သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူသဘောတူညီချက်ကနေ ကန်နုတ်ထွက်


အီရန် Nuclear ထိန်းချုပ်ရေးအတွက် နိုင်ငံတကာနဲ့ ၂၀၁၅ ခုနှစ်က ရရှိထားတဲ့ သဘောတူညီချက်ထဲကနေ အမေရိကန်ပြည်ထောင်စု နုတ်ထွက်မယ်လို့ သမ္မတ Donald Trump ကကြေညာလိုက်ပါတယ်။ ဒီသဘောတူညီချက်က အီရန် Nuclear ဗုံးလက်နက်ထုတ်လုပ်နေတာကို တားဆီးနိုင်ခြင်းမရှိဘူးလို့ သမ္မတ Trump ကပြောပါတယ်။ အမေရိကန်အနေနဲ့ အီရန်အပေါ် ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေလုပ်သွားမယ်လို့လည်း ပြောကြားသွားပါတယ်။ အီရန်နိုင်ငံကတော့ သဘောတူညီချက်ထဲမှာ ဆက်ရှိနေမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်နိုင်ငံတို့အပြင် EU ဥရောပသမဂ္ဂ၊ ဂျာမနီနိုင်ငံတို့နဲ့ အီရန်နိုင်ငံကြား ၂၀၁၅ ခုနှစ်ကချုပ်ဆိုခဲ့တဲ့ အီရန် Nuclear သဘောတူညီချက် JCPOA ကနေ အမေရိကန်ပြည်ထောင်စု နှုတ်ထွက်မယ်လို့ သမ္မတ Donald Trump အင်္ဂါနေ့ကကြေညာခဲ့ပါတယ်။ ညှုှှိုနှိုင်းခဲ့ထဲက ဟာကွက်တွေရှိခဲ့တဲ့ ယိုယွင်းပျက်စီးနေတဲ့ သဘောတူညီချက်လို့ သမ္မတက ဖော်ပြပြောဆိုခဲ့ပြီး ဒီသဘောတူညီချက်ကို အီရန်က အပြည့်အဝလိုက်နာတယ်ဆိုရင်တောင် အီရန်အစိုးရအနေနဲ့ အချိန်တိုတွင်းမှာ Nuclear ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့အခြေအနေဖြစ်အောင် လုပ်နိုင်စွမ်းရှိတာကြောင့် အမေရိကန် နှုတ်ထွက်တယ်လို့ခုလို ကြေညာသွားပါတယ်။

"အီရန် Nuclear သဘောတူညီချက်ကနေ အမေရိကန်ပြည်ထောင်စု နှုတ်ထွက်မယ်ဆိုတာကို ကျွန်တော်ဒီနေ့ ကြေညာပါတယ်။ Nuclear အစီအစဉ်တွေကြောင့် ချမှတ်တဲ့ အီရန်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေကို ပြန်ပြီးချမှတ်မယ့် သမ္မတ အမိန့်စာကို မကြာခင်မှာ ကျွန်တော် လက်မှတ်ထိုးပါမယ်။"

ခုလိုသမ္မတ Trump ကသဘောတူညီချက်နေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပေမဲ့ အီရန်နိုင်ငံကတော့ သဘောတူညီချက်ထဲမှာ ဆက်လက်ပါဝင်နေမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ သဘောတူညီချက်ထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံတွေနဲ့ အီရန်က ညှိုနှိုင်းဆောင်ရွက်သွားမယ်လို့ အီရန်သမ္မတ Hassan Rouhani က ကြေညာခဲ့ပါတယ်။

"ဥရောပသမဂ္ဂနိုင်ငံတွေ။ တရုတ်။ ရုရှားတို့နဲ့ လာမယ့်သီတင်းပါတ်တွေအတွင်း ညှိုနှိုင်းဆွေးနွေးဖို့ နိုင်ငံခြားရေးဌာနကို ကျွန်တော်ညွှန်ကြားထားပါတယ်။ JCPOA သဘောတူညီချက်အရ နိုင်ငံတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်လို့ အီရန်က အပြည့်အဝ အကျိုးအမြတ်ရနိုင်မယ်လို့ ကောက်ချက်ချနိုင်မယ်ဆိုရင် ဒီသဘောတူညီချက်ထဲမှာ အီရန်ကဆက်ပြီးပါဝင်မှာဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို အကာအကွယ်မပေးနိုင်ဘူးဆိုရင်တော့ ဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို ကြေညာပါမယ်။"

၂၀၁၅ ခုနှစ်က အီရန်နဲ့ Nuclear သဘောတူညီမှုရအောင်လုပ်နိုင်ခဲ့တာဟာ အမေရိကန်သမ္မတဟောင်း Barack Obama ရဲ့ နိုင်ငံခြားရေး မူဝါဒအောင်မြင်မှုတခုအဖြစ် လေ့လာသူတွေက သုံးသပ်ထားကြတာပါ။ အခု ဒီသဘောတူညီမှုကနေ အမေရိကန်ပြည်ထောင်စု နှုတ်ထွက်တာဟာ ကြီးမားတဲ့ အမှားဖြစ်တယ်လို့ သမ္မတဟောင်း Barack Obama ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အီရန်ဖက်က ချိုးဖောက်မှုမရှိဘဲ JCPOA သဘောတူညီချက်ထဲက နှုတ်ထွက်ခဲ့တာဟာ သဘောတူညီချက်အတွက် အန္တရာယ်များသလို ကြီးမားတဲ့အမှားဖြစ်တယ်လို့ Mr. Obama က ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။ ဒါတင်မက အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတွေကို ကျောခိုင်းလိုက်တာဖြစ်သလို အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းသံတမန်တွေ၊ သိပ္ပံပညာရှင်တွေ၊ အချက်အလက်စုံစမ်းထောက်လှမ်းတဲ့နေရာမှာ ကျွမ်းကျင်သူတွေ ညှိုနှိုင်းရယူခဲ့တဲ့ သဘောတူညီချက်ကို မျက်ကွက်ပြုလိုက်တာလည်းဖြစ်တယ်လို့ သမ္မတဟောင်း Barack Obama ကကြေညာချက်ထဲမှာ ပြောကြားခဲ့ပါတယ်။ ဒီသဘောတူညီမှုရရှိဖို့ အမေရိကန်နဲ့အတူ အားထုတ်ကြိုးပမ်းခဲ့တဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံတို့ကတော့ အီရန်သဘောတူညီမှုကနေ အမေရိကန်နှုတ်ထွက်တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့ တုံ့ပြန်ပါတယ်။ ဒီသဘောတူညီမှုအတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့က ပူးတွဲကြေညာချက်ထုတ်ပြန် ကတိပြုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပါတ်တွေအတွင်း သမ္မတ Macron နဲ့ ဝန်ကြီးချပ် Merkel တို့ ဝါရှင်တန်ကို လာပြီး သမ္မတ Trump ကိုတွေ့ဆုံ နားချခဲ့ကြပါသေးတယ်။ သမ္မတ Trump နှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ EU ဥရောပသမဂ္ဂကတော့ အီရန်နျူကလီးယား သဘောတူညီချက်အတိုင်း သံဓိဌာန်ခိုင်မာစွာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Federica Mogherini ကလည်း ခုလိုပြောကြားခဲ့ပါတယ်။

"အီရန် Nuclear သဘောတူညီချက်ဟာ ဥရောပ သာမက တကမ္ဘာလုံးရဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့ သဘောတူညီချက်ဖြစ်ပါတယ်။ သဘောတူညီချက်ထဲမှာ ကတိပြုထားတဲ့အတိုင်း အခုလုပ်နေသလို အီရန်က ဆက်လက်ဆောင်ရွက်သွားမယ်ဆိုရင် ဥရောသမဂ္ဂကလည်း သဘောတူညီချက်ကို အပြည့်အဝ ထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ဖို့ ဆက်လက်ကတိပြုဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

သမ္မတ Donald Trump ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သူ့အနေနဲ့ အင်မတန်စိုးရိမ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကကြေညာချက်ထုတ်ပြန်ခဲ့ပြီး စာချုပ်ထဲမှာ ဆက်လက်ပါဝင်နေတဲ့ နိုင်ငံတွေအနေနဲ့ သဘောတူညီထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG