သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းဝအပ်ချုပ်ဆိုင်အိမ်ကူနှိပ်စက်မှု ဆိုင်ရှင်မိသားစု ၄ ဦးကို ထောင်ဒဏ် ၉ နှစ်ကနေ ၁၆ နှစ် အပြစ်ပေး


ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး
ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး

ရန်ကုန်မြို့ အင်းဝအပ်ချုပ်ဆိုင်မှာ အလုပ်လုပ်တဲ့ မိန်းကလေး၂ ဦး ညှင်းပန်းနှိပ်စက်ခံရတဲ့အမှုအတွက် ဆိုင်ပိုင်ရှင် မိသားစုဝင် ၄ ယောက်ကို ထောင်ဒဏ် ၁၀ နှစ်ထက်မနည်း ချမှတ်လိုက်ပါတယ်။ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေ အပြစ်ရှိသူ ၄ ယောက်ကို ထောင်ဒဏ် ၁၃ နှစ်ကနေ ၁၆ နှစ်အထိချမှတ်ခဲ့ပြီး။ ၂ ယောက်ကတော့ ကွင်းလုံးကြွတ်လွတ်သွားခဲ့ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အိမ်တွင်းအလုပ်သမားတွေကို အလုပ်သမားအဖြစ် အသိအမှတ်ပြုတဲ့ အလုပ်သမား ဥပဒေရှိဖို့လိုအပ်တယ်လို့ ပြောနေကြပါတယ်။အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် လမ်း ၄၀ မှာရှိတဲ့ အင်းဝအပ်ချုပ်ဆိုင်မှာ အလုပ်လုပ်တဲ့ ဆယ်ကျော်သက် မိန်းကလေး(၂) ဦး ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့အမှုအတွက် ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက်နေ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကနေ ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် မိသားစုဝင် ၄ ယောက်ကို ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မအပါအဝင် ပုဒ်မလေးခုနဲ့ ပစ်ဒဏ်အသီးသီး ချမှတ်ခဲ့တာပါ။ မိန်းကလေး ၂ ယောက် ညှင်းပမ်းနှိပ်စက်ခံရမှုအတွက် စုစုပေါင်း မိသားစုဝင် ၆ ယောက် တရားစွဲခံရပြီး ၂ ယောက်ကတော့ ကွင်းလုံးကြွတ်လွတ်ခဲ့ပါတယ်။ ဒီကနေ့ ချမှတ်ခဲ့တဲ့ အမိန့်တွေနဲ့ပါတ်သက်လို့ လွတ်မြောက်သွားတဲ့ အမှုသည်တွေရဲ့ အကျိူးဆောင် အထက်တန်းရှေ့နေ ဒေါ်နှင်းဆုအောင်ကပြောပါတယ်။

" ဒေါ်တင်သူဇာ ၁၆ နှစ်နဲ့ ၁ လ၊ ဆုမွန်လတ်က ၁၆ နှစ်နဲ့ ၁ လ၊ တင်မင်းလတ်က ၉ နှစ်နဲ့ ၁ လ ၊ ရာဇာထွန်းက ၁၃ နှစ်နဲ့ ၁ လ ။ ၄ယောက်ပေါ့နော် ပြစ်ဒဏ်ခံရတယ်။ ဦးကိုလတ်နဲ့ သီရိလတ်ကတော့ ပြစ်ဒဏ်ကနေ ကွင်းလုံးကျွတ်လွှတ်ပါတယ်။"

လူကုန်ကူးမှုတွင် အားပေးအားမြှောက်မှု၊ပူးပေါင်းကြံစည်မှု၊အပြင်းအထန်နာကျင်စေမှုမှာ အားပေးအားမြှောက်ပြုမှုတို့နဲ့ စွဲချက်တင်စစ်ဆေးခံနေတဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်ခင်သူဇာရဲ့ ခင်ပွန်းဟောင်း ဦးကိုလတ်နဲ့ သမီးကြီးဒေါ်သီရိလတ်တို့ကိုတော့ ကွင်းလုံးကျွတ်လွတ်မြောက်စေခဲ့တယ်လို့ သူတို့ရဲ့အကျိုးဆောင်ရှေ့နေ ဒေါ်နှင်းဆုအောင်ကပြောပါတယ်။

"သူတို့ ၂ ယောက်က အခင်းဖြစ်နေအိမ်မှာ နေတဲ့လူတွေမဟုတ်ဘူး။ လမ်း ၄၀ ပြဿနာတက်တဲ့အိမ်မှာ နေတဲ့လူတွေမဟုတ်ဘူး။သဇင်တို့ စန်းကေခိုင်တို့ဆိုတာလည်း သူတို့အိမ်ဖော်မဟုတ်ဘူး။ သူတို့က အခင်းဖြစ်နေတဲ့အချိန်မှာ သူတို့ အဲဒီမှာမရှိသလို သူတို့ကလည်း အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘာမှကို သိကိုမသိခဲ့တာ။ ကောင်မလေး ၂ ယောက် သဇင်တို့ စန်းကေခိုင်တို့ ရုံးအရှေ့ထွက်ချက်မှာလည်း ဒီ ၂ ယောက်ကမနေဘူးဆိုတာ ပေါ်လွင်တယ်ပေါ့နော် အဲဒါကြောင့်။"

အခုလို အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ညှင်းပန်းနှိပ်စက်ခံရမှုဖြစ်စဉ်မျိုးတွေဟာ မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှရှိနေတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမဲ့ ပြစ်မှုကျူးလွန်သူ လက်တစ်ဆုပ်စာလောက်ဘဲ တရားဥပဒေရှေ့မှောက်မှာ ရောက်လာကြတာပါ။ဒီလို ပြသနာမျိုးတွေ လျော့နည်းသွားဖို့ကိုတော့ ပြည်သူတွေ အသိဉာဏ် ဗဟုသုတ မြင့်မားအောင် ဘက်ပေါင်းစုံကနေ မြှင့်တင်ပေးတာ ၊ ပြစ်မှုပေါ်ပေါက်လာရင် ဘယ်လိုမျိုးနည်းဥပဒေတွေနဲ့ အရေးယူဆောင်ရွက်နိုင်မလဲဆိုတဲ့ မူဝါဒတွေကို ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ညီမျှခြင်းအဖွဲ့ ဒါရိုက်တာဦးအောင်မျိူးမင်းက အကြံပြုပါတယ်။

"အိမ်တွင်းအလုပ်သမားတွေကို ကျနော်တို့က အသိအမှတ်ပြုသော အလုပ်သမား ဥပဒေရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့တွေမှာ အိမ်အလုပ်သမားလို့တောင်မခေါ်ဘူးခင်ဗျ အိမ်အကူတို့ တချို့ဆိုရင် အိမ်ဖော်ဆိုတဲ့ အမည်မျိုးနဲ့ သတ်မှတ်ပြီးတော့ သူတို့ကို အလုပ်သမားအဖြစ် အသိအမှတ်မပြုတာ ရှိလာတယ်။ အဲဒီတော့ သူတို့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘာမှ အိမ်ရှင်ကလိုက်နာရမယ်ဆိုတာမျိုးတွေ၊ ထမင်းစား ကျွန်ခံ ဆိုတာမျိုး အလုပ်ချိန်လည်း အတိအကျ မရှိတာမျိုးဖြစ်လာတယ်။ အဲဒီတော့ တကယ်လို့ အလုပ်လုပ်မယ်ဆိုရင် အလုပ်သမားတယောက်ရဲ့ ရပိုင်ခွင့်တွေ ခံစားခွင့်တွေ၊ နောက်တခါ အလုပ်ရှင်နဲ့ အလုပ်သမားကြားထဲမှာ အပြန်အလှန်လေးစားရမယ့် စည်းမျဉ်းတွေကို အလုပ်သမား၊ အလုပ်ရှင် စည်းကမ်းအတိုင်း လုပ်ဆောင်ပြီးတော့ ဒါကို ကျနော်တို့ အသိအမှတ်ပြုနိုင်သော လုပ်ထုံးလုပ်နည်းတွေ ရှိဖို့လိုအပ်တယ်။ ဖြစ်လာလို့ရှိရင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ၊ ကလေးအခွင့်အရေးချိုးဖောက်မှုနဲ့ ထိရောက်စွာ အရေးယူနိုင်သော လုပ်ငန်းစဉ်တွေကို အလုပ်သမားဥပဒေမှာ ထည့်သွင်းဖော်ပြဖို့ ဒါကတော့ မဖြစ်မနေ လိုအပ်နေပါပြီ။"

ဆယ်ကျော်သက်မိန်းကလေး ၂ ယောက် ညှင်ပမ်းခံရတယ်ဆိုတာ လူသိရှင်ကြားသိခဲ့ရပြီးနောက် ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ အမှုကို စတင်စစ်ဆေးခဲ့တာပါ။ တစ်နှစ်ကျော်ကြာ စစ်ဆေးမှုတွေပြုလုပ်ပီး ဒီကနေ့မှာ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ဒီမိန်းကလေး ၂ ယောက် နှိပ်စက်ခံနေရတာကို မြန်မာနောင်းသတင်းအေဂျင်စီမှ သတင်း အယ်ဒီတာချုပ် ကိုဆွေဝင်းကစုံစမ်းသိရှိခဲ့ပြီး အမှုကိုဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG