ ကမ္ဘာ့ခေတ်အမီဆုံး နိုင်ငံတနိုင်ငံရဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ကျနော်တို့ ရှိစေချင်တယ်။ ရှိဖို့လည်း လိုလားပါတယ်။ ရှိဖို့ လိုလားတဲ့အတွက်လည်း ဒါ တပ်ပိုင်းဆိုင်ရာ အပိုင်းကလည်းပဲ ဒါ ကျနော်တို့ ထိတွေ့ဆက်ဆံမှု ပိုမို တိုးတက် ဆောင်ရွက်လာတဲ့ အနေအထား ရှိပါတယ်။

မေး။ ။ ဆိုတော့ အခုကတော့ ဆက်ဆံမှုတွေကတော့ ရှိနေပြီ။ ရှေ့တိုးဖို့ လိုနေတာပေါ့နော်။

ဖြေ။ ။ အဲ ရှေ့တိုးဖို့ လိုနေတယ်ဆိုတာကတော့ ဘယ်အတိုင်းအတာအထိ ဘယ်လို သွားကြမလဲဆိုတာပေါ့။ အဓိကကတော့ ကျနော်တို့ ရှိလာပြီဆိုရင် ကျနော်တို့ အရာရှိတွေကို ကျနော်တို့က သင်တန်းတွေ စေလွှတ်ချင်တယ်။ အခုအချိန်ထိတော့ ဒါ မပေါ်လာသေးဘူး။ ဒီလိုဟာမျိုးလေးတွေ၊ အဲ့လိုဟာမျိုးတွေကတော့ ပြန်စရမယ်။

မေး။ ။ ကျနော် ဟိုဟာ နည်းနည်းလေး ဝန်ကြီးအတွက် personal ဆန်တဲ့ မေးခွန်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ အခုက ၂၀၁၅ ရွေးကောက်ပွဲက နီးလာပါပြီ။ သိပ်မလိုတော့ဘူး။ တနှစ်လောက်အတွင်းမှာ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပပါမယ်။ ဝန်ကြီးက တကယ်ဆိုရင် ဝါရင့်သံတမန်တဦး ဖြစ်ပါတယ်။ အစိုးရအပြောင်းအလဲ ဖြစ်ပြီးတဲ့အချိန်ကတည်းက ဝန်ကြီးက နိုင်ငံခြားရေး တာဝန်ကို ယူခဲ့တာပါ။ ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝန်ကြီးအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ အစီအစဉ် ရှိပါသလားခင်ဗျ။ နောက်ထပ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖို့ရော အစီအစဉ် ရှိပါသလား။

ဖြေ။ ။ အဲ ဒါကတော့ နည်းနည်းလေးတော့ ဟို ကျနော်အနေနဲ့ personal လည်း ဖြစ်နေတဲ့အတွက်ကြောင့်မို့ အခုအချိန်မှာတော့ ကျနော့်အနေနဲ့ ထုတ်ဖော်ပြောကြားဖို့ မရည်ရွယ်သေးပါဘူး။ သို့သော်လည်းပဲ နိုင်ငံရေးဆိုတာ ကျယ်ပြန့်ပါတယ်။ ကျယ်ပြန်တဲ့အတွက်ကြောင့်မို့ ဒါကို ဆက်လက်ပြီးတော့ နိုင်ငံရေးအရ ဆက်ပြီးတော့ Involve ဖြစ်မလား။ ဒီနိုင်ငံရေးရေစီးကြောင်းထဲမှာ ဆက်ပြီးတော့ ပါမလား။ ဒါ ကျနော်တို့ အဘက်ဘက်ကို ချင့်ချိန်ပြီးတော့ ဆုံးဖြတ်ရမယ့်ကိစ္စပါ။

နိုင်ငံခြားရေးဝန်ကြီး ဆက်လုပ်ဦးမလားဆိုတာက ဒါလည်းပဲ တာဝန်ပေးအပ်မှုနဲ့ နိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေပေါ့။ ဆိုလိုတာကတော့ ကျနော်တို့ကနေ ကိုယ်စားလှယ်တွေ ရွေးကောက်တယ်။ ရွေးကောက်ပွဲကနေ တင်မြှောက်လာတယ်။ ကျနော်တို့ကလည်း ကိုယ်စားလှယ်တွေကနေပြီးတော့ ဒါ တာဝန်တွေ ပေးကြတယ်။ သို့သော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရဆိုရင်တော့ ဒါ အစိုးရအဖွဲ့ cabinet ကို ဖွဲ့စည်းတာကတော့ ဒါ နိုင်ငံတော် သမ္မတကြီးကနေပြီးတော့ ဖွဲ့စည်းပြီးတော့ လွှတ်တော်ကနေ အတည်ပြုတာ ဖြစ်တဲ့အတွက် တချို့ကလည်းပဲ ပြည်သူ့ကိုယ်စားလှယ် မဟုတ်ဘဲနဲ့ ခန့်အပ်ထားတဲ့ ဝန်ကြီးတွေလည်း ရှိပါတယ်။ တချို့ကလည်း ပြည်သူ့ကိုယ်စားလှယ်ထဲကနေ တက်လာတာရှိတယ်။ ဒါကတော့ နည်းနည်းလေး ပြောဖို့ စောပါသေးတယ်။

ကိုကျော်ကျော်သိန်း။ ။ ဝန်ကြီး ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျ။ အခုလို အချိန်ပေးပြီးတော့ ဖြေဆိုပေးတာ။

ဦးဝဏ္ဏမောင်လွင်။ ။ ဟုတ်ကဲ့ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG