သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်စစ်ရေးပြပွဲ သေနတ်သမားတိုက်ခိုက်မှု လူ ၂၀ ကျော်သေ


အီရန်အနောက်တောင်ပိုင်း Ahvaz မြို့တိုက်ခိုက်မှုအတွင်း စစ်သားအများအပြားသေဆုံး ဒဏ်ရာရတဲ့မြင်ကွင်း။
အီရန်အနောက်တောင်ပိုင်း Ahvaz မြို့တိုက်ခိုက်မှုအတွင်း စစ်သားအများအပြားသေဆုံး ဒဏ်ရာရတဲ့မြင်ကွင်း။

ဒီကနေ့ကျင်းပတဲ့ အီရန်နိုင်ငံစစ်ရေးပြပွဲကို သေနတ်သမားက တိုက်ခိုက်တာကြောင့် လူ ၂၄ ဦး ထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရသွားတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဖေါ်ပြပါတယ်။ သေဆုံးသူအများစုဟာ အီရန်လက်ရွေးစင် ပြည်စောင့်တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး သတင်းထောက် တဦးလည်း သေဆုံးခဲ့ကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။

အီရန်အနောက်တောင်ပိုင်း Khuzestan ပြည်နယ်က Ahvaz မြို့က ဒီတိုက်ခိုက်မှုနဲ့ ပတ်သတ်လို့ ဘယ်သူကမှ သူတို့ လက်ချက်လို့ ပြောဆိုတာမျိုး မရှိသေးပါဘူး။ စစ်ရေးပြပွဲကျင်းပနေစဉ်အတွင်း သေနတ်သမားက လူအုပ်ထဲကို ဆက်တိုက်ပစ်ခတ်ခဲ့တာကိုလည်း တွေ့ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖြစ်ပွါးပုံအသေးစိတ်နဲ့ပတ်သက်ပြီး သတင်းမျိုးစုံလည်း ထွက်ပေါ်နေပါတယ်။ သေနတ်သမား ၂ ဦး ကို သုတ်သင်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောဆိုတာတွေရှိသလို တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ ၂ ဦးကို ဖမ်းဆီးထားကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ၁၉၈၀ ကနေ ၈၈ ခုနှစ် အထိ အီရတ်နဲ့ ဖြစ်ပွါးခဲ့တဲ့ စစ်ပွဲအထိမ်းအမှတ် စစ်ရေးပြချီတက်ပွဲကို ကြည့်ရှုနေကြတဲ့ အီရန် ထိပ်တန်း ခေါင်းဆောင်တွေရှိရာ စင်မြင့်ဆီ သေနတ်သမားတွေက ပစ်မှတ်ထား တိုက်ခိုက်ကြ တာလို့လည်း အီရန်နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammed Javad Zarif က ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက် သမား တွေကို ဒေသတွင်းမှာ အားပေးအားမြှောက်ပြုသူတွေနဲ့ သူတို့ကိုညွှန်ကြားစေခိုင်းနေတဲ့ အမေရိကန်အပေါ် ပြစ်တင်ဝေဖန်ပါတယ်။ အီရန်က ဒေသတွင်း အကြမ်းဖက်သမားတွေကို အားပေးသူတွေအဖြစ် ဆော်ဒီအာရေး ဘီးယားနဲ့ အစ္စရေးကို သတ်မှတ်ထားတာပါ။

တိုက်ရိုက် လင့်ခ်

https://burmese.voanews.com/a/iran-parade-attack-ahvaz-/4582765.html

XS
SM
MD
LG