အီရန်တက္ကသိုလ်တွေမှာ သိပ် အနောက်တိုင်း ဆန်လွန်းတယ်ဆိုတဲ့ ဘာသာရပ် သင်ကြားမှုတွေကို အစိုးရက တင်းကျပ်လိုက်ပါတယ်။
လူ့အခွင့်အရေးနဲ့ အမျိုးသမီးရေးရာ ဘာသာရပ်တွေ အပါအဝင် လူမှုသိပ္ပံ ဘာသာရပ်ပေါင်း ၁၂ ခုအတွက် တက္ကသိုလ်တွေမှာ ဌာနသစ်တွေ ဖွင့်ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ပညာရေးဌာန ထိပ်တန်း တာဝန်ရှိသူ တယောက်က အီရန် သတင်းမီဒီယာတွေကို တနင်္ဂနွေနေ့က ပြောလိုက်တာပါ။
အဲဒီ ဘာသာရပ်ပေါင်း ၁၂ ခုရဲ့ သင်ရိုးညွှန်းတမ်းတွေကိုလည်း တာဝန်ရှိသူတွေက ပြန်လည်သုံးသပ် ပြင်ဆင်သွားမယ်လို့ ပြောပါတယ်။
အခုလို တင်းကျပ်လိုက်တဲ့ထဲမှာ အကျုံးဝင်တဲ့ တခြား ဘာသာရပ်တွေကတော့ ဥပဒေပညာ၊ စီမံခန့်ခွဲမှုပညာ၊ စိတ်ပညာ၊ ဒဿနဗေဒနဲ့ နိုင်ငံရေးသိပ္ပံ ဘာသာရပ်တွေ ဖြစ်ပါတယ်။
ဘာသာရေးအရ သံသယဖြစ်နိုင်တဲ့ ဘာသာရပ်တွေကို ပြန်လည်မွမ်းမံ ပြင်ဆင်ဖို့ အီရန် ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) က တာဝန်ရှိသူတွေကို တိုက်တွန်းခဲ့တာပါ။
အီရန်နိုင်ငံက တက္ကသိုလ်ကျောင်းသူ ကျောင်းသား ၃ သန်းခွဲထဲမှာ ၂ သန်းလောက်က လူမှုသိပ္ပံ ဘာသာရပ်တွေနဲ့ လူမှုအကျိုးပြု ဘာသာရပ်တွေကို တက်ရောက် သင်ကြားကြတယ်လို့ အစိုးရရဲ့ တက္ကသိုလ်ဝင်ခွင့် ကိန်းဂဏန်းတွေအရ သိရပါတယ်။