သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဂ္ဂဒက်မြို့တော် တိုက်ခိုက်မှု ၁၅၀ ခန့်သေဆုံး


အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် အသေခံကားဗုံးခွဲမှု ( ဇွန် ၀၉၊ ၂၀၁၆)
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် အသေခံကားဗုံးခွဲမှု ( ဇွန် ၀၉၊ ၂၀၁၆)

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်မှာ တနင်္ဂနွေနေ့က အသေခံကားဗုံးခွဲ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၄၉ ယောက်ထက်မနည်း ရှိခဲ့ကြောင်း အစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောဆိုလိုက်ကြပါတယ်။ ဘဂ္ဂဒက်မြို့တော် Karrada အရပ်က လူစည်ကားရာ ဈေးထဲမှာ Shi'ite မူဆလင်တွေကို ပစ်မှတ်ထားခဲ့တဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်းလည်း IS စစ်သွေးကြွတွေက ကြေညာခဲ့ကြတာပါ။

တိုက်ခိုက်မှုဟာ ဒီနှစ်ထဲမှာ အသေအပျောက် အများဆုံး ဖြစ်ခဲ့သလို၊ ဆယ်စုနှစ်တခုအတွင်း အဆိုးဆုံး ဗုံးခွဲတိုက်ခိုက်မှု တခုလည်း ဖြစ်ခဲ့ပါတယ်။ လူပေါင်း ၁၉၂ ယောက်ထက် မနည်းဟာလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြသလို၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး သမားတွေက ပြာတွေ၊ အပျက်အစီးတွေကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်တာကြောင့် ထိခိုက်သေဆုံးသူ အရေအတွက်ဟာ ပိုတိုးလာနိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘဂ္ဂဒက်မြို့တော်မှာ လုံခြုံရေး ပိုမိုတင်းကျပ်ဖို့ ဝန်ကြီးချုပ် Haider al-Abadi က အမိန့်ပေး ညွှန်ကြားခဲ့ပေမဲ့လည်း၊ မြို့ခံတွေ ဘေးကင်းလုံခြုံမှုရှိအောင် အစိုးရက မစွမ်းဆောင်နိုင်တဲ့ အပေါ်မှာ ဒေါသထွက်မကျေမနပ် ဖြစ်နေသူတွေကတော့ လမ်းတွေပေါ် ထွက်လာခဲ့ကြတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ လူ့အသက်တွေကို တန်ဘိုးမထားကြောင်း ပြသခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု ကျုးလွန်သူတွေရဲ့ လုပ်ရပ်အပေါ် ထိတ်လန့် တုန်လှုပ်မိကြောင်း ပြောဆိုခဲ့ပါတယ်။

အီရတ်နိုင်ငံမှာ စိုးရိမ်ကြောက်ရွံ့မှုတွေ ပျံ့နှံ့အောင် လုပ်နေတာတွေ၊ ညီညွတ်မှုကို ထိပါးစေမယ့် လုပ်ရပ်မျိုးတွေကို အီရတ်လူထုအနေနဲ့ လက်မခံပဲ ဆန့်ကျင်ကြဖို့ ကုလသမဂ္ဂ အကြီးအကဲက တိုက်တွန်းကြောင်းလည်း၊ တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချတဲ့ကြေညာချက်မှာ အတွင်းရေးမှူးချုပ် ရဲ့ ပြောခွင့်ရက ဖော်ပြခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် Ned Price ကလည်း IS စစ်သွေးကြွတွေကို ခြေမှုန်းဖို့ ပူးပေါင်းကြိုးပမ်းမှုတွေမှာ အီရတ်နိုင်ငံနဲ့ ဆက်လက်ပြီး အခိုင်အမာ ရပ်တည်သွားမှာဖြစ်ကြောင်း တနင်္ဂနွေနေ့ကပဲ ပြောဆိုခဲ့ တာပါ။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် IS စစ်သွေးကြွတွေလက်က နယ်မြေတွေ ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ အီရတ်တပ်တွေကို ပံ့ပိုးကူညီဖို့ အမေရိကန်ရဲ့ ပိုင်းဖြတ်ချက်တွေကို ပိုမိုခိုင်မာလာစေတယ် လို့လည်း ပြောဆိုခဲ့ပါတယ်။ IS စစ်သွေးကြွတွေဟာ အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက နယ်မြေ တော်တော်များများကို လွန်ခဲ့တဲ့ ၂ နှစ်က သိမ်းပိုက်ခဲ့ကြတာပါ။

အခုအခါမှာတော့ အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေရဲ့ လေကြောင်း စစ်ကူတွေနဲ့အတူ အီရတ်တပ်တွေရဲ့ ထိုးစစ်တွေကြောင့် ပြီးခဲ့တဲ့လထဲ ပြန်လည် သိမ်းပိုက်ခဲ့တဲ့ ဖာလူဂျာမြို့ အပါအဝင် နယ်မြေတော်တော်များများ ကို ပြန်လည်စိုးမိုးနိုင်ခဲ့ကြပေမဲ့လည်း မိုဆူးမြို့အပါအဝင် အဓိကမြို့ကြီး တွေကိုတော့ စစ်သွေးကြွတွေက ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဘဂ္ဂဒက်မြို့တော် တိုက်ခိုက်မှု ၁၅၀ ခန့်သေဆုံး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG