သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်စစ်သွေးကြွ ဒုတိယမြို့ဆက်သိမ်း


အီရတ်နိုင်ငံ Mosul မြို့ကို အင်္ဂါနေ့တုန်းက သိမ်းယူလိုက်တဲ့ အစ္စလာမ်စစ်သွေးကြွတွေဟာ ဘဂ္ဂဒတ်နဲ့ ကီလိုမီတာ ၂၀၀ လောက်ပဲ ဝေးတဲ့ Tikrit ကို သိမ်းယူလိုက်ပြန်တယ်လို့ အီရတ်လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

Islamic State of Iraq and the Levant လို့ခေါ်တဲ့ အဲဒီသူပုန်အဖွဲ့ဟာ Mosul မြို့ တောင်ဘက်ခြမ်းထိ တိုးလာပြီး၊ အီရတ်နိုင်ငံမှာ အကြီးဆုံး ရေနံချက်စက်ရုံရှိတဲ့ Tikrit မြို့ကို သိမ်းယူလိုက်တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီမြို့ဟာဆိုရင် သေဆုံးသွားပြီဖြစ်တဲ့ အီရတ်အာဏာရှင် ဆဒမ်ဟူစိန်ရဲ့ မွေးဇာတိမြို့လည်း ဖြစ်ပါတယ်။

အဲဒီမြို့မှာတော့ စစ်သွေးကြွတွေဟာ ရဲစခန်းအတော်များများကို သိမ်းယူထားပြီး၊ မြို့အုပ်ချုပ်ရေးမှူးကတော့ ပျောက်ဆုံးနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အစောပိုင်းနာရီတုန်းကတော့ ဆူနီစစ်သွေးကြွတွေဟာ Beiji မြို့ကို ဝင်ရောက်ပြီး ရဲစခန်းနဲ့ တရားရုံးကို မီးတင်ရှို့ခဲ့ပါတယ်။

အီရတ်နိုင်ငံရဲ့ အကြီးဆုံး ရေနံချက်စက်ရုံကို လုံခြုံရေးယူထားတဲ့ အစောင့် ၂၅၀ လောက်ကို သူပုန်တွေက တိုက်ထုတ်ခဲ့ပါတယ်။ တချိန်တည်းမှာတော့ အီရတ်ရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ Mosul မြို့ကို စစ်သွေးကြွတွေ သိမ်းထားဆဲပါ။ ဝန်ကြီးချုပ် Nouri al-Maliki နဲ့ Ninevah ပြည်နယ်အုပ်ချုပ်ရေးမှူး Athil Nujeifi တို့ နှစ်ဦးစလုံးကတော့ ဒေသခံတွေအနေနဲ့ မြို့ကို ပြန်သိမ်းယူကြဖို့ဆိုပြီး တိုက်တွန်းနေပါတယ်။

ဒါ့အပြင် စစ်အခြေစိုက် စခန်းတွေကို စွန့်ခွာပြီး Mosul ကို ထွက်ပြေးသွားကြတဲ့ အီရတ်စစ်ဘက် တာဝန်ရှိသူတွေကိုလည်း ဝန်ကြီးချုပ် Maliki က ပြစ်တင်ဝေဖန်ပါတယ်။ သူတို့ဟာ ပုန်ကန်ထကြွမှုရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်ဆိုပြီးတော့ မိန့်ခွန်းထဲမှာ ထည့်သွင်း ဝေဖန်သွားတာပါ။

Mosul မြို့မှာ နောက်ထပ် အကြမ်းဖက်မှုတွေဖြစ်လာမှာ စိုးရိမ်တာကြောင့် လူပေါင်း ၅ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ IOM ခေါ်တဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
XS
SM
MD
LG