သုံးရလွယ်ကူစေသည့် Link များ

iPhone 8 မိတ်ဆက်၊ လက်ဗွေခိုးမယ့် နည်းပညာနဲ့ အာကာသသိပ္ပံ အလုပ်အကိုင်


iPhone 8 နဲ့ 8Plus ဖုန်းအသစ်များ။

စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်ထုတ်ပြလိုက်ပြီဖြစ်တဲ့ Apple ကုမ္ပဏီရဲ့ iPhone အသစ် iPhone 8 မှာ ဘယ်လိုနည်းပညာအသစ်တွေ ပါလာသလဲဆိုတဲ့အကြောင်း၊ ဒစ်ဂျစ်တယ်လ် ဓာတ်ပုံတွေကနေ လူတွေရဲ့လက်ဗွေတွေကို ခိုးယူ လို့ ရနိုင်လောက်တဲ့ နည်းပညာ ပေါ်နေတဲ့အကြောင်းနဲ့ မျိုးဆက်သစ်ပညာရှင်တွေအတွက် အာကာသိပ္ပံကဏ္ဍမှာ အလုပ်အကိုင် အခွင့်အလန်းတွေ ပေါ်လာတော့မယ့် အကြောင်းတွေကို ဗွီအိုအေသတင်းထောက်တွေရဲ့ သတင်းလွှာတွေကိုစုစည်းပြီး ဒီသီတင်း ပတ် သိပ္ပံနဲ့ နည်းပညာကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

Apple ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့တဲ့ ကွယ်လွန်သူ Steve Jobs က ပထမဆုံး iPhone ကို ထုတ်ပေးခဲ့တာ ၁၀ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်ကတည်းက စမာ့တ်ဖုန်းဈေးကွက်မှာ တခြားကုမ္ပဏီတွေနဲ့ ပြိုင်ဆိုင်မှုက တိုက်ပွဲကြီးတခုလို ဖြစ်လာ တာပါ။ ကုမ္ပဏီတခုက တခြားကုမ္ပဏီထက် ပိုသာအောင် အသီးသီးကြိုးစားနေကြပါတယ်။ Samsung နဲ့ LG တို့က ဒီနှစ်အတွက် သူတို့ရဲ့ဖုန်းသစ်တွေ ထုတ်ထားပြီးပါပြီ။ ဒါကြောင့်လဲ iPhone 8 အပေါ် မျှော်လင့်ချက်တွေက သိပ်မြင့်နေပါတယ်။ iPhone အသစ်မှာ ဘာတွေများပါလာပါမလဲ ….

Smartphone အသစ်မှာ သုံးစွဲသူတွေအတွက် မရှိမဖြစ်တဲ့တခုခု မပါဘူးဆိုရင် ဖုန်းအသစ်ထုတ်တာ ဘာမှအဓိပ္ပါယ်ရှိမှာ မဟုတ် ပါဘူး။ လွန်ခဲ့တဲ့တနှစ်ကထွက်တဲ့ iPhone 7 ဟာ သူ့အရင် iPhone 6 ထက် နည်းနည်းပဲ ပိုကောင်းတာကြောင့် ပြိုင်ဘက်တွေက ခပ်မြန်မြန်ပဲ အသာရသွားကြပါတယ်။

Nicole Scott (Mobile Geeks) “ကုမ္ပဏီတိုင်းက သိပ်ကောင်းတဲ့ဖုန်းတွေ ထုတ်လာကြပြီး iPhone 7 မှာ ပါတာတွေထက် တကယ့်ကို ပိုကောင်းကြပါတယ်။ ဆိုတော့ မတရားကိုကောင်းပြီး အရည်အသွေးသာလွန်းတဲ့ ဖုန်းမျိုးဖြစ်မှပဲ တခြားဖုန်းတွေနဲ့ ကွဲပြားမှာပါ။”

အခုဟာ အားလုံးက ဥာဏ်တုလို့ခေါ်တဲ့ AI နဲ့ပတ်သက်တာချည်းပဲလို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ ပြီးခဲ့တဲ့အပတ်က ဘာလင်မှာလုပ်သွားတဲ့ နိုင်ငံတကာလျှပ်စစ်ပစ္စည်းပြပွဲမှာ တရုတ်ကုမ္ပဏီ Huawei က သူတို့ရဲ့ စမာ့တ်ဖုန်း ပရော်ဆက်ဆာ အသစ်ကို ထုတ်ပြခဲ့ပါတယ်။ အရင်က cloud မှာ လုပ်ခဲ့တဲ့အလုပ်တွေကို ဒီပရော်ဆက်ဆာအသစ်က လုပ်နိုင်ပြီလို့ဆိုပါတယ်။

Richard Yu (Huawei CEO) “ဒါကို neural ကွန်ယက် processor လို့ ကျနော်တို့ခေါ်ပါတယ်။ သိပ်ကိုသေးပါတယ်။ သေးလွန်း ပါတယ်၊ ဟုတ်တယ်မလား ? ဒါပေမဲ့ သူ့ထဲမှာ transistor ဘယ်နှလုံးပါလဲ မှန်းကြည့်နိုင်မလား ? ခန့်မှန်းကြည့်ပါ ? … ဒီလောက် သေးတဲ့ chip ပြားလေးထဲမှာ transistor ပေါင်း ၅.၅ ဘီလီယံ ပါပါတယ်။”

Cloud ကနေလုပ်တာက Apple ရဲ့ Siri နဲ့ Google ရဲ့ Ok Google တို့ အလုပ်လုပ်တာကို နည်းနည်းတော့ နှေးစေပါတယ်။

Nicole Scott: “အဲဒါတချို့ကို ဖုန်းပေါ်မှာ ရလာမယ်ဆိုရင် နှောင့်နှေးတာ ပိုနည်းသွားပြီး ဖုန်းရဲ့လုပ်နိုင်စွမ်း အများကြီး ပိုပြီး ထက်မြက်လာမှာပါ။”

အဲဒါအပြင်တော့ iPhone အသစ်မှာ မျက်နှာပြင်အပြည့် OLED screen နဲ့ wireless နည်းနဲ့အားသွင်းတာ ပါလာမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အဲဒါတွေက တခြားဖုန်းတွေမှာ ပါထားပြီးသားပါ။

ကြီးမားတဲ့အချက်တခုအနေနဲ့ ပါလာဖွယ်ရှိတာကတော့ သိပ်မြန်ပြီး အတိအကျနဲ့ လူ့မျက်နှာကို မှတ်ထားနိုင်တဲ့စွမ်းရည်ဖြစ်ပြီး လက်ဗွေနဲ့ဖွင့်ရတာ အဆုံးသတ်သွားမှာပါ။ ဒါပေမဲ့ Apple ပစ္စည်းတွေရဲ့ အရေးကြီးတဲ့ နောက်အချက်တခုကိုလဲ ကျွမ်းကျင်သူ တွေက ထောက်ပြကြပါတယ်။

Michael Josh Villanueva (Gadget Match Website) “ရိုးရိုးလေးနဲ့ လူတွေ အသုံးပြုရလွယ်ကူအောင် လုပ်ထားတာပါ။ အဲဒါက ပိုအရေးကြီးပါတယ်။ အဲဒါဟာ Apple က သိပ်ကို ကောင်းကောင်းလုပ်နိုင်တဲ့ကိစ္စပါ။”

စက်တင်ဘာလ ၁၂ ရက်နေ့မှာ iPhone အသစ်နဲ့အတူ Apple ရဲ့ တခြားထုတ်ကုန်တွေလဲ ထွက်လာခဲ့ပါတယ်။

လက်ဗွေတွေဟာ နေရာအမျိုးမျိုးမှာ ကျန်နေနိုင်တယ်ဆိုတာ ကျနော်တို့သိထားပါတယ်။ ဒါပေမဲ့ အခုတော့ ဒစ်ဂျစ်တယ်လ် ဓာတ်ပုံကနေ လက်ဗွေတွေကို ခိုးယူလို့ရတဲ့ နည်းပညာရှိနေပါပြီ။

နိုင်ငံရေးသမားတွေ၊ အဆိုတော်တွေနဲ့ အားကစားသမား အကျော်အမော်တွေအပါအ၀င် လူပေါင်းများစွာဟာ ငြိမ်းချမ်းရေး သင်္ကေတ ဒါမှမဟုတ် V သင်္ကေတအဖြစ် လက်နှစ်ချောင်းထောင်ပြီး ရိုက်ထားတဲ့ဓာတ်ပုံ သန်းပေါင်းများစွာကို လူမှုကွန်ယက် စာမျက်နှာတွေမှာ နေ့စဉ်တင်နေကြပါတယ်။

အဲဒီလက်တွေပေါ်က လက်ဗွေရာတွေကို သုံးမီတာထိအကွာကနေ ဒစ်ဂျစ်တယ်ကင်မရာ ကောင်းကောင်းသုံးပြီးတော့ ဓာတ်ပုံက နေ ခိုးယူလို့ရတယ်ဆိုတာ ဂျပန်သုတေသီတွေ တွေ့လိုက်ကြပါတယ်။ ရလဒ်က လုံးဝနီးပါး တူညီပါတယ်။

Isao Echizen (Japan’s National Institute of Informatics) “ဈေးကွက်ထဲက ကင်မရာကိုသုံးပြီး လက်ဗွေပေါ်မှာအခြေခံတဲ့ အချက်အလက်ကို ထုတ်ယူတာ ကမ္ဘာမှာ ကျနော်တို့ပထမဆုံးပါပဲ။”

ဒါပေမဲ့ မပူပါနဲ့၊ ဒီသုတေသီတွေကပဲ ဖြေရှင်းနည်းထုတ်ထားပါတယ်။ လက်ဗွေတွေကို ခိုးယူလို့မရအောင် လက်ချောင်းနဲ့ဆန့်တဲ့ biometric အကာလေးတွေကို ထုတ်ထားပါတယ်။ အဲဒီစတစ်ကာအကြည်လေးတွေကို လက်သည်းအလှပြင်ပြားနဲ့ acrylic ဆေးဖြူသုံးပြီး လုပ်ထားတာပါ။

ဒါက ခုထိတော့ တကယ်မရှိသေးတဲ့ ပြဿနာတခုအတွက် အဖြေတရပ်ပါ။

ဓာတ်ပုံတွေကနေ ဟက်ကာတွေက လက်ဗွေတွေကို ခိုးယူနေတဲ့ အထောက်အထား မရှိသေးပေမဲ့ လုပ်လာနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။

Isao Echizen 2: “လက်ဗွေအခိုးခံရမယ်၊ မိတ္တူပွားနိုင်မယ်ဆိုရင် အတုတွေ ထုတ်လာနိုင်မှာပါ။ ဒါကိုသုံးပြီး ဖုန်းကိုဖွင့်ဖို့ ဒါမှမဟုတ် အိမ်ခန်းလို ကန့်သတ်နေရာတခုကို ၀င်ဖို့အတွက် တခြားလူတယောက်အဖြစ် ဟန်ဆောင်နိုင်ပါတယ်။”

Biometric အကာလေးတွေကို အနည်းဆုံး နောက်နှစ်နှစ်အတွင်းတော့ ဈေးကွက်ထဲရဦးမှာ မဟုတ်ပါဘူး။

အမေရိကန်မြေပေါ်ကနေ အမေရိကန်နိုင်ငံသားတွေကို အာကာသထဲပို့ပေးမယ့် ဒုံးယာဉ်တွေဟာ အာကာသသိပ္ပံ ဘာသာရပ်မှာ အလုပ်အကိုင်သစ်တွေ ပေါ်လာနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အာကာသလွန်းပျံယာဉ် အစီအစဉ်ကို ရပ်လိုက်ပြီးကတည်းကဆိုရင် ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါလိမ့်မယ်။

Voyager 2 အာကာသယာဉ်က ကျနော်တို့ နေစနစ်ရဲ့ အပြင်ဘက်အစွန်းကို ချဉ်းကပ်နေပြီး Cassini အာကာသယာဉ်က စနေ ဂြိုဟ်ရဲ့လေထုထဲကို စပြီး ၀င်ရောက်နေချိန်မှာပဲ United Launch Alliance ဒုံးယာဉ်စက်ရုံက လုပ်သားတွေဟာ အမေရိကန် အာကာသစူးစမ်းလေ့လာရေး နောက်တဆင့်အတွက် ပြင်ဆင်နေကြပါပြီ။

Anton Kolomiets 1 (United Launch Alliance Mechanical Engineer) “ဒီ ဒုံးယာဉ်စက်ရုံထဲ နေ့တနေ့ရဲ့ အချိန်တခုမှာ လုပ်ငန်းပေါင်း ၂၃ ခု ၂၄ ခုလောက်ကို လုပ်နေတာပါ။”

သမားရိုးကျအားဖြင့် ကုန်တွေ၊ သိပ္ပံစူးစမ်းလေ့လာရေး စက်ရုပ်တွေသယ်သွားတဲ့ Atlas နဲ့ Delta လို ဒုံးယာဉ်တွေကို United Launch Alliance က ဆောက်ပေးတာပါ။

Anton Kolomiets: “လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ခရီးစဉ် ၁၅၀ ကျော်အတွက် ဒုံးယာဉ်တွေကို United Launch Alliance က တပ်ဆင်ပြီး လွှတ်တင်ပေးခဲ့ပါတယ်။ Curiosity Rover ကိုလွှတ်တင်ခဲ့တဲ့ အင်္ဂါဂြိုဟ် သိပ္ပံဓာတ်ခွဲခန်းဆိုင်ရာလုပ်ငန်းကနေ Juno Mission ထိပါပါတယ်။ အခုတော့ လူမောင်းတဲ့ အာကာသယာဉ်ဘက်ကို ပိုလုပ်လာနေပြီး ဒီလိုအာကာသယာဉ်မျိုးတွေ အမေရိကန်မြေပေါ် ပြန်ရောက်လာဖို့ လုပ်နေပါတယ်။”

ဒီအခြေအနေက အာကာသယာဉ်မှူးတွေကို အာကာသကနေ အသွားအပြန်ပို့ပေးဖို့ ပစ္စည်းတွေနဲ့စနစ်တွေကို စပြီး ထုတ်လုပ်ဖို့ ရာ ငယ်ရွယ်တဲ့ အာကာသနည်းပညာ အင်ဂျင်နီယာတွေ၊ သိပ္ပံပညာရှင်တွေအတွက် လမ်းပွင့်သွားစေမှာပါ။

Shannon Coggin (United Launch Alliance Production Integration Specialist) “ဒါက ရာဇ၀င်ကို ထုဆစ်နေတာပါ။ ဒါဟာ Apollo ကာလ မျိုးဆက်သစ်ပါပဲ။ နောက်မျိုးဆက်တွေ အာကာသနဲ့ ပြန်ပြီးကျွမ်းဝင်လာဖို့၊ စီးပွားဖြစ် အာကာသစူးစမ်းလေ့လာ ရေး အနာဂတ်မှာ သူတို့ရဲ့လမ်းကိုဖောက်ဖို့ရာ သူတို့လုပ်နိုင်တာကို တကယ်ပဲစမ်းသပ်ဖို့ အားပေး လှုံ့ဆော်ပါတယ်။”

လူပါတဲ့အာကာသယာဉ်တစင်းအပါအ၀င် စမ်းသပ်ပျံသန်းမှုအများအပြားကို နောက်နှစ်မှာလုပ်ဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG